စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွင် နစ်နာသူမိသားစု၏ ဆွေမျိုးတစ်ဦးကို စစ်တပ်နှင့်ပတ်သက်မှုရှိကြောင်း သံသယဖြင့် တော်လှန်ရေးတပ်ဖွဲ့ အချို့က ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်နေ့) ညတွင် ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာတွင် စက်တင်ဘာလ ၅ ရက်နေ့က ဖြစ်ခဲ့သည့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွင် နစ်နာသူ၏ ဆွေမျိုးတော်စပ်သူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းနှင့် ရွာသာကြီးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။
စစ်တပ်နှင့်အစည်းအဝေး ထိုင်ကြောင်း ကြားသိရသည့်အတွက် စစ်ဆေးမေးမြန်းနိုင်ရန် ထိန်းသိမ်းခဲ့ပြီး ထိုနေ့ည၌ပင် ရွာသာကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ပြန်လွှဲပြောင်းခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တပ်ရင်းက ထိန်းသိမ်းတာမှန်တယ်။ ရွာသာတိုက်နယ်ကို ပြန်လည်လွှဲပြောင်းပေးလိုက်တယ်။ အရေးယူ ဆောင်ရွက်နိုင်ဖို့ ချက်ချင်းပဲ လွှဲပြောင်းပေးလိုက်တယ်” ဟု အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ဆိုသည်။
တိုက်နယ်ပကဖထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် စစ်တပ်နှင့်ဆက်သွယ်မှု မတွေ့သဖြင့် နာရီပိုင်း အကြာတွင် မိသားစုထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ရွာသာကြီးရွာ တိုက်နယ်ပကဖက ပြောသည်။
“စစ်တပ်ကနေ အစည်းအဝေးလုပ်တာကို ကင်းစောင့်ပေးတယ်ဆိုပြီးတော့ အဲ့ဒီအကြောင်းပြချက်နဲ့ ဖမ်းတယ်လို့သိရတယ်။ ကျွန်တော်တို့ သူ့ကိုမေးမြန်းကြည့်တော့ အစည်းအဝေးလည်းမလုပ်ဖြစ်ဘူး။ ဘယ်စစ်တပ်ကလည်း ကင်းလာစောင့်ပေးတာမရှိဘူးလို့ ထွက်ဆိုသွားတာရှိပါတယ်”ဟု ရွာသာကြီး တိုက်နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဝက်လက်မြို့မှ ခုနစ် မိုင်ခန့်အကွာ ရွာသာကြီးရွာသည် ရွှေဘို – မြစ်ကြီးနားလမ်းနှင့် ဝက်လက် – မုံရွာ လမ်းလေးခွဆုံတွင်တည်ရှိပြီး လမ်းဆုံတွင် စစ်တပ်က ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက စတင်တပ်စွဲ ထားသလို တော်လှန်ရေးအင်အားစုများကလည်း ရွာထဲတွင် နယ်မြေ စိုးမိုးထားသည်။
ဝက်လက်မြို့ အနောက်ဘက် ရွာသာကြီးရွာတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက စက်တင်ဘာလ ၅ ရက်နေ့ နံနက်တွင် အဓမ္မပြုကျင့်ခဲ့ရာ ထိုသူကို မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် အမှုဖွင့်ထားသည်။
“လက်ရှိကြားထားတာတော့ စစ်ဆေးမှုအပိုင်းတော့ လုပ်ထားတယ်။ သက်ဆိုင်ရာ တရားရေးကနေ အမှုတည်ဆောက်တာမပြီးသေးလို့ ကျွန်တော်ကြားတာတော့ လောလောဆယ်အမြန်ဆုံးဆောင်ရွက် နေတယ်လို့ကြားတယ်။ ဒါပေမယ့် ထိထိရောက်ရောက်တော့ ခုထိလုပ်ထားတာမရှိသေးဘူးပေါ့။ ဥပဒေ ဆိုတော့လည်း နည်းနည်းတော့ အချိန်ပေးရတာလည်း ရှိမှာပေါ့”ဟု ရွာသာကြီးတိုက်နယ် ပကဖ တာဝန်ရှိသူက ပြောသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ပြင်းပြင်းထန်ထန်ကိုင်တွယ်အရေးယူရန် ၊ သေဒဏ်ပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေကြသည်။
ဧရာဝတီမြစ်နှင့်မူးမြစ်ကြားရှိ ဝက်လက်မြို့နယ်တွင် စစ်တပ်က မြို့ပေါ်နှင့် ကျေးရွာအချို့တွင် တပ်စွဲထားပြီး ကျန်ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်လျှက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ဝက်လက်မြို့နယ်၊ လှတောရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ဓားပြတိုက်၊ လူသတ်မှုဖြစ်ပွားခဲ့ပြီး ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ အမှုဖွင့်စစ်ဆေးနေသည်။
ထို့ပြင် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ဝက်လက်မြို့နယ်၊ ကျီးကန် (မြောက်)ရွာ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် ရွာအနီးကွင်းလမ်းတွင် လုပ်ကြံ သတ်ဖြတ်ခံထားရသည်။



