မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲများ ကျယ်ပြန့်လာရာ မြို့အရှေ့ဘက် ရွှေမွှေးချောင်းရွာအနီး တိုက်ပွဲများဖြစ်နေသောကြောင့် အနီးရှိ ဇရပ်ကွင်းနှင့် လမ်းလယ်ကျစ်ကျေးရွာတို့မှ ဒေသခံများနှင့် ခိုလှုံနေသော စစ်ရှောင်များအပါအဝင် ၆၀၀၀ ခန့် ထွက်ပြေးနေရသည်ဟု စုံစမ်းသိရှိရသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၄ ခုနှစ် အတွင်း သိမ်းပိုက်ရယူခဲ့သော်လည်း တစ်မြို့နယ်လုံး မထိန်းချုပ်နိုင်ခဲ့သဖြင့် စစ်တပ်လက်ကျန်တပ်များ၏ တန်ပြန်ထိုးစစ်ကြောင့် ယခုနှစ်ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို လက်လွှတ်ခဲ့ရသည်။
မြို့ပေါ်ကို ထိန်းချုပ်ပြီးသော စစ်တပ်က အင်အားဖြည့်၍ ဆက်လက်ထိုးစစ်ဆင်နေသောကြောင့် စစ်တပ် ရှိရာနေရာများတွင် တိုက်ပွဲများဖြစ်နေရာမှ မြို့အရှေ့ဘက် လေးမိုင်ခန့်အကွာ ရွှေမွှေးချောင်းကျေးရွာအနီးတွင် ဩဂုတ်လဆန်းမှစတင်ကာ တိုက်ပွဲများဖြစ်လာခဲ့သည်။
ရွှေမွှေးချောင်းကျေးရွာသည် လေးမိုင် ကံသာကျေးရွာတောင်ဘက် ကပ်လျက်တွင်တည်ရှိကာ ထိုရွာ၏ အရှေ့ဘက် ခြောက်မိုင်ကျော်အကွာတွင် လမ်းလယ်ကျစ်၊ လမ်းလယ်ကျစ်တောင်ဘက် ကပ်လျက်တွင် ဇရပ်ကွင်းရွာ ရှိသည်။ ထိုရွာများသည် ရွှေလုပ်ငန်းဖြင့် အသက်မွေးကြသော ကျေးရွာများ ဖြစ်သည်။
“တိုက်ပွဲက သပိတ်ကျင်းမြို့နဲ့ ဇရပ်ကွင်းကြားက ရွှေမွှေးချောင်းဆိုတဲ့ရွာရှိတယ်။ အဲဒီအထိ ရောက်လာပြီ ။ ဒရုန်းနဲ့ချတာတွေ၊လက်နက်ကြီးနဲ့ပစ်တာတွေကြောင့်ရော ဇရပ်ကွင်းရော လမ်းလယ်ကျစ်ရော အဲဒီနား ကရွာတွေကတော့ အတော်များများက ပြေးကြရပြီ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဟိုတစ်နေ့ကလည်း လက်နက်ကြီးပစ်လို့ ဒေသခံနှစ်ယောက် သေထားတာရှိတယ် ။ ရှစ်ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတော့ လူတွေကနေလို့မရဘူး။ ပြေးနေရပြီ”ဟု ၎င်းက ဆက်ပြောသည်။
ဩဂုတ်လ ၂၀ ရက်နေ့ က ခုနစ်မိုင်ရွာ စစ်တပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ဇရပ်ကွင်းရွာထဲ ကျသဖြင့် ရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်ရောက်နေသော ခြောက်မိုင်ရွာမှ အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
သပိတ်ကျင်းမြို့အရှေ့တောင်ဘက် ၁၃ မိုင်ကျော်ခန့်အကွာ ကားဖြင့်သွားပါက မိနစ် ၄၀ ကျော် ခရီးသာ ဖြစ်သော ဇရပ်ကွင်းသည် မန္တလေး-မြစ်ကြီးနားလမ်းဘေးမှ အိမ်ခြေထောင်ဂဏန်းရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။
ယမန်နှစ် သပိတ်ကျင်းနယ်အတွင်း တိုက်ပွဲများစတင်လာကတည်းက ဒေသခံထောင်ချီသည် စစ်ဘေး ရှောင်နေကြရာ စစ်ရှောင်သက် တစ်နှစ်ကျော် ကြာမြင့်လာသည်နှင့်အမျှ အခက်အခဲမျိုးစုံ ကြုံတွေ့ နေကြရသည်ဟု သိရှိရသည်။
“ပြေးလွားနေရတော့ အကုန်ခက်ခဲကြတာပဲ။ မနှစ်ပိုင်းကတော့ မန္တလေးဘက်မြို့ကြီးတွေကို ထွက်ပြေး ကြသူတွေများတယ်။အခုတော့ ဟိုနေရာ တိုက်ပွဲဖြစ်ရင် ဒီနေရာပြေးလိုက်၊ ဒီနေရာတိုက်ပွဲဖြစ်ရင် ဟိုဘက် ပြေးလိုက်နဲ့ပဲ နေကြတော့တာ။ စားဝတ်နေရေး၊ လုံခြုံရေးအခက်အခဲက အစုံပါပဲဗျာ။ ဒုက္ခ ပေါင်းစုံနေတာ” ဟု အထက်ပါဒေသခံအမျိုးသားက ဆိုသည်။

တော်လှန်ရေးနယ်မြေအတွင်း ကုန်စည်ပို့ဆောင်ရေး ကန့်သတ်ခံထားရပြီး ကူညီရေးများလာရောက်ရန် ခက်ခဲသလို ၊ကုန်ဈေးနှုန်းများ မြင့်တက်ကြောင်း ပြောသည်။
“အလှူရှင်တွေက ဒေသခံတွေချိတ်ဆက်ပြီး ဆန်လေးဝေ၊ ဆီလေးဝေတာရှိတယ်။ သူ့ရှိတာလေး ၊ ကိုယ့်ရှိ တာလေး ဝေမျှစားသောက်နေကြတာပဲ။ ရောဂါဝေဒနာဖြစ်ရင်လည်း ဆေးကုဖို့ရာ ဆေးရုံဆေးခန်း အရမ်း ခက်ခဲတယ်။ ပိုက်ဆံရှိတောင်မှ လမ်းပန်းကြောင့်မလွယ်ကူတဲ့အခြေအနေ”ဟု ၎င်းက ဆက်ပြော သည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက မန္တလေးမြို့တွင် စစ်ရှောင်နေသည့် သပိတ်ကျင်းဒေသခံ အမျိုးသမီး တစ်ဦးက အင်တာနက်လိုင်း အခက်အခဲကြောင့် ကျန်ရှိခဲ့သည့် မိသားစုများအား ဆက်သွယ်ရန်ခက်ခဲနေပြီး တိုက်ပွဲအခြေအနေများကြောင့် ပူပန်နေရသည်ဟု ဆိုသည်။
“လူကြီးတွေက ကိုယ့်အရပ်ကိုယ့်ဒေသပဲ နေချင်ကြတာဆိုပြီး ရှောင်ဖို့ကို နားချလို့မရဘူး။ တခါတလေမှ အဆက်အသွယ်ရတော့ အမြဲပူပန်နေရတယ်။ တိုက်ပွဲသံကြားရင် တောထဲပြေးလိုက်၊ ပြန်နေလိုက်ပဲ နေနေကြတာ။ ဖုန်းလိုင်းတွေလည်းမရတော့ နေ့စဉ်ပူနေရတာ”ဟု ထိုအမျိုးသမီးက ပြောသည်။
သပိတ်ကျင်းမြို့နယ်အရှေ့ဘက် ခြောက်မိုင်၊ ငါးမိုင်၊ လေးမိုင် ကျေးရွာများမှ ဒေသခံတို့သည် တိုက်ပွဲ နှင့်အလှမ်းဝေးသည့် မြို့တောင်ဘက် ဇရပ်ကွင်း၊ လိပ်ကျ၊ ချောင်းကြီး အစရှိသည့် ကျေးရွာများ၊ ယင်းရွာအနီးတဝိုက်မှ တောတောင်များအတွင်း တိမ်းရှောင်နေထိုင်ခဲ့ကြသည်။
ယခုအခါ ယင်းကျေးရွာများမှ ဒေသခံများပါ စစ်ရှောင်နေကြရသည့်အတွက် ယခင် စစ်ရှောင်များမှာ နှစ်ထပ်ကွမ်းစစ်ရှောင်ဖြစ်လာသည်။
သပိတ်ကျင်းမြို့နယ်အတွင်း တအာင်းတပ်(TNLA) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး(MDY-PDF)၊ ကျောင်းသားတပ်မတော် (ABSDF)တို့နှင့် NUG လက်အောက်ခံ တပ်ရင်းများ စစ်ရေးလှုပ်ရှားကြသည်။
လက်ရှိ သပိတ်ကျင်းမြို့နယ်စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး အထက်ပါတပ်ဖွဲ့များကို Myanmar Now ကဆက်သွယ်မေးမြန်းရာ ဖြေကြားမှုမရှိသေးပေ။
သပိတ်ကျင်းမြို့ကို စစ်တပ်က ပြန်ရသွားမှုအပေါ် သပိတ်ကျင်းနယ်မှ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ဇူလိုင်လကုန်က ယခုလို ပြောထားသည်။
“အဓိကကတော့ လေကြောင်းပစ်ကူပေါ့။ လေကြောင်းရယ် ဒီရေကြောင်းတက်လာတဲ့ အနေအထားရယ် ၊ဒီဘက်က တတက ၁၃ တွင်းငယ်ဘက်ကဟာတွေနဲ့ အဲဒီဘက်က ပိတ်ထားရာက ပွင့်သွားနိုင်တဲ့အတွက် သူတို့ (စစ်တပ်) သာလွန်အင်အားပေါ့။အဲဒါကြောင့်မို့လို့လည်း သပိတ်ကျင်းမြို့က ပါသွားတာပေါ့”ဟု ထိုသူက မှတ်ချက်ပြုသည်။
မတ္တရာနယ်တွင်လည်း စစ်တပ်က ရှေ့တိုးလာသဖြင့် သိမ်းပိုက်နယ်မြေအချို့ကို တော်လှန်ရေးတပ်များ တဖြည်းဖြည်းလက်လွှတ်နေရသည်။



