အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကော်မရှင်က တရုတ်အတွက် စီးပွားရေးလမ်းခင်းပေးမှုများ ပိုလုပ်လာ

တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အသည်းအသန်ဖိတ်ခေါ်နေပြီး တရုတ်ယွမ်ငွေဖြင့်ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုခြင်း၊ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်းထူထောင်ရန်လည်း စစ်ခေါင်းဆောင်က တွန်းအားပေးနေသည်။

ယခုနှစ် စက်တင်ဘာလဆန်းမှစ၍ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ ဝန်ကြီးအဖွဲ့ဝင်များသည် တရုတ်နိုင်ငံသို့ ဆက်တိုက်သွားရောက်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အကောင်အထည်ဖော်လက်စ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများ ဆက်လက်လုပ်ကိုင်ရေးအပါအဝင် စီပွားရေးဆိုင်ရာလမ်းခင်းပေးမှုများ ပိုမိုပြုလုပ်လာသည်။ 

စက်တင်ဘာလဆန်းက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးနှင့်  ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် (၈၀) ပြည့်အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့သလို ယခုသီတင်းပတ်ထဲတွင် စစ်ကော်မရှင်ဝန်ကြီးချုပ် ညိုစော ဦးဆောင်သော ဝန်ကြီးများနှင့်ပြည်တွင်းစီပွားရေးလုပ်ငန်းရှင်များက နန်နင်းမြို့တွင် ပြုလုပ်သည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို တွင်တွင်ကျယ်ကျယ် ဖိတ်ခေါ်ပြီး ရပ်ဆိုင်းထားသည့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များ၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်း၊ မူဆယ်-မန္တလေးနှင့် မန္တလေး- ကျောက်ဖြူရထားလမ်း စီမံကိန်းများ ဆက်လက်လုပ်ကိုင်မည်ဟု ပြောဆိုခဲ့သည်။ 

ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ်ကို သွားတက်သည့် စစ်ကော်မရှင် ဝန်ကြီးချုပ် ညိုစောကလည်း စက်တင်ဘာလ ၁၆ ရက်နေ့က တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံ ဖိတ်ခေါ်ခဲ့ပြန်သည်။

ထို့ပြင် တရုတ်ဈေးကွက်တွင် အခိုင်အမာနေရာရထားသည့် မြန်မာကျောက်စိမ်းကဲ့သို့ ပတ္တမြားနှင့် နီလာများ ထိုးဖောက်ရောင်းချနိုင်ရန် မျှော်မှန်းထားသည်ဟု ထိုခရီးကို လိုက်ပါသွားသည့် စီးပွားကူးသန်းဝန်ကြီး ဦးချစ်ဆွေက ပြောဆိုကြောင်း စစ်တပ်ထိန်းချုပ် နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

စစ်ကော်မရှင်သည် ယခုနှစ်ကုန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကိုဗန်းပြ၍ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယတို့၏ အသိမှတ်ပြုမှုရရှိရေးကြိုးပမ်းလာသည့်နည်းတူ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဆက်တိုက်ကြိုးပမ်းလာကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ချက်ချင်းကြီးတော့ လာပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်ဟာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။ ရေရှည်မှာတော့ တည်ငြိမ်သွားတဲ့အခါကြလို့ရှိရင် ဒီဟာတွေကို အကောင်အထည်ဖော်မယ်ပေါ့။ လတ်တလောအနေနဲ့ စီးပွားရေးအရ နေရာယူထားခွင့်ပေးတဲ့သဘောပဲ။ နေရာယူထားတဲ့ အခြေအနေလောက်ပဲရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ တန်ပြန်ထိုးစစ်နှင့် နယ်မြေပြန်လည်စိုးမိုးနိုင်မှုကို ထည့်သွင်းစဉ်းစားရန်လိုအပ်သော်လည်း နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ နေရာအများအပြားတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် စိတ်ချလက်ချရင်းနှီးမြှုပ်နှံနိုင်ရန် ခက်ခဲနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ 

သို့သော် စစ်ကော်မရှင်သည် အကောင်ထည်ဖော်လက်စနှင့် စီမံကိန်းအသစ်များကို လက်ညိုးထိုးပြ၍ ချေးငွေနှင့် အခြားသောငွေကြေးအရင်းအနှီးများစီးဝင်ရန် မျှော်လင့်နေပုံရကြောင်း သူက ဆိုသည်။ 

တရုတ်နိုင်ငံမှ စစ်ခေါင်းဆောင် ပြန်ရောက်လာပြီးနောက် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကော်မရှင် ဝန်ကြီးအဖွဲ့အစည်းဝေးကျင်းပခဲ့ပြီး မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်ကြမည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာသာမက တရုတ်ယွမ်ငွေဖြင့်ခွင့်ပြုရန် အမြန်စီစဉ်ရမည်ဟု ပြောဆိုကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ 
ထို့ပြင် တရုတ်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြန်ဆန်တိုးတက်ရန် နှစ်ဖက်လုပ်ငန်းရှင်များပါသည့် မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးအသင်းဖွဲ့စည်းထူထောင်ရန် ပြောဆိုခဲ့သည်။

ထိုအသင်းဖွဲ့စည်းရန် အသင်းဝင်များကိုဖိတ်ခေါ်နေပြီး အသင်းသားအရေတွက်နှင့် မည်ကဲ့သို့သော လုပ်ငန်းများဆောင်ရွက်မည်ကို အသင်းဖြစ်မြောက်ရေးအဖွဲ့ထံ Myanmar Now  မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။

တရုတ်လုပ်ငန်းများရှိရာ ကျောက်ဖြူ၊ မဒေးကျွန်းကို ၂၀၁၉ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

စစ်ကော်မရှင်က ဆက်လက်အကောင်ထည်ဖော်မည်ဟု လေသံပစ်သည့် တရုတ်စီမံကိန်းများထဲတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း ထိုဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်သည့် မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းတို့သည် ထိပ်ဆုံးကပါဝင်သည်။ 

ထိုစီမံကိန်းများသည် ရခိုင်ပြည်နယ်တွင် တည်ရှိပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှလွဲ၍ ပြည်နယ်တစ်ခုလုံးနီးပါးကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားရာ ထိုစီမံကိန်းလုပ်ပိုင်ခွင့်အတွက် စစ်တပ်အပြင် AA ၏ ခွင့်ပြုချက်လည်းလိုအပ်မည်ဟု သိရသည်။

ထိုစီမံကိန်းအတွက် ကနေဒါကုမ္ပဏီ HATCH က စီမံကိန်းအတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေသလို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Survey Research (MSR) ကုမ္ပဏီက ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်သက်ရောက်မှုစစ်တမ်း(EIA/SIA) ထုတ်ပြန်ခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် မြေပြင်လုပ်ငန်းများမရှိကြောင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအကြံပေးကော်မတီအဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။ 

“စစ်ရေးပဋိပက္စရှိတဲ့ဒေသဖြစ်တဲ့အတွက်ကြောင့် အလုပ်လုပ်မယ်ဆိုရင်လည်း လုပ်မယ့်ကုမ္ပဏီက လုံခြုံမှု မရှိလို့ လာလုပ်ကြမှာမဟုတ်ဘူး။ နောက်ပြီးတော့ (စီမံကိန်းအတွက် မြေယာ) လျော်ကြေး ပေးထားမယ် ဆိုရင်လည်း အလုပ်မလုပ်နိုင်ဘဲနဲ့ ဘယ်သူကစိုက်ပြီးလျော်ကြေးပေးထားမလဲ” ဟု သူက ပြောသည်။ 

“နယ်မြေလုံခြုံမှုမရှိဘဲနဲ့တော့ ဘယ်သူမှလာအလုပ်မလုပ်ပါဘူး။ လုပ်မယ်ဆိုရင် ယန္တရားကြီးတွေနဲ့ လုပ်ရမှာ။ ယန္တရားကြီးတွေကလည်း ကျောက်ဖြူဒေသကရှိတဲ့ စက်ယန္တရားကြီးတွေနဲ့လုပ်လို့လည်း မရဘူး။ ပြည်မက ကြီးကြီးမားမားယန္တရားတွေ၊ ကျွမ်းကျင်သူတွေလာလုပ်မှရမှာပါ” ဟု ၎င်းက ဆိုသည်။ 

ဦးဘရှိန်သည်  ကျောက်ဖြူမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ဖူးသူဖြစ်ပြီး လက်ရှိ စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည်။ 

တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူဒေသတွင် AA နှင့် စစ်ကော်မရှင်တို့ကြား တိုက်ပွဲများရှိနေပြီး ၎င်းတို့စီမံကိန်းများကို အကာအကွယ်ပေးရန် ပုဂ္ဂလိက တရုတ်လုံခြုံရေးဝန်ထမ်းများချထားပေးကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်းထွက်ပေါ်နေသည်။

စစ်ကော်မရှင်အနေဖြင့် တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် မျှော်မှန်းနေသော်လည်း နယ်မြေဆုံးရှုံးမှုများကြောင့် ထိုလုပ်ငန်းများအတွက် လုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှုအာမခံချက်များ ပေးနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

နှစ်စဉ်ဒေါ်လာ ဘီလီယံချီ ကုန်သွယ်သည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်ရောက်နေ၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်ဖွင့်ရေး တရုတ်ဘက်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် စစ်ခေါင်းဆောင်က အပူကပ်နေသည်။

၂၀၂၄ အောက်တိုဘာက တွေ့ရသော တရုတ်နယ်စပ်ရှိ မူဆယ်မြို့အဝင်တစ်နေရာ။ (ဓာတ်ပုံ-AFP)

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများရှိပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် အပြန်အလှန်ကုန်သွယ်နိုင်ပါက နှစ်ဖက်အကျိုးရှိနိုင်၍ နယ်မြေတည်ငြိမ်ရေးဝိုင်းဝန်းဆောင်ရွက်ပေးရန် တရုတ်လုပ်ငန်းရှင်များကို ပြောဆိုခဲ့ကြောင်း စက်တင်ဘာလ ၉ ရက် နေ့ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် ဖော်ပြခဲ့သည်။

တရုတ်နယ်စပ်ရှိ တိုင်းရင်းသား တော်လှန်ရေးပူးပေါင်းတပ်များ၏ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးနှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့သိမ်းတိုက်ပွဲများကြောင့် မိုင်ပေါင်း ၁,၃၀၀ ကျော် နယ်နိမိတ် ထိစပ်နေသည့် မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များကို စစ်တပ်က ဆုံးရှုံးသွားခဲ့သည်။

နယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များက ထိန်းချုပ်ပြီးနောက် စစ်အုပ်စု၏ ကြီးကြပ်မှု လိုင်စင်ဖြင့် နှစ်ဖက်ကုန်သွယ်မှု ရပ်ဆိုင်သွားရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်ဖွင့်၍ ကုန်သွယ်မှုပြန်စတင်နိုင်ရေး တရုတ်ဘက်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တို့သည် တရုတ်၏ ဩဇာလွှမ်းမိုးမှုရှိရာ ဖိအားပေးပါက လိုင်စင်ဖြင့်ကုန်သွယ်နိုင်သည့် နယ်စပ်ဂိတ်များ ပွင့်ကောင်းပွင့်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။ 

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်မှုအောက်တွင်ရှိသည့် တရုတ်နယ်စပ်ဂိတ်များ၌ အပြောင်းအလဲများမရှိသေးကြောင်း တရုတ်နယ်စပ်ရှိ တအာင်းတပ်(TNLA) ထိန်းချုပ်သော နမ့်ခမ်းမြို့မှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ပုံမှန်ပဲသွားလာလှုပ်ရှားမှုရှိတယ်။ ကျင်စန်းကျော့ကနေ ကုန်ထုတ်တယ်။ ပြီးတဲ့အခါကြတော့ တရုတ်ပြည်ကနေ ရွှေလီ၊ ကျယ်ဂေါင်ကနေ ပုံမှန်ကုန်စည်တွေ ထုတ်နေတာတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

တရုတ်ဖိအားကြောင့် ကိုးကန့်တပ်(MNDAA) တိုက်ခိုက်သိမ်းပိုက်ထားသည့် လားရှိုးမြို့အား စစ်တပ်ကို ပြန်ပေးခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်အပါဝင် အခြားသောနယ်စပ်ဂိတ်များကို စစ်ကော်မရှင်ထံ ဝကွက်အပ်မည်မဟုတ်ကြောင်း သူက ဆိုသည်။

မြန်မာတွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် တရုတ်နိုင်ငံသည် နံပါတ် နှစ် နေရာတွင်ရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ရှစ် ဘီလီယံကျော်ရှိပြီး ၂၀၂၄-၂၅ တွင် ၇ ဒသမ ၇ ဘီလီယံ ရှိကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ 

မြောက်ပိုင်းညီနောင် သုံး ဖွဲ့ထိန်းချုပ်သော ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ယခုနှစ်လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

Related Articles

Back to top button