ဆောင်းပါးအတွေးအမြင်

စစ်ထောက်လှမ်းရေး ကြိုးကိုင်မည့် စစ်ဒီမိုကရေစီ ရွေးကောက်ပွဲ  

နိုင်ငံအနှံ့ ဝိုင်းဝန်းတိုက်ခိုက်ခံရမည့် အရေး စိုးရိမ်နေဖွယ်ရှိသည့် အာဏာသိမ်းတပ်က လက်ဦးမှုရယူကာ ထိုးစစ်ဆင်နေပြီး ဒီဇင်ဘာရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို ထုတ်ပြလာသည်။

စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် လာမည့် ဒီဇင်ဘာလနှင့် ရှေ့နှစ် ဇန်နဝါရီလအတွင်း အပိုင်းလိုက် ခွဲကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲများအတွက် တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် မြို့များ ရနိုင်သမျှ ပြန်လည်ရရှိရေး ထိုးစစ်အရှိန်မြင့်တင်ရန် အသစ်ဖွဲ့စည်းခဲ့သော စစ်ကော်မရှင်၏ ပထမဆုံး အကြိမ် အစည်းအဝေးတွင် ညွန်ကြားခဲ့သည်။

အဆိုပါ ဩဂုတ်လ ၁၂ ရက်နေ့  အစည်းအဝေးတွင် “ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမည့် စစ်ဆင်ရေး” ကိစ္စများကို ဆွေးနွေးခဲ့သည် ဟုလည်း သတင်းထုတ်ပြန်ထားသည်။ 

ထိုအစည်းအဝေးအတွင်း မင်းအောင်လှိုင်သည် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အသေးစိတ်ညွန်ကြားခဲ့သလို၊ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (ERO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထား သော မြို့နယ်များကို မြို့ပေါ်နေရာ အနည်းငယ်ကို သိမ်းပိုက်ရရှိသည်ဖြစ်စေ ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်အရေအတွက် ကိန်းဂဏန်း တိုးမြှင့်နိုင်သမျှ တိုးမြှင့်နိုင်ရေး ကြိုးပမ်းကြရန် ညွန်ကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့အတူ စစ်ကော်မရှင် အဖွဲ့ဝင် ၁၀ ဦး ထဲမှ အတွင်းရေးမှူး၊ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး တွဲဖက် အမှုဆောင်ချုပ် ရာထူးများ ရယူထားသူလည်းဖြစ်၊ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စစ်ထောက်လှမ်းရေး) အကြီးအကဲလည်းဖြစ်ပြီး၊ မင်းအောင်လှိုင် အားကိုးအားထားအပြုရဆုံးလူ ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး မောင်မောင်အေးနှင့် ပြည်ထဲရေးဝန်ကြီး ထွန်းထွန်း နောင် တို့သည် လာမည့်ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်အတွင်း အဓိကကျသော တာဝန်များကို ခွဲဝေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုအစည်းအဝေး ဆွေးနွေးချက်များအရ တွေ့မြင်ရသည်။

ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့် လုံခြုံရေးဗျူဟာ

အနာဂတ် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်သူအဖြစ် သတင်းပြေးနေသော ကော်မရှင်အဖွဲ့ဝင်  ကျော်စွာလင်းက တိုင်းစစ်ဌာနချုပ်များနှင့် နယ်မြေအလိုက် စစ်ဆင်ရေးများကို အရှိန် မြှင့်တင်ပြီး၊ လက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့နယ်များ ပြန်လည်ရယူရန် တာဝန်ယူထားသည်။ 

ကျော်စွာလင်းသည် ကြည်း၊ ရေ၊ လေ တပ်အင်အား အားလုံးကို သုံးစွဲပြီး၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ (ရွေးကောက်ပွဲမတိုင်မီ နှစ်လအလိုအထိ) ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ ၃ လအတွင်း လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များထဲမှ အနည်းဆုံး မြို့ပေါ်နေရာများကို ရနိုင်သမျှ ပြန်လည်ထိန်းချုပ် စိုးမိုးနိုင်ရေး ထိုးစစ်အရှိန် မြှင့်တင်လာနိုင်ပါသည်။ သို့မှသာ ပြန်လည်ရရှိခဲ့သော မြို့များတွင် ရွေးကောက်ပွဲကျင်းပ နိုင်ရေး မဲပေးရေးလုပ်ငန်းစဉ်များကို ယခုမြင်တွေ့နေရသော နောင်ချိုမြို့ပေါ်တွင် လုပ်ဆောင်နေသကဲ့သို့ မဲဆွယ်စည်းရုံးရေး နှစ်လကာလအတွင်း အချိန်လု လုပ်ဆောင်နိုင်မည် ဖြစ်သည်။ 

ထို့နောက် ရွေးကောက်ပွဲ မဲဆွယ်ကာလနှင့် ရွေးကောက်ပွဲများ အပိုင်းလိုက်ကျင်းပမည့်ကာလ နိုဝင်ဘာ၊ ဒီဇင် ဘာနှင့် ဇန်နဝါရီ ၃ လအတွင်း ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသော မြို့နယ်များတွင် တော်လှန်ရေး အင်အားစုများ မနှောက်ယှက်နိုင်ရန် နိုင်ငံအနှံ့ရှိ ထိုအင်အားစုများခြေကုပ်ယူထားသော မြို့နယ်များကို စစ်ရေး ဖိအား ဆက်တိုက်ပေးသည့် နည်းဗျူဟာသုံးပြီး ထိန်းထားနိုင်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲနှင့် တန်ပြန် ထိုးစစ် တစ်ပြိုင်နက်ထဲ လုပ်ဆောင်ရန် ဗျူဟာဆွဲထားကြောင်း လေ့လာတွေ့ရှိရသည်။  

ရဲဝင်းဦး ဦးဆောင်သည့် စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) သည် အပိုင်းခွဲ ကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်ဒေသများတွင် ဦးစွာကျင်းပပြီး၊ မည်သည့်ဒေသများတွင် နောက်မှကျင်းပမည်ဆိုသည် ရွေးကောက်ပွဲ လုံခြုံရေး မဟာဗျူဟာကို ကိုင်ထားပြီး၊ ရွေးကောက်ပွဲအတွက် အဓိကကျသော အီလက်ထရောနစ် မဲပေးစက်များ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ခွဲထားရှိရေးနှင့် ထိုစက်များလုံခြုံရေး အဓိကတာဝန်ယူထားသည်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့သည် ရွေးကောက်ပွဲအစီအစဉ်ကို နောက်ကွယ်မှ အဓိက ကြိုးကိုင်စီစဉ်နေကြောင်း ပေါ်လွင်သည်။

မဲပေးစက်တစ်လုံးပျက်စီးသွားပါက သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့များ လက်သို့ ရောက်သွားပါက  ထိုဒေသတွင် ရွေးကောက်ပွဲ  အကြီးအကျယ် ထိခိုက်သွားနိုင်သည်။ ထိုအခြေအနေကို တွက်ဆထားပုံရသော စစ်ကော်မရှင်သည် မဲပေးနည်းကို မဲပေးစက်အပြင်၊ ယခင်ကျင့်သုံးခဲ့သော မဲလက်မှတ်များဖြင့် မဲပေးခြင်းကိုလည်း ရွေးကောက်ပွဲဥပဒေများ၌ ထည့်သွင်းပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ 

ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်သည် ပါတီကိုယ်စားလှယ်လောင်းတို့၏ နောက်ကြောင်း ရာဇဝင်များ တင်းကျပ်စွာ စိစစ်ရေး၊ ကိုယ်စားလှယ်လောင်းဖြစ်လာသူတို့ မဲဆွယ်စည်းရုံးမည့်ကာလ လုံခြုံရေး၊ ပါတီများ မဲဆွယ်စည်းရုံးရေးနိုင်မည့် နေရာသတ်မှတ်ပြီး ထိုနေရာတွင်သာ မဲဆွယ်ရန် ကန့်သတ်မှုများ၊ ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်းနှင့် လုံခြုံရေးအစီအစဉ်များ၊ ရွေးကောက်ပွဲနေ့ နိုင်ငံအနှံ့ရှိ မဲရုံလုံခြုံရေး စသည်တာဝန်များကို ရပ်ကွက်ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များနှင့် ပျူစောထီးအဖွဲ့များကို စီမံကွပ်ကဲ၍ ဆောင်ရွက်သွားမည့် အခြေအနေတွေ့ရှိရသည်။  

နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ပြည်ပရောက် နိုင်ငံသား မဲဆန္ဒရှင်များ မဲပေးခွင့်ကိစ္စ နိုင်ငံတကာကျင့်သုံးပုံ အမျိုးမျိုး တင်ပြနေသော်လည်း၊ မဲပေးပိုင်ခွင့်အသက်အရွယ် အများစုဖြစ်သော ပြည်ပရောက် မြန်မာနိုင်ငံသား ၅သန်းကျော်သည် စစ်ကော်မရှင်၏ စစ်ဒီမိုကရေစီ ရွေးကောက်ပွဲကို အလုံးအရင်း သပိတ်မှောက်ကြမည်မှာ သေချာပါသည်။

တော်လှန်ရေးအင်အားစုများ တစ်ပြိုင်တည်းတိုက်ကြမည်ကို မင်းအောင်လှိုင်စိုးရိမ်နေ 

ရွေးကောက်ပွဲမအောင်မြင်မည်ကို စိုးရိမ်နေသော မင်းအောင်လှိုင်က စစ်ကော်မရှင် အစည်းအဝေးတွင် “ရွေးကောက်ပွဲဖြစ်မြောက်မှု မရှိစေရေး ပြည်တွင်းပြည်ပမှ အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း” ၎င်း၏ ကော်မရှင်အဖွဲ့ဝင်များကို သတိပေး ညွန်ကြားခဲ့သည်။ 

ထိုအချင်းအရာကို ထောက်ရှုလျှင် မင်းအောင်လှိုင်သည် EROအဖွဲ့များ၊  NUG  လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသ အလိုက်ဖွဲ့စည်းထားသော တော်လှန်ရေးတပ်များက နိုင်ငံအနှံ့ အချိန်ကိုက် ဝိုင်းဝန်းထိုးစစ်ဆင်လာမည့် အရေး စိုးရိမ်လျက်ရှိသည်မှာ ထင်ရှားသည်။

ထိုကဲ့သို့ တော်လှန်ရေးအင်အားစု၏ “အထွေထွေ ထိုးစစ်” ကို ရင်ဆိုင်ရလျှင် ရွေးကောက်ပွဲအစီအစဉ် တစ်ခုလုံး ပျက်စီးသွားမည့် ရာခိုင်နှုန်းများသည်။ ထိုကဲ့သို့ မရင်ဆိုင်ရမီ မင်းအောင်လှိုင်သည်   တန်ပြန်ထိုးစစ်များကို   ကြိုတင်ဖော်ဆောင်နေခြင်း ဖြစ်သည်။ 

ယခုအခါ ကချင်၊ ကယား၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊  နိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် တန်ပြန်ထိုးစစ်များ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသလို မိုးဗြဲ၊ သပိတ်ကျင်းနှင့် နောင်ချိုမြို့များကို ပြန်လည်ရရှိခဲ့ပြီး၊ ဒီးမော့ဆို၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်များတွင် စစ်ရေးအားသာမှု ပြန်ရနေသည်။ 

ရွေးကောက်ပွဲအတွက် နိုင်ငံအထက်ပိုင်း ထိုးစစ်များ

ကချင်ပြည်နယ် – ဇူလိုင်လ ၃၁ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အသစ် ထုတ်ပြန်ခဲ့သော “အရေးပေါ်ကာလအခြေအနေ” ၊ တစ်နည်းအားဖြင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များစာရင်းတွင် လက်ရှိစစ်ရေးပြင်းထန်နေသော ဖားကန့်နှင့် ဗန်းမော်မြို့များ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သိမ်းပိုက်ထားသော မန်စီနှင့် မိုးမောက်မြို့များကို ထည့်သွင်း ထားခြင်းမရှိပေ။ ထိုအချက်ကို ထောက်ရှုလျှင် အာဏာသိမ်းစစ်ကော်မရှင်သည် ကချင်ပြည်နယ်အတွင်း ထို ၄မြို့နယ်ကို ရွေးကောက်ပွဲမတိုင်မီ အချိန်မီ ပြန်လည်ရရှိရန် ကြိုးပမ်းမည့် အရိပ်လက္ခဏာများလား ဟု မေးခွန်းထုတ်စရာ ရှိလာပါသည်။

ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များဖြင့် ကချင်ပြည်နယ်လွှတ်တော် နှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ၁၈ မြို့နယ်၌ အနည်းဆုံး ၁၀ မြို့နယ် (၅၀ ရာခိုင်နှုန်းကျော်) တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် လိုအပ်သည်။ 

၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လူဦးရေသန်းခေါင်စာရင်းကို ဆွမ်ပရာဘွမ်၊ ဆော့လော၊ အင်ဂျန်းယန်၊ မန်စီ၊ မိုးမောက်နှင့် ဖားကန့် စသည့် KIA ထိန်းချုပ်ထားသော ၆ မြို့နယ်တွင် လုံးဝကောက်ယူ နိုင်ခြင်း မရှိခဲ့ပါ။ ထိုအချိန်က လူဦးရေစာရင်း ကောက်ယူနိုင်ခဲ့သော ချီဗွေမြို့နယ်မှာလည်း ယခုအခါ KIA ထိန်းချုပ်မှုအောက် လုံးဝရောက်ရှိသွားပြီ ဖြစ်သည်။ 

ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့နယ်မှာ စစ်တပ်နှင့် KIA အကြား ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်နေပြီး စစ်တလင်းပြင် လုံးလုံးဖြစ်သွားပြီ ဖြစ်သည်။ မကြာသေးမီက ဗန်းမော်အမြောက်တပ်နှင့် လေယာဉ် ကွင်းကို စစ်တပ်ပြန်လည်ရရှိ ခဲ့သည့်သတင်းများ ထွက်ပေါ်လာသည်။ ဗန်းမော်နှင့် ကပ်လျက် ရွှေဂူမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာသည့် စာရင်းတွင် ထည့်သွင်းထားခြင်းက ထိုမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပ နိုင်ခြေ အလွန်နည်းပါးကြောင်း သိသာထင်ရှားစေသည်။ 

ထို့ကြောင့် ကချင်ပြည်နယ် ၁၈ မြို့နယ်တွင် ၉ မြို့နယ် သို့မဟုတ် ၅၀ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင် သို့မဟုတ် မသေချာသော အခြေအနေကို မင်းအောင်လှိုင် ရင်ဆိုင်နေရသည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲမှတစ်ဆင့် ကချင်ပြည်နယ်လွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းနိုင်ရေး မရေရာပါ။ ထိုအခြေအနေကို ပြောင်းလဲနိုင်ရန် မင်းအောင်လှိုင်သည် ဖားကန့်နှင့် ဗန်းမော်ကို  ပြန်လည်ရရှိရေး အသဲအသန်ထိုးစစ်ဆင်နေ ခြင်း ဖြစ်သည် ဟု သုံးသပ်တွေ့ရှိရသည်။ 

ပြည်ထောင်စုလွှတ်တော် ရွေးကောက်ပွဲများအတွက်မူ ကချင်ပြည်နယ်တွင် ကျင်းပနိုင်သော မြို့နယ်များသည် တစ်နိုင်ငံလုံးရှိ မြို့နယ်အရေအတွက်များထဲ ပေါင်းထည့်လိုက်ခြင်းကြောင့်၊ စစ်ကော်မရှင်အတွက် တစ်မြို့နယ် တိုး၍ ကျင်းပနိုင်လျှင် ရွေးကောက်ပွဲတရားဝင်မှုရရှိရေး ပို၍ကောင်းလေလေ ဖြစ်သည်။ 

ရခိုင်နှင့် ချင်းပြည်နယ် – နာမည်ကျော် ရခိုင်ရိုးမတောင်တန်းများနှင့် ချင်းတောင်တန်းများသည် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တို့၏ နေမဝင် အင်ပါယာ စစ်တပ်ကိုပင် အာခံတော်လှန်ခဲ့သော ရာဇဝင်ဒေသများ ဖြစ်သည်။ ထိုခေတ်အခါက ကိုလိုနီများ ကိုင်စွဲနိုင်သော ခေတ်မီလက်နက်မျိုး မရှိ၍သာ ကိုလိုနီများကို အညံ့ခံခဲ့ရခြင်း ဖြစ်သော်လည်း၊ ဒေသခံတိုင်းရင်းသားများ၏ သတ္တိဗျတ္တိမှာ ရာဇဝင်မှတ်တမ်းများတွင် အထင်အရှား ရှိခဲ့သည်။

တောင်တန်းများ၊ လျှိုမြှောင်များ ပြည့်နှက်နေသော ပထဝီအနေအထားသည် နယ်မြေဒေသကျွမ်းကျင်သော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအတွက် အားသာချက်ဖြစ်နေပြီး၊ စစ်ပွဲများ၏ အသက်သွေးကြောဖြစ်သော ရိက္ခာလက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်ရေး ခက်ခဲမှုက မင်းအောင်လှိုင်တပ်များအတွက် အားနည်းချက် ဖြစ်နေသည်။ ထို့ကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တို့၏ မြို့နယ်အများစုသည် ယခုအခါ တိုင်းရင်းသား တော်လှန်ရေးတပ်များ၏ ထိန်းချုပ်စိုးမိုးမှုအောက် လုံးဝကျရောက်သွားပြီ ဖြစ်သည်။

ရခိုင်နှင့် ချင်းတို့သည် ပြည်နယ်လွှတ်တော်နှင့်အစိုးရများ ဖွဲ့စည်းနိုင်မည့် ရွေးကောက်ပွဲ ကျင်းပရန် လုံးဝနီးပါး မဖြစ်နိုင်သော ပြည်နယ်နှစ်ခု ဖြစ်သည်။ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး၊ ထိုမြို့နယ်အားလုံးကို စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြေညာ ထားသည်။ ကျန် ၃ မြို့နယ်အနက်   ကျောက်ဖြူတွင် စစ်ရေးပြင်းထန်နေသည်။ 

ထို့ကြောင့် ရခိုင်ပြည်နယ်တွင်   ရွေးကောက်ပွဲ ကျင်းပနိုင်သော မြို့နယ်မှာ ပင်လယ်ထဲက ကျွန်းပေါ်ရှိ မာန်အောင်မြို့နယ်၊ မြို့တော်စစ်တွေ၏ စစ်တပ်ထိန်းချုပ်ထားဆဲ မြို့ပေါ်ရပ်ကွက်နှင့် အနီး ဝန်းကျင်း ကျေးရွာများသာရှိသည်။ ဩဂုတ်လ ၁၅ ရက်နေ့ စစ်တပ်ဝါဒဖြန့် သတင်းစာထဲတွင် စစ်တွေ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်နေသည်ဟူသော ဖော်ပြချက်ကို ထောက်ရှုလျှင် မင်းအောင်လှိုင်သည် ရခိုင် ပြည်နယ်အတွင်း ရသမျှ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် ညွန်ကြားထားပုံရသည်။ 

ထို့အတူ ချင်းပြည်နယ် ၉ မြို့နယ်တွင် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားရပြီး၊ ထိုမြို့နယ်အားလုံးကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက် ထိန်းချုပ်ထားသည်။ မြို့တော် ဟားခါးနှင့် တီးတိန် ၂မြို့တွင်သာ စစ်ကော်မရှင် အုပ်ချုပ်ရေး ကျန်ရှိသည်။ ထို့ကြောင့် အဆိုပါ နှစ်မြို့နယ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ရုံမျှဖြင့် ချင်းပြည်နယ် လွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းနိုင်မည် မဟုတ်ပါ။

ရှမ်းပြည်နယ် (မြောက်ပိုင်း) – စစ်ကော်မရှင်၏ စစ်အုပ်ချုပ်ရေးကြေညာချက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၅ မြို့နယ်ကို ကြေညာခဲ့ပြီး၊ မကြာသေးမီက ပြန်လည်သိမ်းပိုက်ရရှိခဲ့သော နောင်ချိုမြို့ မပါဝင်တော့ပါ။ ရှမ်း ပြည်နယ်သည် ပြည်နယ် ၇ ခုတွင် နယ်မြေအကျယ်အဝန်း အကြီးဆုံးဖြစ်ပြီး၊ စုစုပေါင်း ၅၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ 

အဆိုပါ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်အများစုသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များဖြစ်သည်။ သို့သော် “ဝ” တပ်ဖွဲ့ (UWSA) ထိန်းချုပ်မြို့နယ်များ မပါဝင်ဘဲ၊ မိုင်းလားတပ်ဖွဲ့ (NDAA) အခြေစိုက် မိုင်းလားမြို့ကို ထည့် သွင်းထားခြင်းက စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို “ဝ” က လက်ခံပြီး၊ မိုင်းလား က လက်မခံသေး၍ ဖြစ်နိုင်သည်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများကို စစ်တပ်က ထိန်းချုပ်ထားနိုင်ဆဲဖြစ်၍ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်လွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းနိုင်သော မြို့နယ်အရေအတွက် ရှိနေပါသည်။

ရွေးကောက်ပွဲအတွက် နိုင်ငံအလယ်ပိုင်း ထိုးစစ်များ

စစ်ကောင်စီကို စစ်ကော်မရှင်ဟု အမည် ပြောင်းလဲခဲ့ပြီးနောက် မင်းအောင်လှိုင်သည် စစ်တပ် စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိသော မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်၊  စစ်ကိုင်းတိုင်းတွင် ၉ မြို့နယ်၊ မကွေးတိုင်းတွင် ၅ မြို့နယ်၊ မန္တလေးတိုင်းတွင် ၃ မြို့နယ် ကြေညာထားခြင်း ဖြစ်သည်။ 

လွန်ခဲ့သောလမှ စတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုး နေရာ ကလေး၊ တမူး၊ ပုလဲ၊ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦးနှင့် ရွှေဘိုမြို့နယ်များ ပါဝင်သည်။ အဆိုပါ ထိုးစစ်ဆင်သော မြို့နယ်များတွင် PDF တို့က ကျေးလက်ကို ထိန်းချုပ်စိုးမိုးထားပြီး၊ စစ်တပ်က မြို့ပေါ်ကို ထိန်းချုပ်ထားသော အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် ထိုမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကျေးလက်ကို ထိန်းချုပ်စိုးမိုးနိုင်ရန်   ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ 

နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုများသည် လွန်ခဲ့သော ၄နှစ်ခွဲလုံးလုံး မြို့ရွာအနှံ့မှ စစ်အာဏာ သိမ်းမှုကို လက်နက်ကိုင်တော်လှန်နေခဲ့ရာတွင် ယနေ့အချိန်ထိ မင်းအောင်လှိုင်အတွက် လုံခြုံရေးအရ အဓိက စိန်ခေါ်မှုကြီး ဖြစ်နေသည်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ နိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးနှင့် မိုင်အနည်းငယ်သာ ဝေးသည့် မတ္တရာ၊ စဉ်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်များကို မန္တလေး ပြည်သူ့ကာကွယ်ရေး တပ် (MDY-PDF) က မဟာမိတ် TNLA တပ်များနှင့်အတူ သိမ်းပိုက်နိုင်ခဲ့သည်။ မကြာသေးမီက သပိတ်ကျင်းမြို့ပေါ်နေရာတချို့ကို စစ်တပ် ပြန်လည်ထိန်းချုပ် ရရှိသွားခဲ့သည်။ ယခုအခါ မန္တလေးမြို့တော်ကို အချိန်မရွေး ခြိမ်းခြောက်နိုင်သော မတ္တရာမြို့နယ်ထဲမှ MDY-PDF ခြေကုပ်စခန်းများကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေရာ  တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွား နေပါသည်။ 

မန္တလေးတိုင်းအတွင်း မြိုနယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသော်လည်း၊ တော်လှန်ရေးအင်အားစု အားကောင်းစွာ ကြီးစိုးထားသော နွားထိုးကြီး၊ ငါးဇွန်၊ တောင်သာနှင့် မြင်းခြံမြို့နယ်များတွင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို ကောင်းစွာဟန့်တားနိုင်သော အခြေအနေတွင် ရှိနေပါသည်။  

ရွေးကောက်ပွဲအတွက် နိုင်ငံအောက်ပိုင်း ထိုးစစ်များ

ကရင်နီပြည်နယ် – နယ်မြေအားဖြင့် အသေးငယ်ဆုံးပြည်နယ်ဖြစ်သလို၊ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်သည်။ သို့သော်   ပြည်နယ်အနှံ့ အင်အားကောင်းစွာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေခြင်းကြောင့် မင်းအောင်လှိုင်က ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ယခုနှစ် မေလမှစ၍  တန်ပြန်ထိုးစစ်ဆင်လာရာ ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း မြို့တော်လွိုင်ကော်ကို မြို့သိမ်းစစ်ဆင်ရေးဖြင့် တစ်စိတ်တစ်ပိုင်းထိန်းချုပ်နိုင်ခဲ့သော ကရင်နီ တော်လှန်ရေးတပ်များသည် လွိုင်ကော်မှ လုံးဝ ဆုတ်ခွာပေးခဲ့ရပြီး၊ ယခုအခါ စစ်ကော်မရှင်သည် လွိုင်ကော်မြို့ပေါ်တွင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများအဖြစ် မြို့နေပြည်သူတို့ကို အီလက်ထရောနစ်မဲပေး စက် အသုံးပြုပုံ ရှင်းလင်းပြသသည်၊ နိုင်ငံသားမှတ်ပုံတင်မရှိသူကို အသစ်လုပ်ပေးသည် ဟူသော ဝါဒဖြန့်သတင်းများကို ထုတ်လွှင့်လာသည်။

မကြာသေးမီက  မိုးဗြဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် စစ်တပ်သည် ဒီးမော့ဆိုမြို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး မြို့ကို ဝိုင်းထားသည့် အခြေအနေရှိသည်ဟု သိရှိရသည်။ သို့သော် ကရင်နီတော်လှန်ရေးတပ်များက ပြည်နယ်၏ အတွင်းပိုင်းကျသော ဖားဆောင်းမြို့နယ်ရှိ စစ်စခန်းများကို  သိမ်းပိုက်နိုင်ခဲ့သည်။ 

ပြည်နယ်တစ်ခုလုံး ၇ မြို့နယ်ရှိသည့်အနက်   မယ်စဲ့၊ ရှားတော၊ ဖားဆောင်းနှင့် စစ်တပ် ထိုးစစ် ဆင်နေသော ဒီးမော့ဆို ၄ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်သဖြင့် မင်းအောင်လှိုင်အတွက် ရွေးကောက်ပွဲမှ တစ်ဆင့် ပြည်နယ်လွှတ်တော်နှင့် အစိုးရဖွဲ့နိုင်ရန် မရေရာလှပါ။ ထိုအခြေအနေကို ပြောင်းလဲနိုင်ရန် လာမည့် ၃ လအတွင်း စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် ကရင်နီထိုးစစ်ကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနိုင်သည်။

ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သော စစ်အုပ်ချုပ်ရေး မြို့နယ်များ စာရင်းတွင် ဒီးမော့ဆိုကို ထည့်သွင်းခြင်းမရှိသည်ကို ထောက်ရှုလျှင် စစ်ကော်မရှင်သည် ဒီးမော့ဆိုမြို့နယ်ကို ရွေးကောက်ပွဲမတိုင်မီ သိမ်းနိုင်ရန် ရည်မှန်းထားပုံရသည်။ သို့မှသာ မြို့နယ်အားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် သို့မဟုတ် အနည်းဆုံး ၄ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပကာ ပြည်နယ်လွှတ်တော်နှင့် အစိုးရများ ဖွဲ့စည်းနိုင်မည် ဖြစ်သည်။  

ကရင်ပြည်နယ် – မင်းအောင်လှိုင်သည် နိုင်ငံမြောက်ပိုင်း ကချင်နှင့် ရှမ်း(မြောက်) ကို တန်ပြန်ထိုးစစ်အတွက် စစ်အင်အားအလုံးအရင်းဖြင့် အားစိုက်နေချိန်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်များက နိုင်ငံ၏ အရှေ့တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တစ်ကြောရှိ စစ်တပ်၏ လက်ကျန် နယ်စပ်အခြေစိုက် တပ်စခန်းများနှင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်တို့ကို အလွယ်တကူ သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့သည်။ ထိုအချင်းအရာက မင်းအောင်လှိုင်တွင် တစ်နိုင်ငံလုံး တပ်ဖြန့်စစ်ဆင်နိုင်သော အင်အားမရှိသေးကြောင်း ပေါ်လွင်ထင်ရှားစွာ ပြသနေသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ၎င်းတို့၏ထိန်းချုပ်မှု လုံးဝမရှိတော့သည့် အခြေအနေကို ရောက်ရှိလာချိန်တွင် မင်းအောင်လှိုင်သည် နယ်စပ်ကုန်သွယ်ရေးဖြင့် တော်လှန်ရေးအင်အားစုများ ဘဏ္ဍာငွေရရှိမည်ကို ဖြတ်တောက်ရန် “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် စတင် ပိတ်ဆို့လာသည်။ ထိုစစ်ဆင်ရေးကို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ စိုးဝင်းက ဦးဆောင်တာဝန်ယူနေသည်။

ဩဂုတ်လ ၁၂ ရက်နေ့ စစ်ကော်မရှင် အစည်းအဝေးအတွင်း မင်းအောင်လှိုင်က “တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့်… လက်နက်ကိုင်အ ကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အ ကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရ ရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့၏အင်အားကို ပိုမိုတည်ဆောက်လာမည်” ဟု ပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုချက် ထွက်ပေါ်လာသလို မြဝတီနယ်စပ်မှ တင်သွင်းလာသော ကုန်ပစ္စည်းများကို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ စိုးဝင်း ဦးဆောင်ပြီး ပိတ်ဆို့ဖမ်းဆီးနေသည်။ ထို့ကြောင့်  မြန်မာနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများ တင်ဆောင်ထား သည့် ကုန်တင်ကား အစီး ၅၀၀ ခန့် ထိုင်းနယ်စပ်မြို့ မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး ပိတ်မိနေသည်။

လူများစု ဗမာလူမျိုးဒေသများ

မင်းအောင်လှိုင် ကြိုးပမ်းနေသော ရွေးကောက်ပွဲသည် လူများစုဗမာလူမျိုးများနေထိုင်ရာ နေရာဒေသများဖြစ်သော၊ စစ်တပ် ထိန်းချုပ်စိုးမိုးထားသော ရန်ကုန်၊ ပဲခူး၊ မကွေး မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်း မြို့နယ်တချို့တွင်သာ ကျင်းပနိုင်မည် ဖြစ်သည်။

စစ်ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် ပြည်နယ်/တိုင်း အခြေအနေ ခန့်မှန်းတွက်ချက်မှု

ပြည်နယ်  မြို့နယ် ပေါင်းစစ်အုပ်ချုပ်ရေး မြို့နယ်များ၂၀၂၄ သန်းခေါင်စာရင်း အရ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြေ မြို့နယ်များ ပြည်နယ်လွှတ်တော်/ အစိုးရ ဖွဲ့စည်းနိုင်ခြေ 
ရှိမသေခြာမရှိ
ကချင်၁၈မရှိ
ကရင်မရှိ
ကရင်နီမရှိ
ချင်းမရှိ
မွန်၁၀ရှိ
ရခိုင်၁၇၁၄၁၄မရှိ
ရှမ်း၅၅၁၅၁၆၁၄၂၅မသေချာ
၁၂၃၄၆၃၃၂၆၆၄
တိုင်းမြို့နယ် ပေါင်းစစ်အုပ်ချုပ်ရေး မြို့နယ်များ၂၀၂၄ သန်းခေါင်စာရင်း အရ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြေ မြို့နယ်များတိုင်းလွှတ်တော်/ အစိုးရ ဖွဲ့စည်းနိုင်ခြေ 
ရှိမသေခြာမရှိ
စစ်ကိုင်း၃၇၂၉မရှိ
တနင်္သာရီ၁၀မရှိ
ပဲခူး၂၈၂၃ရှိ
မကွေး၂၅၁၁မသေချာ
မန္တလေး၂၈၁၉ရှိ
ရန်ကုန်၄၅၄၅ရှိ
ဧရာဝတီ၂၆၂၆ရှိ
နေပြည်တော်ရှိ
စုစုပေါင်း၂၀၇၁၇၁၃၈ ၂၀ ၄၉ 

အထက်ဖော်ပြပါဇယားတွင် 

  • စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များ၊ 
  • ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းပြီး၊ ရာနှုန်းပြည့် ကောက်ယူနိုင်သော မြို့နယ်များ၊ 
  • လုံးဝ မြေပြင်ကွင်းဆင်းကောက်ယူနိုင်ခြင်းမရှိသော မြို့နယ်များနှင့် မြို့နယ်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအောက်သာ ကောက်ယူနိုင်သော မြို့နယ်များ ဟူ၍ ၃ မျိုး ခွဲခြား လေ့လာနိုင်သည်။

တိုင်းရင်းသားပေါင်းစုံ အဓိကနေထိုင်ရာ ပြည်နယ် ၇ ခုအနက် ပြည်နယ် ၅ ခု၏ ရွေးကောက်ပွဲများကို စုစုပေါင်း မြိုနယ်များ၏ ၅၀ ရာခိုင်နှုန်းအောက် များစွာလျော့နည်း ကျင်းပနိုင်မည်ဖြစ်၍ ပြည်နယ်အဆင့် လွှတ်တော်များနှင့် အစိုးရများ ဖွဲ့စည်းနိုင်မည့် အခြေအနေမရှိကြောင်း လေ့လာတွေ့ရှိရသည်။ 

ရှမ်းပြည်နယ်သည် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသော မြို့နယ် ၁၅ မြို့နယ်သာရှိ၍ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်နယ်အဆင့် လွှတ်တော်များနှင့် အစိုးရများ ဖွဲ့စည်းနိုင်မည့် အလားအလာကောင်းမွန်သည်ဟု ယူဆနိုင် သော်ငြားလည်း၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်မှုရလဒ်ကို ကြည့်လျှင် မသေချာသော အခြေအနေ ဖြစ်သည်။ 

မွန်ပြည်နယ်တစ်ခုသာ လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်မှု အခြေအနေအရလည်းကောင်း၊ စစ်အုပ်ချုပ် ရေး ကြေညာထားသော မြို့နယ် လုံးဝမရှိခြင်းကြောင့်လည်းကောင်း ပြည်နယ်လွှတ်တော်နှင့် အစိုးရ ဖွဲ့စည်း နိုင်မည့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေ ရှိပါသည်။ 

သို့သော် ဘာမဆိုလုပ်မည့် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် ခေတ်အဆက်ဆက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနတွင်  ရှိနေသော လူဦးရေစာရင်းဟောင်းများကို ပြန်အသုံးပြုပြီး၊ ၂၀၂၄ ခုနှစ်က မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ခြင်းမရှိသော မြို့နယ်များ၏ မဲစာရင်း ပြုစုရန် လုပ်ဆောင် နေသည်။ ၎င်းတို့ကိုယ်တိုင် မှားယွင်းနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို စွပ်စွဲခဲ့သော မဲစာရင်းကိုပင် ပြန်လည်အသုံးချပြီး၊ မည်သည့် လွတ်လပ်သောအဖွဲ့အစည်းမှ စစ်ဆေးခွင့်မရှိသော မဲစာရင်းများကို တိကျမှန်ကန်ပြည့်စုံသည် ဟု လိမ်ညာကြပေလိမ့်မည်။ 

လာမည့် ရွေးကောက်ပွဲတွင် မင်းအောင်လှိုင်အတွက် အဓိက အာရုံစိုက်နေသည့်အချက်မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပနိုင်မည့် မဲဆန္ဒနယ်အရေအတွက် အလုံအလောက်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်သည်။ စစ်တပ်က ပြည်ထောင်စုလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူထားပြီးဖြစ်ရာ၊ ရွေးကောက်ခံ ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်း ရှိမည်ဆိုလျှင် လွှတ်တော်အစည်းအဝေး ပထမနေ့ ကျင်းပချိန်တွင် ၅၀ ရာခိုင်နှုန်းကျော်သဖြင့် လွှတ်တော်အစည်းအဝေး အထမြောက်မည် ဖြစ်သည်။ 

ရွေးကောက်ခံကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်းသည် ပြည်သူ့လွှတ်တော်တွင် ၈၆ နေရာ သို့မဟုတ် မြို့နယ် ၈၆ မြို့နယ်၊ အမျိုးသားလွှတ်တော်တွင် ၄၄ နေရာ သို့မဟုတ် တိုင်းတစ်ခုလျှင် ၁၂ နေရာနှင့် တိုင်း ၄ခုတွင် ကျင်းပ ရုံမျှဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းနိုင်မည်။ ထို့ကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေး တိုင်း ၄ခုတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရုံမျှဖြင့် မင်းအောင်လှိုင်၏ အနည်းဆုံးလိုအပ်ချက် ပြည့်မီနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Related Articles

Back to top button