စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲတွင် အခြေစိုက်သည့် ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးအား အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးလိုက်သည်။
သက်ငယ်မုဒိမ်းသံသယဖြင့် ဖမ်းဆီးခံရသူ အသက် ၂၅ နှစ်အရွယ် ကိုမျိုးကို သည် ဒေသတွင်းကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်သည့် ‘တွေ့မရှောင်’ အဖွဲ့မှဖြစ်ကြောင်း NUG ဘက်ကဆိုသည်။
ထိုအဖွဲ့သည် NUG ၏ ဖွဲ့စည်းပုံအောက်တွင်ရှိမနေဘဲ သီးခြားရပ်တည်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်းလည်း ဒေသတွင်း NUG အုပ်ချုပ်ရေးအရာရှိများကဆိုသည်။
ဖမ်းဆီးခံထားရသူသည် စက်တင်ဘာလ ၅ ရက်နေ့က ရွာဈေးတန်းတွင် လက်ဘက်ရည်ဝယ်ပြီး ပြန်လာသည့် မိန်းကလေးငယ်ကို ရွာမြောက်ဘက်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်းအနီးရှိ နေအိမ်တစ်ခုထဲခေါ်ဆောင်ကာ အဓမ္မကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာ ပကဖတာဝန်ခံ ကိုပုံကပြောသည်။
“နင်နောက်တစ်ခါဒီလမ်းမလာနဲ့။ ဘယ်သူ့ကိုမှလည်းမပြောနဲ့။ ဒီလမ်းကိုလာတာနဲ့ နင့်ကိုငါအရှင်မထားဘူး။ သတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တာ။ ကလေးမလေးက သူ့အိမ်ကို ပြန်လာတဲ့အချိန် မိဘတွေကိုပြောတော့ မိဘတွေက ကျွန်တော့်စခန်းလာပြောမှသိရတာ”ဟု ကိုပုံက ပြောသည်။
မိန်းကလေးငယ်မှာ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တွေ့မရှောင်အဖွဲ့ခေါင်းဆောင် ကိုလင်းမြွေနှင့် စစ်ရေးတာဝန်ခံအပါအဝင် ကျူးလွန်ကြောင်း စွပ်စွဲခံရသူတို့အား ပကဖ စခန်းသို့ ထိုနေ့ နံနက်ပိုင်းတွင် ဆင့်ခေါ်ပြီးနောက် သံသယရှိသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကိုပုံက ဆိုသည်။
သံသယတရားခံကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ဝက်လက်- ပလဖ)က ဖမ်းဆီးခဲ့ပြီး၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် အမှုဖွင့်ထားကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။
“ အမှုလည်းဖွင့်ထားပြီးဖြစ်တယ်။ အဲ့ဒီနောက်မှာတော့ အမှုကို တရားရုံးမှာစွဲတင်ပြီးတော့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်နဲ့အညီ ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က Myanmar Now ကိုပြောသည်။
ထိုသက်ငယ်မုဒိမ်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်ထဲရေးလက်အောက်၊ ရဲတပ်ဖွဲ့ကကိုင်တွယ်ပြီး အရပ်ဘက်တရားရုံးတွင် စစ်ဆေးဆုံးဖြတ်သွားမည်ဟု ဆက်ပြောသည်။
ရာဇသတ်ကြီးဥပဒေအရ သက်ငယ်မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်။
သက်ငယ်မုဒိမ်းမှု တရားခံကို သေဒဏ်အပြစ်ပေးစီရင်ရန် ရွာသာကြီးရွာခံများက စက်တင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကျေးရွာဝန်းကျင်တွင် လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုနှစ် ဧပြီလက အိမ်ထောင်သည်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်သူ တပ်ဖွဲ့ဝင် နှစ် ဦးကို အေအေက ဖမ်းဆီးထိန်း သိမ်းပြီး တစ်ဦးကိုသေဒဏ်စီရင်ခဲ့ကာ နောက်တစ်ဦးကို အယူခံအတွက် သေဒဏ်အား ခြောက်လဆိုင်းငံ့ ထားသည်။
အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရွာသာကြီးရွာမှာ ရွှေဘို – မြစ်ကြီးနားလမ်းနှင့် ဝက်လက် – မုံရွာ လမ်းလေးခွဆုံတွင်တည်ရှိပြီး ဝက်လက်မြို့မှ ခုနစ် မိုင်ခန့်သာကွာဝေးသည်။ လမ်းဆုံတွင် စစ်တပ်က ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်တပ်စွဲထားသလို တော်လှန်ရေးအင်အားစုများကလည်း ရွာထဲတွင် နယ်မြေ စိုးမိုးထားသည်။
ဧရာဝတီမြစ်နှင့် မူးမြစ်ကြားရှိ ဝက်လက်မြို့နယ်တွင် စစ်တပ်က မြို့ပေါ်နှင့် ကျေးရွာအချို့တွင် တပ်စွဲထားသည်။ ကျန်ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျှက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ဝက်လက်မြို့နယ်၊ လှတောရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ဓားပြတိုက်၊ လူသတ်မှုဖြစ်ပွားခဲ့ပြီး ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ အမှုဖွင့်စစ်ဆေးနေသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အချုပ်ကျနေသည့် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ပအဖ တာဝန်ခံ ဦးမဲခေါင် အပါအဝင် သုံး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က မတ်လ ၄ ရက်နေ့တွင် ပြောကြားထားသည်။

(ဓါတ်ပုံ – ဝက်လက်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီ)
ဒီသတင်းကလက်နက်ကိုင်တပ်ဖွဲ့ဝင်ပုံတချို့လည်း မျက်နှာမပေါ်တော့ ထည့်ထားပါတယ်။



