အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီးမော့ဆိုမြို့နယ် တောင်ဘက်နှင့်မြောက်ဘက်ကို စစ်တပ်က အချိန်ကိုက် ထိုးစစ်ဆင်

ဒီးမော့ဆိုကို အခြေပြုကာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က မြောက်ဘက်ကို စစ်ကြောင်းတိုးလာ သလို တောင်ဘက်တွင် ဖရူဆိုနှင့်ဘောလခဲအထိပါ စစ်ရေးရည်မှန်းချက်ရှိနေသည်ဟု ဆိုကြသည်။

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့မြောက်ဘက်ရှိ ဒေါငံခါးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး တောင်ဘက် ဖရူဆိုမြို့အထိ ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)  ထံက သိရသည်။ 

အင်အား ၂၀၀ နှင့် ၃၀၀ ကြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေါငံခါးရွာဝန်းကျင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်နေခြင်းဖြစ်သည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက Myanmar Now ကို ပြောသည်။

“ဒေါငံခါးဘက် ကို စကစ စစ်ကြောင်းတွေ တိုးနေလို့ တိုက်ပွဲတွေဖြစ်နေပါတယ်။ အင်အား ၂၀၀ ကနေ ၃၀၀ လောက်ရှိပါတယ်။ တိုက်ပွဲကြီးကတော့ ဖြစ်တာ နှစ်ရက်ဆက်တိုက်ရှိပါပြီ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့် ဒေါငံခါးရွာသည် ဒီးမော့ဆိုမြို့မြောက်ဘက် မြို့အထွက်တွင်တည်ရှိသည်။

စစ်ကော်မရှင်တပ်သည် ဒီးမော့ဆိုမြို့ပေါ်ကို ဩဂုတ်လ ၁၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဒီးမော့ဆို – ဖရူဆိုလမ်းအတိုင်း တောင်ဘက် ၁၀ မိုင်ကျော်ခန့်အကွာ ဖရူဆိုမြို့ဘက်သို့ ဦးတည်ထိုးစစ်ဆင်ခဲ့သည်။

စစ်တပ်သည် ဖရူဆိုမြို့ထိုးစစ်သာမက ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကိုလည်း ယခုလဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို ယခုအခါ မြောက်ဘက် ဒေါငံခါးရွာဘက်သို့ပါ စစ်ကြောင်းထပ်ထိုးလာခြင်း ဖြစ်သည်။ 

စစ်ကော်မရှင်က ကရင်နီတော်လှန်ရေးတပ်များသိမ်းထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ရှိ မြို့/ရွာများကို တန်ပြန်ထိုးစစ်ဆင်သော စစ်ဆင်ရေးကို “ရန်နိုင်မင်း”ဟု အမည်ပေးထားပြီး ယခုနှစ်အတွင်း အပြင်းအထန် ထိုးစစ်ဆင် ကြိုးပမ်းနေသည်။

လွိုင်ကော်မြို့ကို ရပြီးနောက် အနောက်ဘက် မိုးဗြဲမြို့၊ လွိုင်ကော်တောင်ဘက် ဒီးမော့ဆိုမြို့ကို သိမ်းပြီးနောက် စစ်တပ်သည် တောင်ဘက် ဖရူဆိုမြို့၊ အနောက်ဘက် ကရင်ပြည်နယ်ဘက်သို့ ချိတ်ဆက်ထားသည့် လမ်းတစ်လျှောက်နှင့် ယခုရက်ပိုင်း မြောက်ဘက်ကျေးရွာများကို စစ်တပ်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ 

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ကွိုင်ငံရွာသစ်ဝန်းကျင်အထိ စစ်တပ်ရောက်လာသော်လည်း ကရင်နီ တော်လှန်ရေးတပ်များက ပြန်ခုခံတိုက်ခိုက်သဖြင့် ကွိုင်ငံရွာသစ်ဝန်းကျင်ကို တော်လှန်ရေးတပ်ဘက်က ပြန်ထိန်းချုပ်ထားပြီဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။

“ကွိုင်ငံရွာသစ်ကို စစ်ကြောင်းထိုးလာတာ။ ကျွန်တော်တို့ပြန်ရတာကြာပါပြီ။ အဲဒါက တစ်ပတ် နှစ်ပတ် လောက်ရှိပါပြီ။ သူတို့က အခုတော့ ဖရူဆိုနဲ့ ဒီးမော့ဆို အစပ်နားလေးမှာပေါ့။ အထူးသဖြင့် ဖရူဆိုမြို့နယ် ဘက်ရောက်သွားပြီပေါ့” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။

လက်ရှိတွင် စစ်တပ်သည် ဒီးမော့ဆို-ဖရူဆိုကားလမ်းကို သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း
KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက အတည်ပြုသည်။
“ဒီးမော့ဆို- ဖရူဆိုကိုတော့ စစ်ကြောင်းထိုးရင်း စစ်ကော်မရှင်တပ်က လမ်းကင်းတွေ ယူထားတယ်လို့ ပြောလို့ရတယ်။ ဒီးမော့ဆိုကလာတဲ့ စစ်ကြောင်းနဲ့ ဖရူဆိုကလာတဲ့ စစ်ကြောင်းတို့ ဆုံသွားပြီလို့ ပြောလို့ ရပါတယ်” ဟု ၎င်းက ပြောသည်။

ဖရူဆိုမြို့သည် မြို့ပေါ် ငါး ရပ်ကွက်ရှိကာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ တစ်မြို့ နယ်လုံးတွင် လူဦးရေ သုံးသောင်းကျော်နေထိုင်သည်။

စစ်ကောင်စီစစ်ကြောင်းထိုးမှု အခြေအနေပြမြေပုံ။

ထိုအခြေအနေတွင် စစ်တပ်သည် အင်အားလုံးအရင်းဖြင့် ဖရူဆိုမြို့ကို ထိုးစစ်ဆင်ပြီးပါက ဖရူဆိုမြို့ တောင်ဘက် ၃၁ မိုင်ခန့်အကွာ ဘောလခဲမြို့အထိ ထိုးစစ်ဆင်ချီတက်မည်ဟု စစ်တပ်က ရည်မှန်းချက် ရှိနေကြောင်း လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

ဖရူဆိုမြို့တွင် စစ်တပ်၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း (တကက-၁၄) ၊ ခြေမြန် တပ်ရင်းများဖြစ်သော ခမရ – ၄၂၈ နှင့် ခမရ – ၅၃၁ တပ်တို့ အခြေစိုက်သည်။ ဘောလခဲတွင်လည်း စစ်ဗျူဟာအခြေချ (စဗခ) နှင့် လက်အောက်ခံတပ်ရင်း သုံးရင်း အခြေစိုက်သည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသည့် စစ်တပ်ရွေးကောက်ပွဲကို အပိုင်း (၁) အနေနှင့် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာထားရာ ကယားပြည်နယ်၌ ကျင်းပရန် လျာထားချက်တွင် ပြည်နယ်မြို့တော် လွိုင်ကော်နှင့် ဘောလခဲမြို့နယ် တို့ပါဝင်သည်။

ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လွိုင်ကော်မှ ဘောလခဲအထိ စစ်တပ်က စစ်ဆင်မည့် အခြေအနေ ရှိကြောင်း ဗိုလ်ကြီးဇင်ယော်က ယူဆသည်။ 

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀၂ မြို့နယ် ကျင်းပရန် လျာထားသည်။

“သူတို့(စစ်တပ်) က ဖရူဆိုနဲ့ တကက (၁၄) ရှိတဲ့ မာခရော်ရှေ့ (ရွာ) ပေါ့။ အဲဒီအထိအဆက်အသွယ် ရှိတယ်။ အဲဒီကနေ ဘော်လခဲတပ်နယ်အထိဆိုရင် သီးသန့်ထပ်ဖောက်ရဦးမှာ။ တကက (၁၄) က ဆက်ထွက်မှ ဒီးမော့ဆို- ဖရူဆို- ဘော်လခဲဆိုတဲ့ လမ်းကြောင်းက ပွင့်သွားမှာ။ သူတို့အတွက် အားထည့်စရာ အဲဒီလမ်းကြောင်း တစ်ကြောင်းပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

ဖရူဆိုမြို့မှ ဘောလခဲဘက်အထွက် တောင်ဘက် ငါး မိုင်ကျော်ခန့်တွင် တကက(၁၄) ရှိပြီး တကက (၁၄) အနီး သုံး မိုင်ခန့်အကွာတွင် မာခရော်ရှေ့ရွာ တည်ရှိသည်။ 

ရွေးကောက်ပွဲအမီ စစ်တပ်ဘက်က ဘော်လခဲမြို့နယ်အထိ ဆက်သွယ်ရေးလမ်းကြောင်း ဖောက်နိုင်မည့် အခြေအနေ မည်ကဲ့သို့ ဖြစ်လာမည်ကို ဆက်လက်စောင့်ကြည့်ရဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူအချို့ က ခန့်မှန်းသည်။

ရှမ်းတောင်စစ်မျက်နှာတွင်မူ စစ်ကော်မရှင်တပ်လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNA) ပြည်သူ့စစ်သည် ကရင်နီတော်လှန်ရေးတပ်များထိန်းချုပ်ခဲ့သော ပင်လောင်းမြို့နယ်ထဲ ရွာ လေးရွာကို စက်တင်ဘာ လ ၁၄ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်လိုက်ကြောင်း  ၎င်းတို့ Facebook တွင် သတင်းထုတ်ပြန်သည်။

PNA ပြန်သိမ်းနိုင်ခဲ့သည့် ရွာများမှာ တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်း၊ လုံးပျဉ်စသည့် ရွာ လေး ရွာ ဖြစ်ကြ သည်။

PNA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ခွန်ဆန်းအောင်က “အခုလောလောဆယ်တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ မရှိတော့ဘူး။ အခုတော့ ပထမဆုံးအနေနဲ့ နယ်မြေပြန်လည် ထိန်းချုပ်ပြီးနောက်မှာတော့ အရင်ဆုံး မိုင်းရှင်းတဲ့ကိစ္စတွေ တောက်လျှောက်လုပ်နေပါတယ်” ဟု ဆိုသည်။ 

KNDF ဗျူဟာ အမှတ် (၆ ) အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲတွင်မြင်ရသည့် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- – KNDF)

Related Articles

Back to top button