ဧရာဝတီမြစ်အထက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ စစ်သင်္ဘောများ စုန်ဆင်းလာရာ မြစ်ကြောင်း တလျှောက် မြစ်ကမ်းဘေးမြို့ရွာများကို လေကြောင်းပစ်ကူနှင့် စစ်သင်္ဘောများပေါ်မှ ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၄၀ ဦးကျော်အထိ ရှိလာသည်။
ယခုလ ၅ ရက်နေ့မှ စတင်ကာ ဗန်းမော်မြို့မှ စစ်သင်္ဘော ၁၂ စီး စုန်ဆင်းလာရာ လေကြောင်းမှ Y-12 တစ်စီး ၊ တိုက်လေယာဉ် တစ်စီးနှင့် Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် ဝေဟင်မှနေ၍ ဧရာဝတီ မြစ်ကြောင်းအတိုင်း လုံခြုံရေးယူပေးခဲ့သည်။
မြစ်ကမ်းနှင့် နီးစပ်သည့် မြို့ရွာများရောက်တိုင်း အဆိုပါလေယာဉ်များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို စစ်သင်္ဘောများပေါ်မှလည်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံ ထိခိုက် သေဆုံးမှုများရှိလာသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါရေကြောင်း အစုန် ခရီးစဉ်အတွင်း ထီးချိုင့်မြို့နယ်အရောက်တွင် လေကြောင်းအပြင် ထီးချိုင့်မြို့ အထိုင်တပ်နှင့် သင်္ဘောပေါ်မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ပြည်သူ ၁၂ ဦးသေဆုံးကာ ၃၀ ဦး ကျော် ဒဏ်ရာရခဲ့ပြီး ဝက်လက်မြို့နယ်အဖြတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ယမန်နေ့ (စက်တင်ဘာလ ၉ ရက်နေ့) ဝက်လက်မြို့နယ်အတွင်း စစ်သင်္ဘောများ ရောက်နေစဉ် မြို့နယ် အရှေ့ခြမ်း ကျေးရွာ ခြောက်ရွာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် အပါအဝင် ဒေသခံပြည်သူ အမျိုးသား လေးဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက်ဒေသခံ ကိုနဂါးလေးက ပြောသည်။
ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းနှင့် နီးသည့် အင်ဒေါင်း ၊ တမာကံ၊ မင်းကုံးလေး ၊ နဘဲပင်လှ ၊ ရုံးပင်ကုန်း နှင့် တပ်ရွာများ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။
“လေကြာင်းက နှစ်ကြိမ်ဗျ။ မြစ်ကမ်းဘေး အနောက်ဘက်နားက ရွာတွေထိတာ။ မန့ညက သတင်းအထိ တော့ လေးဦး သေပြီး ၁၃ ဦး ဒဏ်ရာရတာ။ နောက်ထပ်က ထပ်ပြီး မသိရသေးဘူးဗျ။ ရှိန်းမကားက စစ်ဘေးရှောင်တွေ အပါအဝင် ရွာပေါင်း ခြောက်ရွာ ခုနစ်ရွာလောက် လေကြောင်း ပစ်ခံလိုက်ရတာဗျ” ဟု ကိုနဂါးလေးက ဆိုသည်။

ယနေ့ မွန်းတည့်ချိန်ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ့်ကျေးရွာ စာသင်ကျောင်းထဲသို့ လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း ဒေသသတင်းများ ဖော်ပြနေသော Wetlet Informational Network က ရေးသားထားသည်။
စစ်တပ်သည် ဝက်လက်မြို့နယ်တွင် ဇူလိုင်လမှစတင်ကာ ယနေ့အထိ နှစ်လကျော်အတွင်း ဝက်လက်မြို့ အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက် အင်အား ၃၀၀ ခန့်ပါစစ်ကြောင်း ၊ ဝက်လက်မြို့အနောက်ခြမ်း ၊ မူးမြစ်ကမ်းဘေးမှ အင်အား၃၀၀ ခန့်ပါ စစ်ကြောင်းနှင့် ရွှေဘို -မန္တလေး လမ်းမကြီးမှ အင်အား ၂၀၀ ခန့် စစ်ကြောင်းဖြင့် စုစုပေါင်း စစ်ကြောင်းသုံးကြောင်း ဖြန့်ထိုးနေကြောင်း ဝက်လက်မြို့နယ် စစ်ရှောင်အရေးအကူအညီပေးသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းများကြောင့် ကျေးရွာပေါင်း ၂၃၀ ကျော်ရှိသည့် ဝက်လက်မြို့နယ်တွင် ဆားတောင်၊ တလိုင်း၊ တမာကုန်း၊ ငါးရယ်၊ ရှိန်းမကား၊ အုန်းသဇင်၊ ရေလည်မှော်၊ ရွာနန်း၊ ကျော်ဇေယျာ ၊ ပုဂံသူ၊ လင်းတလူး၊ သစ်ချိုကုန်း၊ ချိူင်းကြီး၊ ရွှေပင်ငံ၊ အုန္နဲဘုတ်၊ တောဖရွာအပါအဝင် ကျေးရွာ ပေါင်း ၄၀ ကျော်မှ ဒေသခံ သောင်းချီ စစ်ဘေးရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှ စုန်ဆင်းလာသည့် စစ်သင်္ဘောများသည် စစ်ကိုင်းတိုင်း ကသာ နှင့် ရွှေကူမြို့များကို ဖြတ်ကျော်ပြီး စက်တင်ဘာလ ၆ ရက်နေ့ နံနက်က ထီးချိုင့်မြို့နယ်အတွင်း စတင်ဝင်ရောက်ချိန် ထီးချိုင့်မြို့အခြေစိုက် စစ်တပ်က မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
ကျောက်မှော်ရွာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ လေး ဦးထိခိုက်၊ နှစ်ဦး သေဆုံးခဲ့သလို နောက်တစ်နေ့ (စက်တင်ဘာလ ၇ ရက်နေ့) တွင်လည်း သင်္ဘောလုံခြုံရေး လိုက်ပေးသော Y12 မှ ဗုံးကြဲ ချမှုကြောင့် ကမ်းနီ၊ မောင်းကုန်းနှင့် ဘိုကုန်းရွာဘက် ကျရောက်ခဲ့ပြီး ၁၂ ဦးခန့် သေဆုံးသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြောထားသည်။
Y12 ကင်းထောက်လေယာဉ် နှင့် လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့ တွင် မောင်းကုန်းရွာမှ ငါးဦး ၊ကျောက်မှော်ရွာမှ နှစ်ဦး ၊ဘိုကုန်းရွာမှ သုံးဦး ၊ ဝဲကြီးရွာမှ နှစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ကာ ပြည်သူ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရသည်ဟု ပအဖ က ဆိုသည်။
လက်ရှိတွင် စစ်တပ် တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ အမည်၊ အသက်အရွယ်နှင့် အသေးစိတ် အချက်အလက်များကို မသိရသေးပေ။
မြစ်အထက်ဘက်မှ စစ်ရေယာဉ်များ စုန်ဆင်းလာသဖြင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများ တိမ်းရှောင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
စစ်သင်္ဘောများအပါအဝင် ရေယာဉ် ၂၀ ထက်မနည်းသည် မန္တလေးဂေါဝိန်ဆိပ်မှ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့သို့ စစ်လက်နက်နှင့် ရိက္ခာ ထောက်ပို့အဖြစ် ဧရာဝတီမြစ်ကြောင်းအတိုင်း ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်က ဆန်တက်ခဲ့ပြီး ယခုလ ၅ ရက်နေ့တွင် ပြန်လည်စုန်ဆင်းလာခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်တိုက်ခိုက်ခံရမှုများကြောင့် ရေယာဉ်အချို့ ပျက်စီးခဲ့ပြီး ပြန်စုန်ဆင်းရာတွင် ၁၂ စီးသာ ရှိတော့သည်။
မန္တလေးမှ ဗန်းမော်အထိ ဆန်တက်ချိန်တွင်လည်း မြစ်ကမ်းတလျှောက် မြို့ရွာများကို လေကြောင်းဗုံးကြဲခြင်း ၊ သင်္ဘောများပေါ်မှလက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် လူနေအိမ်များ မီးလောင်ကျွမ်း သကဲ့သို့ အရပ်သားပြည်သူ ၂၀ ကျော်လည်း သေဆုံးခဲ့ရာ အများစုမှာ ဝက်လက်မြို့နယ်ကျေးရွာများမှ ဖြစ်သည်။
ယနေ့ မွန်းတည့်ချိန်တွင် မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း သင်္ဘောများ ရောက်ရှိနေကြပြီး အချို့သည် ကမ်းကပ်ကာ ရွာများအတွင်း ဝင်၍ ပစ္စည်းများ ဝင်ရောက်ယူငင်နေကြကြောင်း ဒေသသတင်းများ ဖော်ပြနေသော Wetlet Informational Network က ရေးသားထားသည်။




