မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က အသေခံဒရုန်း အများအပြား အသုံးပြုပြီး မြေပြင်ထိုးစစ်ဆင်နေရာ မြို့နယ်အရှေ့ခြမ်းကျေးရွာ နှစ်ရွာထက်မနည်းနှင့် ခံစစ်နယ်မြေအချို့ကို တော်လှန်ရေးဘက်က လက်လွှတ်လိုက်ရကြောင်း ဒေသခံများနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်များထံ က သိရသည်။
မတ္တရာမြို့နယ်မှ အယ်လ်ဖာဘိလပ်မြေစက်ရုံကို ပြန်လည်ရရှိသွားခဲ့သည့် စစ်တပ်သည် မြို့အရှေ့ဘက် မန္တလေး-မတ္တရာလမ်းဘေးကျေးရွာများဖြစ်သော ရှစ်မိုင်ကျော်အကွာ ကင်းရွာနှင့် ခုနစ်မိုင်ကျော်အကွာ အောင်ချမ်းသာကျေးရွာတို့ကို ထိန်းချုပ်ပြီး ဖြစ်သလို မတ္တရာတောင်ဘက် ၁၂ မိုင်ကျော်အကွာ မြောင်းဦး ကျေးရွာအနီး ရောက်ရှိနေကြောင်း ဒေသခံများက ပြောကြသည်။
“အရှေ့ခြမ်းကတော့ စကစက တဖြည်းဖြည်းရှေ့တိုးနေတာ။ အခုတော့ ကင်းရွာ ရောက်နေပြီ။ မြောင်းဦးတို့ ကြပ်ပြင်တို့ကိုလည်း နေ့တိုင်း လက်နက်ကြီးတွေ ပစ်သွင်းနေတယ်”ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် မတ္တရာမြို့နယ်အရှေ့ခြမ်း ဆည်တော်ကြီးရေလှောင်တမံအနီးမှ စကားပင် ကျေးရွာအထိ ပြန်သိမ်းမည်ဟု ကြွေးကြော်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ထိုးစစ်ဆင်ရာတွင် လေယာဉ်မျိုးစုံဖြင့် ဗုံးကြဲခြင်းအပြင် အသေခံဒရုန်း ခေါ် FPV (First Person View) အဆင့်မြင့်ဒရုန်းအများအပြားကို အသုံးပြုလာသည့်အတွက် အထိအခိုက်များသဖြင့် နောက်ဆုတ်ပေးနေရကြောင်း တိုက်ပွဲများတွင် ပါဝင်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့သုံးတဲ့ လက်နက်နဲ့ နည်းပညာပိုင်း တအားမြင့်နေတော့ကျတော့ ကိုယ့်ဘက်က တောင့်မခံနိုင်တာပေါ့၊ အဓိကကတော့ ဒရုန်းပဲ။ ဒရုန်းပိုင်းကို မခံနိုင်တာပဲ။ ဒရုန်းဒဏ်ကို မခံနိုင်တာ။ အရှေ့ခြမ်းကတော့ တဆုတ်တည်းဆုတ်နေရတာ”ဟု ၎င်းက ဆက်ပြောသည်။
“လောလောဆယ်ရက်ပိုင်းဆိုရင် လေယာဉ်ထက် ဒရုန်းက ပိုဆိုးနေတာ၊ အခုလည်း Drop Bomb ချနေတယ်၊ ဒရုန်းပိုင်းက တော်တော်ကို လုပ်ငန်းလုပ်နေတာ” ဟု ထို PDF အဖွဲ့ဝင်က ယနေ့ နေ့လယ်တွင် ပြောသည်။
စစ်တပ်သည် မတ္တရာမြို့နယ်ကို စတင်ထိုးစစ်ဆင်ကတည်းက ဒရုန်းအများအပြား အသုံးပြုခဲ့သည့် အတွက် တစ်နှစ်ကျော်ကြာ ကြံ့ကြံ့ခံထားနိုင်ခဲ့သည့် ခံစစ်စည်းနေရာအချို့ကိုလည်း MDY-PDF က လက်လွှတ်ခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ်က ထိုးစစ်ဆင်လာသည့် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ အယ်လ်ဖာစက်ရုံ၏မြောက်ဘက် မတ္တရာမြို့နယ် ကျေးရွာများဖြစ်သော မန်ကျည်ကုန်းနှင့် အောင်ချမ်းသာရွာအကြား ကျရောက်ပေါက်ကွဲရာ အသက် ၃၀ အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။
MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က နယ်မြေတချို့ ဆုတ်လိုက်ရကြောင်း Myanmar Now ကို ယနေ့ မွန်းလွဲတွင် ပြောသည်။
“ မတ္တရာ အရှေ့ခြမ်းက နယ်မြေတချို့ ဆုတ်ပေးရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မတ္တရာ အရှေ့ခြမ်းက နေရာတော်တော်များများမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းရှိပါတယ်။ ဖယောင်းတောင်နဲ့ အယ်လ်ဖာအနီးတဝိုက်ကို ဆုတ်ပေးထားတာ ရှိပါတယ်” ဟု သူက ဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ၂ နာရီဝန်းကျင်ခန့်တွင် မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ဓာတ်အား ပေးစက်ရုံအား Y-12 လေယာဉ်နှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ထရန်စဖော်မာ သုံးလုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ထားသည်။
အဆိုပါဓာတ်အားပေးစက်ရုံသည် ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့အတွက် လျှပ်စစ်မီးရရှိစေရန် အဓိကကျသော ဓာတ်အားပေးစက်ရုံတစ်ခု ဖြစ်သည်။
၂၀၂၃ ခုနှစ်က အစပြုသော “၁၀၂၇” စစ်ဆင်ရေးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) နှင့်ပူးပေါင်းတပ်များက မတ္တရာမြို့နယ် အရှေ့ခြမ်းကို ထိန်းချုပ်ထားသလို ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်အနောက်ခြမ်းကို ဒေသအခြေ စိုက်တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားရာ စစ်တပ်သည် မတ္တရာမြို့ပေါ်တွင် ပိတ်ဆိုခံထားရသည့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့သည်။
စစ်တပ်သည် ယမန်နှစ် နိုဝင်ဘာလမှ စတင်ကာ မြို့နယ်အနောက်ခြမ်းကို နယ်မြေရှင်းလင်းရေး လုပ်ကာ ထိန်းချုပ်ခဲ့သည်၊ ထို့နောက် မြို့နယ်အရှေ့ခြမ်း တရွေ့ရွေ့တိုးလာရာ ယခုအခါ မတ္တရာမြို့အနီး ကျေးရွာ များအထိ ရောက်ရှိနေခြင်း ဖြစ်သည်။
“ ၁၀၂၇” စစ်ဆင်ရေးအတွင်း PDF နှင့် တိုင်းရင်းသားတပ်ဖွဲ့များ၏ ဒရုန်းဒဏ်ကို ခံခဲ့ရသည့် စစ်တပ် အနေဖြင့် ဒရုန်းနည်းပညာကို အဆင့်မြှင့်တင်ခဲ့ရာ တော်လှန်ရေးတပ်များ၏ သိမ်းပိုက်နယ်မြေများကို ယခုနှစ်အတွင်း ပြန်ထိုးစစ်ဆင်ရာတွင် ဒရုန်းအများအပြား အသုံးပြုလာသည်။
အသေခံဒရုန်းဟု ခေါ်သော FPV ဒရုန်းများ သုံးလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဝင်များကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပြင် စစ်ရှောင်များနေထိုင်သည့် ကျေးရွာအဆောက်အအုံများ အတွင်းအထိ ဝင်ရောက်ဖောက်ခွဲခြင်းများ ဆက်တိုက်လုပ်လာခဲ့သည်။
လတ်တလောတွင် မြို့နယ်၏ အရှေ့ပိုင်းကျေးရွာများမှ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေး နေကြရပြီး၊ PDFတပ်ဖွဲ့များမှာလည်း မြောင်းသစ်ရွာ၏အရှေ့ဘက်ရှိ ကျေးရွာအချို့မှ ဆက်လက်ခုခံနေပြီး နေ့စဉ် ထိတွေ့မှုများဖြစ်ပေါ်နေသည်။
စစ်တပ်သည် မန္တလေး-မတ္တရာ ကားလမ်းပေါ်မှ ကျေးရွာများဖြစ်သည့် ကျောက်တံတား၊ ဘိုကုန်း၊ မြကန်သာ၊ သရက်ကိုင်းရွာတို့ကို ပြန်လည်ရရှိသွားချိန်တွင် အဆိုပါကားလမ်းကို အသုံးပြုနိုင်ခဲ့သည်။
မတ္တရာမြို့၊ ထီးတော်မိုးရွာ၊ ပုသိမ်ကြီးနှင့် မန္တလေးမြို့တို့မှ ဟောင်ဝှစ်ဇာအမြောက်၊ အတွဲလိုက်ပစ် ဒုံးလက်နက် ကဲ့သို့သော လက်နက်ကြီးပစ်ကူအများအပြားကိုလည်း အသုံးပြုနေသည်ဟု သိရသည်။
မတ္တရာမြို့နယ်နည်းတူ သပိတ်ကျင်းမြို့နယ်တွင်လည်း စစ်တပ်က တစ်မြို့နယ်လုံး ထိန်းချုပ်ရန် ကြိုးပမ်းနေသဖြင့် သပိတ်ကျင်း-ဖော့တောလမ်းဆုံတစ်လျှောက် တိုက်ပွဲများ ဖြစ်နေသည်။
ယခုနှစ် နှစ်လယ်မှ စတင်သော စစ်တပ်၏ တန်ပြန်ထိုးစစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသည့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ပြန်လည်ရယူသွားသလို တော်လှန်ရေးတပ်များ သိမ်းထားသည့် စဉ့်ကူး၊ မတ္တရာအရှေ့ ခြမ်းကို ခြိမ်းခြောက်လာသည်။
တအာင်းတပ် TNLA ၏ ရှမ်းမြောက်မှ နောင်ချိုမြို့ကို ပြန်သိမ်းသလို ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်ကို ပြန်ရယူရန်ကြိုးပမ်းနေသည်။
အလားတူ ကချင်နှင့်ကရင်နီ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း စစ်တပ်က ထိုးစစ်များ ပြန်စနေသည်။




