အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျူခေါင်းဆောင် ထိုင်းမဘသနှင့်ပေါင်းပြီး ထိုင်းရောက်မြန်မာအချို့ကို ခြိမ်းခြောက်

ပျူစောထီးကို မွေးမြူ၍ ပြည်သူကို ပြန်သတ်ခိုင်းသည့် ပေါက်ကိုယ်တော်သည် တော်လှန်ရေးတွင် ပါဝင်နေသည့် ထိုင်းရောက်မြန်မာများကို စစ်အာဏာရှင်အလိုကျ ဒုက္ခပေးနေသည်ဟု ဝေဖန်ခံနေရသည်။

ပျူစောထီးလက်နက်ကိုင်အဖွဲ့၏ သင်္ကန်းဝတ်ခေါင်းဆောင် ပေါက်ကိုယ်တော် ခေါ် အရိယဝံသသည် ထိုင်းနိုင်ငံသို့ရောက်လာပြီးနောက် ထိုင်းအမျိုးသားရေးသမား နှုတ်ခမ်းမွေးဟုလူသိများသည့် Toon Ratchapakdi ဆိုသူနှင့်တွေ့ကာ ထိုင်းရောက်မြန်မာအချို့ကို ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထိုင်းသို့ မထွက်ခွာမီက လူမူကွန်ရက် Tik Tok တွင် ၎င်းကို ဝေဖန်သည့် ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးနှင့် အခြေအတင်ဖြစ်ခဲ့သည်။ ထိုသူကို လိုက်လံရှာဖွေနေရာ မတွေ့သဖြင့် ထိုင်းမဘသများအကူအညီဖြင့် ပြဿနာရှာခိုင်းမည့်သဘောပြောဆိုသည့် ရုပ်သံကို  တယ်လီဂရမ်တွင် စက်တင်ဘာ ၈ နှင့် ၉ ရက်နေ့များ တင်ခဲ့သည်။

မြန်မာအလုပ်သမားများကို နိုင့်ထက်စီးနင်း ဆက်ဆံလေ့ရှိသည်ဟု နာမည်ကြီးသူ ထိုင်းအမျိုးသားရေးသမား နှုတ်ခမ်းမွှေးနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် တွေ့ဆုံပြီး ၎င်း၏ လုပ်ရပ်များကို ထောက်ခံကြောင်း ပေါက်ကိုယ်တော်က ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် အရေးယူခံရပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခံရသူ မြန်မာအချို့ထိုင်းဘက်သို့ ပြန်ရောက်လာခြင်းကြောင့် ၎င်းတို့ ကြိုးပမ်းမှုအရာမထင်ဖြစ်နေကြောင်း ‌ထိုင်းအမျိုးသားရေးသမားက ပေါက်ကိုယ်တော်ကို ပြောဆိုရာ တာဝန်ရှိသူတို့ကို ထိရောက်စွာ ထပ်မံအရေးယူရန်လည်း ပြောပေးမည်ဟု ပေါက်ကိုယ်တော်က ဆိုသည်။

ထိုင်းအမျိုးသားရေးသမားများက ထိုင်းရောက် မြန်မာပြည်မှလာသည့် ရွှေ့ပြောင်းလုပ်သားတို့၏ အလုပ်အကိုင်၊ ပညာရေး အစီအစဉ်တို့သည်  ၎င်းတို့၏ အကျိုးစီးပွားထိခိုက်သည်ဟုယူဆ ထားသူများဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ပြုလုပ်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲစီစဉ်သူများကို  မကြာခဏ တိုက်ခိုက်သူများလည်း ဖြစ်သည်။

အရပ်သားလက်နက်ကိုင်တပ် ပျူစောထီးများကို မွေးမြူ၍ ပြည်သူကို ပြန်သတ်ခိုင်းသည့် ပေါက်ကိုယ်တော်သည်  ထိုင်းရောက်မြန်မာများကို စစ်အာဏာရှင်အလိုကျ ဒုက္ခပေးမည့်သူဖြစ်သည်ဟု  အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ဝေဖန်သည်။

“ပေါက်ကတုံး ဒီဘက်ကိုရောက်လာတာက ပြည်တွင်းမှာ ဒုက္ခပေးလို့အားမရတဲ့အပြင် ထိုင်းမှာ ယနေ့ ထောက်ပို့လုပ်နေကြတဲ့သူတွေ၊ ထိုင်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဒီထက်ပိုမိုပြီး ဒုက္ခရောက်စေဖို့၊ ဘေးဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာတာဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။ 

“ပြည်တွင်းကို ထောက်ပို့လုပ်နေကြတဲ့သူတွေကို အကြမ်းဖက်ဆိုတဲ့ခေါင်းစည်းနဲ့ လိုက်လံပြီးတော့ ဒီထက်ပိုမိုပြီးတော့ ရန်ရှာအပြစ်ပေး၊ မြန်မာနိုင်ငံပြန်ပို့ဖို့တွေကို ထိုင်းမဘသနဲ့ လက်ဝါးချင်းရိုက်ပြီး ဆောင်ရွက်နေတာတွေက လုံးဝလုံးဝကို ကောင်းတဲ့လက္ခဏာတွေမဟုတ်ပါဘူး” 

ပြည်သူများ၏ အသက်အိုးအိမ်ကိုဖျက်ဆီးနေသည့် ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်ခြင်းကြောင့် ပေါက်ကိုယ်တော်သည် ရဟန်းတစ်ပါးမဟုတ်တော့ဘဲ ထိုသူကို ထိုင်းသံဃာထုနှင့် ပြည်သူများကလည်း လက်မခံသင့်ကြောင်း ဆရာတော်က တိုက်တွန်းသည်။

ပေါက်ကိုယ်တော် လုပ်ရပ်များကို သံဃာနာယက အဖွဲ့ကြီးက လုံးဝလက်မခံသင့်ကြောင်း၊ သံဃာဂိုဏ်းအသီးသီးက ဆုံးမသင့်ကြောင်း၊ သို့သော် စစ်တပ်နှင့်နီးစပ်သည့် အရှင်ဆေကိန္ဒသည် ၎င်းကို မဆုံးမသည့်အပြင် လူပုံအလယ်တွင် ငွေကျပ်သိန်း ၁၀၀ ချီးမြင့်ခဲ့ကြောင်း ဆရာတော်က မိန့်သည်။ 

အသက် ၄၀ အရွယ် ပေါက်ကိုယ်တော်သည် မဘသ၏ ဒုတိယမျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ မဘသဆိုသည်မှာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် စစ်တပ်၏ ပံ့ပိုးမှုဖြင့် ပေါ်ပေါက်လာသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်ကို ထောက်ခံရေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆန့်ကျင်ရေး ဦးတည်လှုပ်ရှားခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးဝီရသူကဲ့သို့သော မဘသခေါင်းဆောင်များ ထောင်ထဲရောက်နေချိန်တွင် ပေါက်ကိုယ်တော်သည် အာဏာသိမ်းစစ်တပ်ကို ထောက်ခံရေးလှုပ်ရှားမှုများတွင် ရှေ့တန်းရောက်လာသည်။

Related Articles

Back to top button