၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး ခုခံတော်လှန်မှုများကို ရင်ဆိုင်ရသည့် မြန်မာစစ်တပ်သည် မြို့ပေါင်း ၅၀ ကျော်မှ ဆုတ်ခွာပေးရသည်အထိ သမိုင်းတွင် မကြုံစဖူး အထိနာသွားသော်လည်း ပြီးခဲ့သည့်လအတွင်း စစ်ဆင်ရေး အောင်မြင်မှုအချို့ ပြန်ရလာသည်။
၄ နှစ်အတွင်း စစ်ဌာနချုပ်ကြီး ၂ ခု ကျသွားခြင်း၊ မြို့အများအပြားကို ထိန်းချုပ်နိုင်မှု လက်လွှတ်လိုက်ရခြင်း၊ တိုက်ပွဲများတွင် အရာရှိကြီးများအပါအဝင် ရာနှင့်ချီသည့် စစ်သားများ လက်နက်ချခြင်း စသည့် အထိနာမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ မန္တလေးတိုင်းအထက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးအသာစီး ပြန်ရလာသည်ကို တွေ့မြင်ရသည်။
အာဏာသိမ်းတပ် ထိုသို့ ခေါင်းပြန်ထောင်လာနိုင်သည်မှာ တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်ခြင်း၊ လက်နက်ခဲယမ်း ခက်ခဲလာသော တော်လှန်ရေးအဖွဲ့များ စုစည်းညီညွတ်မှု မရနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ စစ်တပ်ကို ရင်ဆိုင်နေရသည့်အဖွဲ့များ အလျင်အမြန် ပူးပေါင်းဆောင်ရွက်မှု မပြုလျှင်၊ အင်အား ပြန်လည်မတည်ဆောက်နိုင်လျှင် လာမည့်နှစ်များအတွင်း ဆုံးရှုံးမှု ပိုမို ကြီးမားမည့်အခြေအနေ ဖြစ်လာနိုင်သည်။
စစ်တပ် ပြန်လည်သိမ်းယူနိုင်ခဲ့သော မြို့များနှင့် အောင်မြင်မှု အချို့
စစ်တပ်သည် ဇူလိုင်လအတွင်း စစ်ရေးအောင်မြင်မှု ခြောက် ခုအထိ ရှိလာသည်ကို Myanmar Now က လေ့လာတွေ့ရှိရသည်။ စစ်တပ်၏ စစ်ရေးအောင်မြင်မှု ခြောက်ခုတွင် မြို့ သုံး မြို့ ပြန်သိမ်းနိုင်ခြင်း၊ စစ်ရေးအရ အရေးပါသော လမ်းပိုင်းနှင့် ကျေးရွာသိမ်းပိုက်နိုင်ခြင်းတို့ ပါဝင်သည်။
ထို့အပြင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မဟာမိတ်များက က ၈ လကျော် ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်း စစ်တပ်က အသာစီးပြန်ယူလာသည်။
KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့လက်ထဲပါသွားခဲ့သည့် အမှတ် (၃၆၆) အမြောက်တပ်နှင့် ဗန်းမော်လေဆိပ်ကို ဩဂုတ်လ ၁၁ ရက်ဝန်းကျင်တွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များက ပြန်လည်သိမ်းပိုက် လိုက်သည်။
စစ်တပ်အတွက် ပထမ အောင်မြင်မှုမှာ မိုးဗြဲမြို့သိမ်းသည့် တန်ပြန်ထိုးစစ်ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သော မိုးဗြဲမြို့ကို စစ်တပ်သည် ၂၀၂၅ ခုနှစ်နှစ်ဆန်း၊ ဇန်နဝါရီလတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၆ ရက်နေ့တွင် ပြန်သိမ်းနိုင်ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးအခြေစိုက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များ ပါဝင်သော စစ်တပ်စစ်ကြောင်းသည် ပင်လောင်း- ဖယ်ခုံ လမ်းကြောင်းတစ်လျှောက် ထိုးစစ်ဆင်ခဲ့သည်။
မိုးဗြဲမြောက်ဘက်တွင် ကျန်နေသည့် တော်လှန်ရေးတပ်များ မသိမ်းနိုင်ခဲ့သော ခမရ (၄၂၂) တပ်ကို အင်အားဖြည့်သည်။ ခမရ (၄၂၂) မှ တစ်ဆင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်လာခြင်းဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ထိုးစစ်ကာလမှာ အနည်းဆုံး ခြောက်လကြာပြီး မြို့သိမ်းတိုက်ပွဲကို ခက်ခက်ခဲခဲ တိုက်ယူခဲ့ရသည်ဟု စစ်ကော်မရှင် ထိန်းချုပ် မြန်မာ့အလင်းသတင်းစာတွင် ဝန်ခံထားသည်။
စစ်တပ်အတွက် ဒုတိယအောင်မြင်မှုမှာ နောင်ချိုမြို့ကို ပြန်သိမ်းယူနိုင်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ ဝင်ပေါက်ဟုဆိုနိုင်သည့် နောင်ချိုမြို့ကို ပြန်သိမ်းသော စစ်တပ်၏ တန်ပြန်ထိုးစစ်သည် မိုးဗြဲမြို့သိမ်းစစ်ဆင်ရေးကဲ့သို့ပင် ခြောက်လနီးပါးကြာသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါလရီတွင် စတင်သည့် တန်ပြန်ထိုးစစ်အပြီး ဇူလိုင်လ၊ ၁၅ ရက်နေ့တွင် နောင်ချို့တစ်မြို့လုံးကို စစ်တပ်က ပြန်ထိန်းချုပ်သွားသည်။

နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ဦးဆောင်သည့် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂၀၂၄ ၊ ဇူလိုင်လ၊ ၁၀ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ နောင်ချိုမြို့ကို သိမ်း ပြီးနောက် TNLA သည် မြို့၏ တောင်ဘက်၊ ၁၈ မိုင်အကွာ တောင်းခမ်းရွာကို ယင်းနှစ် ဩဂုတ်လ၊ ၁၀ ရက်နေ့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အဆိုပါ စစ်ဆင်ရေး မအောင်မြင်ခဲ့ဘဲ TNLA တပ်များ ပြန်ဆုတ်ခဲ့ရသည်။
အခြားတစ်ဖက်တွင်လည်း တရုတ်နိုင်ငံက TNLA, မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့်တပ် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့၏ ထိုးစစ်များရပ်ရန် ဖိအားပေး အကျပ်ကိုင်လာသည်က စစ်တပ်အတွက် အားသာချက်တစ်ခု ဖြစ်လာသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုးစစ်များ ရပ်မည်ဟု TNLA က ထုတ်ပြန်ကြေညာရပြီး တောင်းခမ်းဒေသကို ထိုးစစ်များ ရပ်ဆိုင်းပေးခဲ့ရသည်။
တရုတ်အကူအညီကြောင့် အသက်ရှုပေါက်ရသွားသည့် စစ်တပ်သည် တော်လှန်ရေးအင်အားစု ထိန်းချုပ်၊ စိုးမိုးရာဒေသများကို တန်ပြန်ထိုးစစ်ဆင်ရန် အခွင့်သာသွားသည်။ ၂၀၂၅၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်တပ်သည် တောင်းခမ်းမှ စစ်ကြောင်းနှစ်ကြောင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ငါးလကျော် အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
နောင်ချိုထိုးစစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ ခြေမြန်တပ်မ ၁၁၊ တပ်မ ၅၅ နှင့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များပါဝင်ကြောင်း စစ်တပ်၏ အွန်လိုင်း ဝါဒဖြန့်စာမျက်နှာများတွင် တွေ့ရသည်။
တတိယအောင်မြင်မှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY-PDF) တို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၂၅ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့သည့်၊ မန္တလေးမြို့မြောက်ဘက်၊ မိုင် ၈၀ ကျော်အကွာတွင် တည်ရှိသည့် သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းပိုက်သည့် စစ်ဆင်ရေး ဖြစ်သည်။
တော်လှန်ရေး ပူးပေါင်းတပ်များသည် သပိတ်ကျင်းမြို့နှင့် ရွှေတူးဖော်ရေးလုပ်ကွက်အများစုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့မြောက်ဘက်၊ ၁၂ မိုင်ကျော်အကွာရှိ တွင်းငယ်မြို့နှင့် မြို့အရှေ့ဘက်ရှိ စစ်တပ်စခန်းများကို မသိမ်းနိုင်ခဲ့ပေ။ အဆိုပါ ကျေးရွာ နှစ်ရွာအနီးတွင် အမှတ်(၂)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ကျောက်ကြီးနည်းပညာတပ်၊ တကက- ၁၃ ခေါ် အမှတ် (၁၃)၊ တန်းမြင့် လေ့ကျင့်ရေးကျောင်းစသည်တို့ အခြေစိုက်သည်။
ထို့ကြောင့် စစ်တပ်သည် တွင်းငယ်ရွာမှတစ်ဆင့် ခုနစ်မိုင်ရွာရှိ စစ်စခန်းကို အင်အားဖြည့်ပြီးနောက် လေး မိုင် ၊ ငါး မိုင် ၊ ခြောက် မိုင်ဆိုသည့် ရွာများကို တစ်ဆင့်ချင်းသိမ်းကာ သပိတ်ကျင်းမြို့ကို ပြန်ရောက်လာခြင်းဖြစ်သည်။ သပိတ်ကျင်းမြို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်နေ့တွင် ထိုးစစ်ဆင်လာပြီး ဇူလိုင်လ၊ ၂၂ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်လိုက်နိုင်သည်။ မြို့သိမ်းတိုက်ပွဲဆင်နေစဉ် မန္တလေးမြို့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်းလာသော စစ်သင်္ဘော ငါးစီးကလည်း စစ်ကူပေးခဲ့သည်။

စစ်တပ်သည် စစ်ရေးအရအရေးကြီးသည့်၊ ရှမ်းပြည်နယ်၊ နောင်ချို- မိုးကုတ်လမ်းအတွက် အရေးပါသည့် နောင်ချို့မြို့နယ်၊ ဆမ္မရွာ၊ သုံးဆယ်ရွာ ၊ ဟိုခိုရွာ အပါအဝင် ကရင်နီဒေသ၊ မိုးဗြဲ- လွိုင်ကော်ကားလမ်းနှင့် ကရင်ပြည်နယ်၊ ကျုံဒိုး- ကော့ကရိတ်လမ်းများကိုလည်း ပြန်လည် စိုးမိုးထိန်းချုပ်လာနိုင်သည်ကို တွေ့ရသည်။
ကျုံဒိုး- ကော့ကရိတ် ကားလမ်းတွင် နယ်မြေစိုးမိုးထားသည့် KNU ဦးဆောင်သော တော်လှန်ရေးတပ်များက မြဝတီတောင်ဘက်၊ ဝေါလေမြို့နယ်ခွဲက ဗျူဟာကုန်းနှင့် ကော့ကရိတ်မြို့ပြင်ရှိ အောင်ဇေယျစစ်ကြောင်းကို ပိုမိုအားစိုက် တိုက်ခိုက်လိုသောကြောင့် ဆုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။
နောင်ချို – မိုးကုတ်လမ်းနှင့် မိုးဗြဲ- လွိုင်ကော်လမ်းပိုင်းများတွင်မူ တော်လှန်ရေးတပ်က စွမ်းနိုင်သမျှခုခံသော်လည်း အားမမျှသဖြင့် ဆုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံက သိရသည်။ အဆိုပါနေရာနှင့် လမ်းပိုင်းသည် စစ်တပ်အတွက် လက်နက်၊ လူအင်အား၊ ရိက္ခာစသည့် မြေပြင်ထောက်ပံ့ပို့ဆောင်ရေး ပိုမိုလွယ်ကူသွားစေနိုင်သဖြင့် စစ်ရေးအရ အရေးပါသည့် နေရာများဖြစ်သည်။
ကချင်ပြည်နယ်စစ်မျက်နှာ ဗန်းမော်တွင်မူ စစ်တပ်သည် KIA ၏ ထိုးစစ်ကို ခုခံနေရာမှ တန်ပြန်ထိုးစစ်လုပ်လာသည်။
KIA နှင့် မဟာမိတ်များသည် ဗန်းမော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ထိုးစစ်ဆင်တိုက်ခဲ့ရာစစ်တပ်တပ်စခန်းအချို့ကို သိမ်းနိုင်သော်လည်း စစ်တပ်၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို မသိမ်းနိုင်ခဲ့ပေ။
မကြာသေးသည့် ဩဂုတ်လ ၄ ရက်တွင် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ ထောက်ပို့ သင်္ဘော ၉ စီးသည် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည့်ကြားက ဗန်းမော်မြို့အထိ ရောက်လာသည်။
ယင်းနောက် စကခ (၂၁) သည် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှု ပစ်ကူများယူ၍ KIA နှင့် မဟာမိတ်များကို တန်ပြန်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်တပ်၏ မြေပြင်ထိုးစစ်များသည် လက်ရှိတွင် မရပ်တန့်သေးပေ။ ကရင်နီတွင် ပြည်နယ်မြို့တော် လွိုင်ကော်မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့သို့ ဦးတည် ရှေ့တိုးလာနေသလို မန္တလေးတိုင်းတွင်လည်း မိုးကုတ်မြို့သို့ ဦးတည်ရှေ့တိုး လာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်တပ် စစ်ရေးအသာစီးပြန်ရလာသည့် အကြောင်းအရင်းများ
စစ်တပ် စစ်ရေးအောင်မြင်မှု အချို့ရလာသည့် အကြောင်းအရင်းကို ပိုမိုသိနိုင်ရန် TNLA၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် မန္တလေးတိုင်းတွင် စစ်ရေး လှုပ်ရှားသည့် တော်လှန်ရေးတပ်များတွင် အဆင့်မြင့်တာဝန်ယူထားသည့် သတင်းရင်းမြစ်စုစုပေါင်း ခုနစ် ဦးကို Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သည်။
တော်လှန်ရေးသတင်းရင်းမြစ်များ ပြန်ဖြေသည့် အချက်များထဲတွင် တူညီသည့် အချက် ငါးချက် ရှိနေသည်ကို တွေ့ရသည်။ ယင်းတို့မှာ လက်နက်အတွက်လိုအပ်သည့် ခဲယမ်းမလုံလောက်မှု၊ MNDAA, TNLA နှင့် AA တို့ကို တရုတ်က ဖိအားပေးမှု၊ စစ်တပ်၏ စစ်ရေးနည်းဗျူဟာ အပြောင်းအလဲနှင့် အင်အားသာလွန်မှု၊ တော်လှန်ရေးတပ် အချင်းချင်း မညီညွတ်မှုနှင့် နယ်မြေအငြင်းပွားမှု၊ ကျယ်ပြောလာသော ထိန်းချုပ်နယ်မြေအတွက် တော်လှန်ရေးတပ်များ တပ်ဖြန့်ထားရမှု စသည်တို့ကြောင့်ဖြစ်ကြောင်း ဆိုကြသည်။
တရုတ်၏ ဖိအားနှင့် ခဲယမ်းမလုံလောက်မှု
တော်လှန်ရေးတပ်များအတွက် ခဲယမ်းမလုံလောက်မှုမှာ တော်လှန်ရေးစကတည်းကဖြစ်ပြီး လက်ရှိအချိန်အထိလည်း အကန့်အသတ်ဖြင့်သာ ရနေသည်။ ညီနောင် သုံး ဖွဲ့အပေါ် တရုတ်နိုင်ငံ၏ ဖိအားထပ်ကြုံရသောအခါ တော်လှန်ရေးတပ်များ အကန့်အသတ်ဖြင့် ရနေသည့် ခဲယမ်းမီးကျောက်သည် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပိုနည်းသွားသည့် အခြေအနေဖြစ်သွားသည်။
တရုတ်က ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်စပ်ဖြတ် ဝင်ရောက်မည့် အခြေခံစားသောက်ကုန်နှင့် ကုန်စည်များကိုလည်း ပိတ်ဆို့ကန့်သတ်ခဲ့သည်။ တရုတ်က ညီနောင် သုံးဖွဲ့၏ မဟာမိတ်ဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ကိုပါ MNDAA နယ်မြေသို့ ကုန်စည်များ မပို့ရန် ပိတ်ဆို့ကန့်သတ်စေသည်။
စစ်ရေးလေ့လာသူအချို့က တရုတ်နည်း၊ တရုတ်ဟန် Sanction (ပိတ်ဆို့မှု) ဟု ဆိုကြသည့် အဆိုပါ လုပ်ရပ်ကြောင့် MNDAA နယ်မြေအတွင်းနေထိုင်သည့် ပြည်သူများအတွက်ပါ အစားအစာ၊ ဆေးဝါးနှင့် အခြေခံ လိုအပ်သော ကုန်စည်များ ရှားပါးသွားသည်။
ထို့အတူ လက်နက်ခဲယမ်းအပါအဝင် လက်နက်ခဲယမ်းထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများ တရုတ်နိုင်ငံမှတစ်ဆင့် ညီနောင် သုံး ဖွဲ့ထံ စီးဆင်းနေမှုကိုလည်း တရုတ်အာဏာပိုင်များက တင်းတင်းကြပ်ကြပ် ပိတ်ဆို့ကန့်သတ်ထားသည်ဟု တော်လှန်ရေးတပ်များ နှင့် နီးစပ်သူအချို့က ပြောသည်။
NUG ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးတပ်များအပါအဝင် ကရင်နီတော်လှန်ရေးတပ်များသည် KIA ထုတ် သေနတ်အပါအဝင် ရှမ်းမြောက်အခြေစိုက်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ထုတ်သည့် Type- 81 (ပါယိသေနတ်) ကို ကိုင်ကြသည်ဖြစ်ရာ တရုတ်၏ ကန့်သတ်မှုက ပြည်မဒေသ တော်လှန်ရေးတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်များအပေါ်ကိုပါ သက်ရောက်မှုရှိသည်။
မြောက်ပိုင်းညီနောင် သုံးဖွဲ့ကို တရုတ်၏ ကန့်သတ်မှုက ပြည်မဒေသနှင့် ကရင်နီ တော်လှန်ရေးတပ်များအတွက်ပါ လက်နက်ခဲယမ်းရရှိမှု နည်းပါးသွားစေသည်။ စစ်မြေပြင်တွင် ကျည်မရှိပါက သေနတ်သည် သစ်သားတုတ်လောက်ပင် အသုံးမဝင်ကြောင်း မြေပြင်တွင် စစ်တိုက်သူအချို့က ဆိုကြသည်။
စစ်တပ်၏ ဗျူဟာအပြောင်းအလဲ
စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ရှုံးခဲ့ရပြီးနောက် နည်းဗျူဟာ အပြောင်းအလဲ လုပ်လာသည်ကို တွေ့မြင်ရသည်။
ရှမ်းမြောက်တိုက်ပွဲများတွင် MNDAA နှင့် တော်လှန်ရေးတပ်များ၏ ဒရုန်းတိုက်ခိုက်မှုဒဏ် အကြီးအကျယ် ခံလိုက်ရသော စစ်တပ်သည် ဒရုန်းဖြင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းလာသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ချုံချင့်မြို့ရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့သည်။

ထိုခရီးစဉ်အပြီးတွင် စစ်တပ်သည် တိုက်ပွဲများ၌ ဒရုန်းအသုံးပြုမှု ယခင် ထက်ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာကြောင်း မြန်မာနိုင်ငံအလယ်ပိုင်း၌ စစ်တပ်နှင့် တိုက်ခိုက်နေသည့် တော်လှန်ရေးတပ် သတင်းရင်းမြစ်အချို့က ဆိုသည်။
အမေရိကန်အခြေစိုက် စစ်ပွဲပဋိပက္ခ စောင့်ကြည့်လေ့လာသည့် ACLED အဖွဲ့ကလည်း ထိုခရီးစဉ်အပြီးတွင် စစ်တပ်သည် တရုတ်၊ ရုရှားနိုင်ငံတို့၏ လေ့ကျင့်သင်ကြားပေးမှုဖြင့် ဒရုန်းယူနစ်များ ဖွဲ့စည်းလာကြောင်း ဇူလိုင်လ၊ ၁ ရက်နေ့ထုတ် The war from the sky အစီရင်ခံစာတွင် ရေးသားထားသည်။
စစ်တပ်သည် စိုက်ပျိုးရေးသုံးဒရုန်းများအပါအဝင်၊ စစ်ဘက်သုံးဒရုန်းများ၊ ထောက်လှမ်းရေးဒရုန်းများ၊ အသေခံ (Suicide Drone) များ ဖြည့်တင်း အသုံးပြုလာကြောင်း ACLED အဖွဲ့က ဆိုသည်။ ဒရုန်းများတွင် ကင်မရာ၊ အပူအာရုံခံစနစ်၊ ညဘက်မြင်စနစ် စသည်တို့ ပါဝင်ကြောင်းလည်း ရေးသားထားသည်။
ထို့အပြင် Jammer ဟုခေါ်သော ဒရုန်းကာကွယ်ရေး ပစ္စည်းများလည်း ဝယ်ယူဖြည့်တင်းသည်။ Jammer များသည် ဒရုန်းနှင့် မြေပြင်မှ ဒရုန်းမောင်းနှင်သူအကြား ဆက်သွယ်မှုကို ဖြတ်တောက်ပြီး ဒရုန်းများ မပျံသန်းနိုင်ရန် တားမြစ်သည့် ကိရိယာဖြစ်သည်။
တော်လှန်ရေးတပ်များ၏ ဒရုန်းများသည် အရပ်ဘက်သုံးဒရုန်းများကို တိုက်ပွဲဝင်နိုင်ရန် ပြုပြင်မွမ်းမံထားခြင်းသာဖြစ်ရာ အာဏာသိမ်းတပ်၏ Jammer များကို ကျော်လွန်၍ တိုက်ခိုက်ရန် မလွယ်ကြောင်း ACLED က ဆိုသည်။ တစ်ဖက်တွင် စစ်တပ်က နိုင်ငံ၏ ဘဏ္ဍာငွေအများစုကို စီမံသုံးစွဲခွင့်ရနေပြီး တရုတ်ကဲ့သို့ နိုင်ငံများထံက တရားဝင်ဝယ်ခွင့်ရနေသည်။ ဘဏ္ဍာငွေနည်းပါးသော
တော်လှန်ရေးတပ်များက မှောင်ခိုဈေးကွက်မှသာ အကန့်အသတ်ဖြင့် ဝယ်နိုင်သည်။
စစ်တပ်က အပေါ့စားလေယာဉ်ငယ်ဟုဆိုနိုင်သော၊ လူလိုက်ပါစီးနင်းပြိး ဗုံးသီး ပစ်ချနိုင်သော ပါရာမော်တာများကို နိုင်ငံအလယ်ပိုင်းတွင် သုံးလာသည်။ ယခင်လက စစ်ကိုင်းတိုင်း ကလေးမြို့နယ်၌ ရဟတ်ယာဉ်ကဲ့သို့ ပန်ကာဒလက်ဖြင့် ပျံနိုင်သည့် Gyrocopter များပါ သုံးလာနေသည်။
စစ်တပ်သည် ဝေဟင်စစ်ပွဲအတွက် အားဖြည့်မှုများလုပ်သလို မြေပြင်စစ်ပွဲအတွက် မြေကိုနင်း၍ စိုးမိုးမည့် စစ်သားသစ်များကိုလည်း ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေပြဌာန်း၍ စုဆောင်းလာသည်။ စစ်မှုထမ်းသစ်များကို စစ်သင်တန်းပေးမှုသည်ပင် အပတ်စဉ် ၁၅ အထိ ရှိနေပြီး စစ်သားသစ် ၇၅၀၀၀ ခန့် စုဆောင်းမိထားနိုင်သည်ဟု စစ်ရေးလေ့လာသူအချို့က ခန့်မှန်းထားသည်။
စစ်တပ်သည် စစ်မှုထမ်းတပ်သားသစ်များကို ၎င်း၏ ထိုးစစ်များတွင် အသုံးပြုပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုနှင့် တောင်းခမ်းတိုက်ပွဲများတွင် စစ်မှုထမ်းတပ်သားများ ပါဝင်ကြောင်း စစ်တပ် ထောက်ခံရေးသားသူများတင်သည့် ရုပ်သံဖိုင်အချို့အရ သိရသည်။
ထို့ပြင် စစ်တပ်သည် နိုင်ငံ၏နေရာအနှံ့တွင် တိုက်ပွဲဖြစ်နေသော်လည်း ၎င်း၏ အာဏာဗဟိုချက် ဒေသများအား ခြိမ်းခြောက်နိုင်သော တော်လှန်ရေးတပ် စိုးမိုး နယ်မြေများကို ပစ်မှတ်ထားကာ ထိုးစစ်ဆင်နေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲ သည် နေပြည်တော်နှင့် မိုင် ၁၀၀ ကျော်သာဝေးသည်။ တောင်းခမ်း၏ အနောက်ဘက်တွင် စစ်တပ်ထောက်ခံသူများသည့် ကျောက်ဆည်လွင်ပြင် ရှိသည်။ နောင်ချိုသည် စစ်တပ်၏ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်ကို ခြိမ်းခြောက်နေသည့် မြို့ဖြစ်သည်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေး၏မြောက်ဘက်၊ မတ္တရာနှင့် စဉ့်ကူးတွင် တော်လှန်ရေးတပ်များက စိုးမိုးနေရာယူထား သည်ဖြစ်ရာ မန္တလေးသည် ရှေ့တန်းနှင့် မဝေးသည့် မြို့ကဲ့သို့ ဖြစ်နေသည်။
တော်လှန်ရေးတပ်အချင်းချင်း ထိပ်တိုက်တွေ့ကြခြင်း
စစ်တပ်အတွက် စိတ်ဓာတ်ရေးရာအရ အားသာအချက်မှာ တော်လှန်ရေးတပ်အချင်းချင်း မညီညွတ်မှုနှင့် နယ်မြေအငြင်းပွားနေမှုဖြစ်သည်။ တော်လှန်ရေးတပ်အချင်းချင်း နယ်မြေအငြင်းပွားမှု ဖြစ်စဉ်သည် TNLA ထိန်းချုပ်ထားသည် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့များတွင် တွေ့ရတတ်သည်။
TNLA နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ကြား အငြင်းပွားမှုများဆိုလျှင် တစ်ဖက်နှင့် တစ်ဖက် ထိုးကြိတ် သတ်ပုတ်ကြသည်အထိ ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် TNLA ဆိုလျှင် အပြန်အလှန် ပစ်ခတ်၊ အဆင့်မြင့်အရာရှိများ သေဆုံးသည်အထိ ပဋိပက္ခဖြစ်ထားသည်။
ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ TNLA တပ်ဖွဲ့က ကျောက်မဲမြို့နယ် နောင်ပိန်အနီး တောင်ခြေစခန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၅ ရက်နေ့တွင် သွားရောက်စဉ် နောင်ပိန်လမ်းခွဲရှိ SSPP တပ်သားများက ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်သည်။ SSPP တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် TNLA ဘက်က စစ်ဆင်ရေး ကြီးကြပ်သည့် ပထမတန်း စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် သုံး ဦး စုစုပေါင်း ခုနစ် ဦး ထက်မနည်း ပစ်သတ်ခံရ၍ သေဆုံးကြောင်း TNLA ၏ ဇူလိုင်လ၊ ၈ ရက်နေ့၊ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ MDY- PDF နှင့် TNLA အကြား နယ်မြေဖြတ်သန်းခွင့်အပေါ် အငြင်းပွားကြသည့် ရုပ်သံဖိုင် အချို့လည်း ၂၀၂၄ ခုနှစ်အတွင်း Facebook လူမှုကွန်ရက်တွင် တွေ့ရသည်။
စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်လည်း ထိုပြဿနာများအကြောင်း ဖော်ပြသည့်နည်းဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲလေ့ရှိသည်။
အကျိုးဆက်အားဖြင့် တော်လှန်ရေးသမားများကို အားကိုး၊ ထောက်ခံသည့် ပြည်သူများ စိတ်မချမ်းမသာဖြစ်စေသည်။
သို့သော် အငြင်းပွားမှုများမှာ အောက်ခြေတွင်သာ ဖြစ်နေပြီး
ခေါင်းဆောင်ပိုင်းအဆင့်တွင် မုန်းတီးမှု မရှိကြောင်း တော်လှန်ရေးခေါင်းဆောင်များက ဆိုကြသည်။
SSPP နှင့် TNLA သည်လည်း ပဋိပက္ခကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်နေ့တွင် ‘ဝ’တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ၊ ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ SSPP ဘက်မှ ဒုဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီးစဝ်ခွန်စိုင်း ဦးဆောင်ပြီး TNLA ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းတို့ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထိန်းချုပ်နယ်မြေအတွက် တပ်ဖြန့်ထားရမှုနှင့် စုစည်းအင်အား လျော့နည်းခြင်း
တော်လှန်ရေးတပ်များအတွက် အားနည်းချက်ဖြစ်စေပြီး အာဏာသိမ်းတပ်အတွက် စစ်ရေးအသာစီး ပြန်ရစေသည့် ပဉ္စမအချက်မှာ တော်လှန်ရေးတပ်များ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ
တပ်ဖြန့်ထားရပြီး စုစည်းအင်အား လျော့နည်းနေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်များ၏ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် မန္တလေးတိုင်းတွင် MDY-PDF နှင့် NUG လက်အောက်ခံ PDF တို့ ဖော်သည့် ရှမ်း- မန်းစစ်ဆင်ရေး၊ KIA ဦးဆောင်သည့် ကချင်ပြည်နယ် ထိုးစစ်၊ ကရင်နီတွင် KNDF နှင့်မဟာမိတ်များဖော်ဆောင်သည့် တစ်လေးလုံး စစ်ဆင်ရေးတို့အတွင်း တော်လှန်ရေးတပ်များအတွက် မြို့များသိမ်းနိုင်သည့် အောင်မြင်မှုရခဲ့သည်။
မြို့သိမ်းတိုက်ပွဲအောင်မြင်မှုနှင့်အတူ ထိန်းချုပ်နယ်မြေသည်လည်း တော်လှန်ရေးတပ်များအတွက် တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်လာသည်။ နယ်မြေကျယ်ပြန့်လာသောအခါ တော်လှန်ရေးတပ်များသည် နယ်မြေကိုကာကွယ်ရန် တပ်အင်အားများကို ထုဖြင့် မစုစည်းနိုင်တော့ဘဲ ဖြန့်ကျက်နေရာချရသည်။
TNLA ဆိုလျှင် ၎င်းတို့သိမ်းထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုးကုတ်စသည့်မြို့များကို ကာကွယ်ရန်တပ်များ ဖြန့်ထားရသလို MDY- PDF သည်လည်း စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းစသည့် နေရာဒေသများအား ကာကွယ်ရန် တပ်ဖြန့်ရသည်။
NUG လက်အောက်ခံ စစ်ကိုင်းတိုင်းအခြေစိုက် PDF များဆိုလျှင် KIA ၏ ဗန်းမော်ထိုးစစ်အတွက် စစ်ကူပို့ထားရသည်။ သပိတ်ကျင်းဒေသတွင်မူ စစ်တပ်၏ လက်ကျန်တပ်များအပါအဝင် ရှမ်းမြောက်မှ ဆုတ်လာသည့် တပ်များကို ရင်ဆိုင်ရန် ဖြန့်ခွဲပြီး နေရာယူထားရကြောင်း NUG
ထိပ်တန်းတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ထို့ကြောင့် စစ်တပ်ဘက်က စစ်မှုထမ်းတပ်သားသစ်များနှင့်အတူ လက်နက်ကြီး၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတို့ အားကိုးဖြင့် အင်အားသုံး စစ်ကြောင်းထိုးလာသည့်အခါ တော်လှန်ရေးတပ်များဘက်က ဆွဲထုတ်အင်အားဖြင့် စစ်ကူရန် အရန်တပ် များများစားစား မကျန်ပေ။ ထိုအချက်ကြောင့်လည်း စစ်တပ်၏ ထိုးစစ်ကို တော်လှန်ရေးတပ်များဘက်က အင်အားအလုံးအရင်းဖြင့် တားဆီးခုခံရန် မတတ်နိုင်ခဲ့ကြောင်း အထက်ပါ NUG ထိပ်တန်းအရာရှိက ပြောသည်။
စစ်တပ်ဘက်က လက်နက်၊ လူအင်အား နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းလာနိုင်ချိန်တွင် တော်လှန်ရေးတပ်များဘက်က လိုအပ်ချက်ကို ယခင်ကထက်ပင် ထပ်မဖြည့်နိုင်ဘဲ ပိုမိုခက်ခဲလာသည်။
ထိန်းချုပ်နယ်မြေတချို့ လက်လွှတ်လိုက်ရမှုနှင့် ပတ်သက်ပြီး KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဆက်သွယ် မေးမြန်းရာ ၎င်းက စစ်ရေးတွင် အတိုးအဆုတ် ရှိတတ်သည်ဟု ပြောသည်။
“စစ်ရဲ့သဘောသဘာဝအရ မိမိအခြေအနေလိုအပ်ချက်အတိုင်း ဆုတ်တန်ဆုတ်၊ ခွာတန်ခွာ၊ တိုးတန်တိုး၊ ဒီလိုပဲ လုပ်နေရတာပဲလေ၊ ပုံသေတော့ ယူလို့ဘာရမလဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း စစ်ပွဲတွင် အင်အားအရင်းအမြစ်သာသူနှင့် ကြိုတင်ပြင်ဆင်မှု ကောင်းသူသာ အသာစီးရတတ်ကြောင်း Myanmar Now ကို ပြောသည်။ စစ်တပ်သည် ၂၀၂၄ ခုနှစ်တွင် အရှုံးကို ဆက်တိုက်ကြုံခဲ့ရသော်လည်း ၂၀၂၅ ခုနှစ်တွင် ပြန်လည်ပြင်ဆင်၍ ရယူလာနိုင်သည်ကို တွေ့ရကြောင်း သူက ဆိုသည်။
“တော်လှန်ရေးတပ်သားတွေလည်း ထိုနည်းလည်းကောင်းပါပဲ၊ ကျွန်မတို့ထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည် လက်မလွှတ်နိုင်ဖို့၊ ဆက်လက်ထိန်းသိမ်းနိုင်ဖို့၊ နည်းလမ်းတွေ ရှာဖွေဖန်တီးဖို့လိုပါတယ်၊ ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
မည်သို့ပင်ဖြစ်စေ စစ်တပ်၏ လတ်တလော စစ်ရေးအောင်မြင်မှုများသည် ရှမ်းမြောက်အခြေစိုက် MNDAA အပါအဝင် TNLA နှင့် PDF များအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်သည်။



