အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငွေလိမ်ဂိုဏ်းများ ဆက်လည်ပတ်နေခြင်းကြောင့် BGF ခေါင်းဆောင် စောချစ်သူနှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်အရေးယူ

အမေရိကန်အစိုးရ၏ ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်သည့် လုပ်ငန်းများတွင် ဗိုလ်မှူကြီးစောချစ်သူ ပိုင်ဆိုင်သည့် ချစ်လင်းမြိုင် ကုမ္ပဏီ လိမိတက်၊ ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင် သတ္ထု တူးဖော်ရေးနှင့်စက်မှုလုပ်ငန်း ကုမ္ပဏီလိမိတက်တို့ပါဝင်သည်။

မြန်မာ-ထိုင်း နယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့ရှိ ကျားဖြန့်(ခ) အွန်လိုင်း ငွေကြေးလိမ်လည်မှုများ တိုးမြင့်လာပြီး ထိုလုပ်ငန်းနှင့် ဆက်စပ်သည့် ကရင် နယ်ခြားစောင့်တပ် (​BGF)၏ လူပုဂ္ဂိုလ်နှင့်လုပ်ငန်း ကိုး ခုကိုပိတ်ဆို့ အရေးယူလိုက်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ယမန်နေ့ (စက်တင်ဘာလ ၈ ရက်နေ့) ရက်စွဲဖြင့်ထုတ်ပြန်သည်။ 

လိမ်လည်မှုများသည် ၂၀၂၄ ခုနှစ်အတွင်း ၆၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး အမေရိကန်များကို ပစ်မှတ်ထား နေသောကြောင့် ၂၀၂၄ တစ်နှစ်တည်းတွင်   ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခံခဲ့ရသည်ဟု OFAC က ဆိုသည်။

ပိတ်ဆို့ အရေးယူမှုတွင် BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် လည်ပတ်နေသည့် လုပ်ငန်း ခြောက်  ခု၊ ကမ္ဘောဒီယားအခြေစိုက် လုပ်ငန်း ၁၀ ခုလည်း ပါဝင်သည်ဟု OFAC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရ၏ ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်သည့် လုပ်ငန်းများတွင် ဗိုလ်မှူးကြီးစောချစ်သူ ပိုင်ဆိုင်သည့် ချစ်လင်းမြိုင် ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင် သတ္တု တူးဖော်ရေးနှင့်စက်မှုလုပ်ငန်း ကုမ္ပဏီလိမိတက်တို့ပါဝင်သည်။ 

ထို့ပြင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ သား ဗိုလ်မှူး စောမင်းမင်းဦး မန်နေဂျင်း ဒါရိုက်တာအဖြစ် ဦးဆောင်ဆောင်ရွက်နေသည့် မြန်မာရထိုက် အပြည်ပြည်ဆိုင်ရာကုမ္ပဏီ လုပ်ငန်းစု၊ ငွေလိမ်ဂိုဏ်းများတည်ရှိရာ ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို လျှပ်စစ်မီး ဖြန့်ဖြူးနေသည့် ဗိုလ်မှူး စောတင်ဝင်း ၏ ရွှေမြင့်သောင်ရင်း စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီလိမိတက်တို့လည်း ပါဝင်သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်း၏ အဓိက ရင်းနှီးမြှုပ်နှံသူ၊ ရထိုက်အပြည်ပြည်ဆိုင်ရာ ဦးပိုင်လုပ်ငန်းစု တည်ထောင်သူ တရုတ်လူမျိုး ရှီကျင်ကျန်းလည်း ထိုပိတ်ဆို့ အရေးယူမှု စာရင်းတွင် ပါဝင်သည်။

စောချစ်သူနှင့် မိသားစုဝင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုပြပုံ။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ဗိုလ်မှူးကြီး စောချစ်သူသည် ၎င်းဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ကို ကရင်အမျိုးသား တပ်မတော် (KNA) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ BGF သည် ကျားဖြန့်(ခ) ငွေကြေးလိမ်လည်လုပ်ငန်းကို ကိုယ်တိုင် ဦးဆောင်ပါဝင်နေပြီး ထိုလုပ်ငန်းများကို အယောင်ပြသာ နှိမ်နင်းခဲ့ခြင်းကြောင့် ငွေလိမ်ဂိုဏ်းများမှာ ပိုမိုကြီးထွားလာသည်ဟုလည်း OFAC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျားဖြန့် ခေါင်းဆောင်၏ စီးပွားဖက် ဗိုလ်မှူးကြီး စောချစ်သူ 

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၉၅ တွင် ထိုအဖွဲ့မှ ခွဲထွက်လာသည့် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) တွင် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ 

၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီအယောင်ပြ ရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် DKBA ကို နယ်ခြားစောင့်တပ်အဖြစ် စစ်တပ်အောက်ဝင်ရန် ဖိအားပေးခဲ့ရာမှ ဗိုလ်မှူးကြီး စောချစ်သူသည် နယ်ခြားစောင့်တပ် (BGF) ၏ ထိပ်တန်းအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။

ထို့နောက် ဗိုလ်မှူးကြီး စောချစ်သူသည် မြန်မာ-ထိုင်း နယ်စပ်အနီးရှိ မြေဧက သုံးသောင်းကျော်ကို အသုံးပြုကာ ရွှေကုက္ကို မြို့သစ်စီမံကိန်းကိုတည်ထောင်ခဲ့ပြီး ကျားဖြန့် (ခ) အွန်လိုင်း ငွေကြေး လိမ်လည်လုပ်ငန်းများကို စတင်ခဲ့ခြင်းဖြစ်သည်။ 

ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို မြန်မာရထိုက် အပြည်ပြည်ဆိုင်ရာ ဦးပိုင်လုပ်ငန်းစု တည်ထောင်သူ တရုတ်အမျိုးသား ရှီကျင်ကျန်းက ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး BGF က တည်ထောင်ထားသည့် ချစ်လင်းမြိုင် ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ကြခြင်းဖြစ်သည်။ 

  ဗိုလ်မှူးကြီး စောချစ်သူ၏ BGF အဖွဲ့က ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်  ဒေါ်လာ ၁၉၂ သန်း ရရှိနေပြီး ထိုငွေ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာစစ်တပ်သို့ ပေးရသည်ဟု အမေရိကန် ပြည်ထောင်စု၊ ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ၂၀၂၄ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ထို့ပြင် ဗိုလ်မှူးကြီး စောချစ်သူ၏ BGF တပ်သည် ကျားဖြန့်၊   လူကုန်ကူးမှုနှင့် တရားမဝင် ရာဇဝတ် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု Justice For Myanmar (JFM) ကလည်း ၂၀၂၄ မေလက ထုတ်ပြန်ထားသည်။ 

BGF ခေါင်းဆောင်များနှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသားများအပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံသားများကို ကျွန်ပြုခိုင်းစေနေပြီး ကျားဖြန့် လုပ်ငန်းများမှ အကျိုးအမြတ်ဖြင့် ကြွယ်ဝချမ်းသာလာသည်ဟု JFM ၏ ထိုအစီရင်ခံစာက ဆိုသည်။ ထို့နောက် ၂၀၂၂  ခုနှစ် ဩဂုတ်လတွင် ရထိုက် အပြည်ပြည်ဆိုင်ရာဦးပိုင်လုပ်ငန်း တည်ထောင်သူ ရှီကျီကျန်းကို လူကုန်ကူးမှု၊ ကျားဖြန့် (ခ) အွန်လိုင်း ငွေလိမ်မှုလုပ်ငန်းများဖြင့် ထိုင်းအစိုးရက ဖမ်းဆီး အရေးယူခဲ့သည်။ 

ရှီကျီကျန်း ပြန်လည်လွတ်မြောက်ရန် စောချစ်သူ ခေါင်းဆောင်သည့် BGF အဖွဲ့ဝင်များက အခမ်းအနားဖြင့် ဆုတောင်းခဲ့ကြသည်။

ထို့ပြင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်များဖြစ်သော  ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်မည့် သတင်းများထွက်ပေါ်လာခဲ့သော်လည်း ကျားဖြန့် လုပ်ငန်းများ ပိုမို အားကောင်းလာခဲ့သည်။

နယ်စပ် တလျှောက် လည်ပတ်နေဆဲ ငွေလိမ်ဂိုဏ်းများ 

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်နှင့် KK Park ကဲ့သို့ ရာဇဝတ်သားတို့၏ လွတ်မြောက်နယ်မြေ ကျားဖြန့်လုပ်ငန်းခွင်သည်  လူကုန်ကူးခံထားရသူ တစ်သိန်းကို နေရာချထား ပေးနိုင်သည်အထိ ကြီးမားလာသည်ဟု ဗြိတိန်အခြေစိုက် The Guardian သတင်းစာ အွန်လိုင်းစာမျက်နှာတွင် စက်တင်ဘာလ ၇ ရက်နေ့က ရေးသားထားသည်။

ထိုလုပ်ငန်းခွင်များတွင် ကျွန်ပြုခံနေရသူ အများအပြားကို ကယ်ထုတ်နိုင်သည့်သတင်း မကြာခဏ ထွက်ပေါ် နေသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် လုပ်ငန်းနှစ်ဆ ကြီးထွားလာပြီး ယနေ့တိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အသစ်များ ရှိနေသည်ကို ကောင်းကင်ဓာတ်ပုံမှတ်တမ်းများက ပြသနေသည်ဟု အဆိုပါသတင်းတွင် ထောက်ပြထားသည်။  

သြစတေးလျနိုင်ငံ စစ်ရေးသုသေတနအဖွဲ့အစည်းဖြစ်သော Data from the Australian Strategic Policy Institute ၏ လေ့လာချက်အရ ကျားဖြန့်လုပ်ငန်းခွင် အရေအတွက်မှာ ၁၁ ခုမှ ၂၇ ခုအထိ တိုးပွားနေသည်၊ မြေနေရာတိုးချဲ့မှုမှာ လစဉ် ၅.၅ ဟက်တာ (၁၃.၆ ဧက) ခန့် ရှိသည်ဟု သတင်းဆောင်းပါးတွင် ဖော်ပြထားသည်။  

သြဂုတ်လအတွင်း The Guardian သတင်းဌာနက ဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းများတွင်လည်း ကျားဖြန့်လုပ်ငန်းများ တည်ရှိသည့်နေရာတွင် အသစ်တည်ဆောက်မှု၊ လုပ်ငန်းလည်ပတ်မှုများ ရှိနေသည်ကို တွေ့ရသည်။  

ထိုင်း- မြန်မာနယ်စပ်မျဉ်းအနီး ထိုနေရာရှိ လုပ်ငန်းများကို ရာဇဝတ်ဂိုဏ်းများက စီမံခန့်ခွဲနေခြင်းဖြစ်ပြီး အာဏာသိမ်းစစ်တပ်က အကာအကွယ်ပေးထားခြင်း သို့မဟုတ် ခွင့်ပြုပေးထားသဖြင့် လုပ်ငန်းကြီးထွားလာနေခြင်း ဖြစ်ကြောင်းလည်း The Guardian က မှတ်ချက်ပြုထားသည်။

ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့် (ခ) ငွေလိမ်ဂိုဏ်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး လူကုန်ကူး ကျွန်ပြုနှိပ်စက်ခံနေရသူ အများအပြားမြင်တွေ့ခဲ့ရသည်ဟု ငွေလိမ်ဂိုဏ်း တစ်ခုတွင် ဝန်ထမ်း အဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် ယခုလပိုင်းအတွင်းတွင်  ပြန်လည်လွတ်မြောက်လာခဲ့သည့် အမျိုးသမီး တစ်ဦးက Myanmar Now ကိုပြောသည်။ 

“သူတို့ခိုင်းတာမလုပ်ရင် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထားတယ်၊ ပြီးရင် ရေသန့်ဘူးကြီးကြီး တွေလေ အဲဒါကြီးကို တစ်နေကုန် မခိုင်းထားတာ၊ မ ခိုင်းထားတဲ့ပုံစံကလေ ခြေထောက်နဲ့ ဒူးကိုကွေး၊ လက်ပြင်ကိုကုန်းပြီးရင် အဲဒီရေဘူးကို မခိုင်းထားပြီး လုံးဝမချခိုင်းဘူး၊ ပြစ်ဒဏ်ပေးတာ”ဟု ၎င်းက ပြောသည်။ 

ထို့ပြင် မြန်မာလူမျိုးများ အပါအဝင် နိုင်ငံတကာမှ လူကုန်ကူးခံထားရသူများကို မြင်တွေ့ခဲ့ရပြီး အများစုမှာ တရုတ်လူမျိုးများဖြစ်သည်ဟု ဆိုသည်။ တိုက်ပေါ်မှ ပြုတ်ကျပြီး သေဆုံးသူများ၊ မူးယစ်ဆေး သုံးစွဲ​​​ပြီးသေဆုံးသူများကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“အခု သူတို့ခိုင်းတာ မအောင်မြင်ဘူးပေါ့၊ ပိုက်ဆံဝင်တာနည်းတယ်၊ သူတို့လိမ်ခိုင်းတာ၊ ပိုက်ဆံဝင်တာနည်းတယ်ဆိုရင် ရောင်းစားခံ တရုတ်တွေဆိုရင် အခန်းကျဉ်းကျဉ်းလေးထဲ လူအယောက် ၂၅ ၊ ၃၀ ကို  လှောင်ပိတ်ထားတာ” ဟု ၎င်းက ဆက်ပြောသည်။ 

၂၀၁၇ တွင် ကရင်နယ်ခြားစောင့်တပ် BGF နှင့် ရထိုင် နိုင်ငံတကာ ဦးပိုင် လုပ်ငန်းစုတို့ အကျိုးတူ ဖော်ဆောင်ခဲ့သည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်း၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို  ဗိုလ်မှူးကြီး စောချစ်သူ၏ သားဖြစ်သူ ဗိုလ်မှုး စောမင်းမင်းဦးက ပိုင်ဆိုင်ထားသည်။ 

ဗိုလ်မှူးကြီး စောချစ်သူမိသားစုဝင်များ ခြယ်လှယ်နေသည့် BGF ပိုင် စီးပွားရေးလုပ်ငန်းများတွင် ဗိုလ်မှူးကြီး စောမင်းမင်းဦးနှင့် ဗိုလ်မှူးစောတင်ဝင်းတို့မှာလည်း အရေးပါသည့် BGF အရာရှိများဖြစ်သည်။

၎င်းတို့နှစ်ဦးနှင့် ခေါင်းဆောင်ဖြစ်သူ စောချစ်သူတို့ကို ဗြိတိန်အစိုးရက ၂၀၂၃ ဒီဇင်ဘာလက ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ထားသည်။ BGF ခေါင်းဆောင်သုံးဦးနှင့်အတူ ရထိုက်ကုမ္ပဏီ၌ အများဆုံးရှယ်ယာရှင်တစ်ဦးဖြစ်သူ ရှီကျင်ကျန်း(She Zhijiang) ဆိုသူကိုပါ ဗြိတိန်အစိုးရက ၂၀၂၄ မေလတွင် ဒဏ်ခတ်အရေးယူထားသည်။

ယင်းတို့ လေး ဦးသည် ရွှေကုက္ကိုလ်ရှိ ငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံရသူများ အဓမ္မစေခိုင်းမှု၊ လူမဆန်စွာညှဉ်းပန်းနှိပ်စက်မှုများအတွက် တာဝန်ရှိသူများဖြစ်သောကြောင့် ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် ဥရောပသမဂ္ဂ(အီးယူ)ကလည်း အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းတို့ကို ၂၀၂၄ အောက်တိုဘာလတွင် ထပ်မံအရေးယူပိတ်ဆို့ထားသည်။ 

၂၀၂၅ မေလတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သားနှစ်ဦးဖြစ်သူ ဗိုလ်မှူး စောထူးအယ်မူးနှင့် ဗိုလ်မှူး စောချစ်ချစ်တို့ နှစ် ဦးကို အမေရိကန်အစိုးရက ထပ်မံဒဏ်ခတ်အရေးယူ ပိတ်ဆို့ခဲ့သည်။ 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)၏ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်နှင့် လုပ်ငန်းများသည် အမေရိကန်နိုင်ငံရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခံရမည်ဖြစ်သည်။ 

Related Articles

Back to top button