အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကူမြို့နယ်ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရပြီး ၂၀ ကျော် သေဆုံး

သင်တန်းဖွင့်ရန် ပြင်ဆင်နေချိန် လေကြောင်းမှ ဗုံးကြဲခံရ၍ သင်တန်းသား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်၊ သေဆုံးသူ ထပ်တိုးလာနိုင်သည်ဟု သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်(KIA) စစ်သင်တန်းကျောင်းတစ်ခု  စက်တင်ဘာလ ၁၇ ရက်နေ့ညက လေကြောင်းဗုံးကြဲခံရပြီး သင်တန်းသား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု KIA နှင့် KIA နီးစပ်သူများထံက သိရသည်။

ထိုနေ့ ညသန်းခေါင်အချိန်တွင် KIA တပ်မဟာ  ၁၁ နယ်မြေ၊ တပ်ရင်း ၁၂ တွင် စစ်သင်တန်းဖွင့်လှစ်ရန် ပြင်ဆင်နေသည့် တောတွင်းတစ်နေရာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (KIA) သင်တန်းကျောင်း အသစ်ပေ့ါနော် အခုဗုံးကြဲခံရတဲ့နေရာက အသစ်ဟုတ်တယ်၊ အခုမှ စပြီးမှ မြေရှင်းလင်းပြီးတော့ သူတို့သင်တန်းကျောင်းအသစ် ဖွင့်ဖို့ လုပ်နေတဲ့နေရာဟုတ်တယ်” ဟု ဆိုသည်။

လတ်တလော ရရှိထားသည့် စာရင်းများအရ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၂၀ ဦးထက်မနည်းရှိသည်ဟု ဆိုသော်လည်း သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သင်တန်းနေရာကို သတင်းအတိအကျရကာ ဗုံးကြဲနိုင်ခဲ့သည့်အတွက် အဆိုပါသင်တန်းတွင် စစ်တပ် သတင်းပေးများရှိနေနိုင်သည့်အတွက် စိစစ်ရန် သင်တန်းတာဝန်ရှိသူများက ကြိုးစားနေကြသည် ဟု သိရသည်။

“အဲဒီအထဲမှာ စစ်ကောင်စီဘက်က ဒလန်ပါလာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေလို့လေ။ အဲဒါကြောင့် မို့လို့ စစ်ကောင်စီဘက်က ဒလန်က ဝင်လာပြီးမှ ထွက်ပြေးသွားသလား သေတဲ့အထဲပါသွားသလား  ဒဏ်ရာ ရတဲ့အထဲပါသလား စိစစ်နေကြတာပေါ့။ သူတို့ (စစ်တပ်) အချက်အလက် တိတိကျကျရလို့ ဒီနေရာကို လာပြီးမှ ဗုံးချနိုင်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗုံးကြဲခံရဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြီး သင်တန်းနေရာဖြစ်နိုင်ကြောင်း၊ ထိခိုက်၊ သေဆုံးသူအရေအတွက်နှင့် ဖြစ်စဉ်အသေးစိတ်ကို အတည် မပြုနိုင်သေးကြောင်း ဆိုသည်။

“ကျွန်တော်တို့ကြားတာကတော့ တပ်ရင်း ၁၂ ရဲ့ ရှေ့တန်းတစ်နေရာလို့ပဲပြောတာ၊ အဲဒီရှေ့တန်းတစ်နေရာ မှာက တိုက်ပွဲတော့မရှိဘူး၊ တိုက်ပွဲမရှိတဲ့နေရာမှာကြဲတာ။ ဆိုတော့ သင်တန်းနေရာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တပ်မဟာ ၁၁ မှာ ၂၀၂၄ ခုနှစ်တွင် KIA က အသစ်တည်ထောင်လိုက်သည့် တပ်မဟာဖြစ်ပြီး ကချင် ပြည်နယ်ရှိ မန်ဝိန်းကြီး၊​ ရွှေကူနယ်များနှင့် ရှမ်းမြောက် မဘိမ်းမြို့နယ်များတွင် အဓိက အခြေချ လှုပ်ရှား သည်။

ထိုကဲ့သို့ အလားတူဖြစ်စဉ်မျိုး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၈) နယ်မြေတွင် ၂၀၂၅ မတ်လအတွင်းက ဖြစ်ပွားခဲ့ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  စစ်သင်တန်းတက်ရန် ရောက်နေသူ လူငယ် ၃၈ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

တပ်မဟာ (၈) သို့ စစ်သင်တန်းတက်ရန်လာရင်း လမ်းခုလပ်မှာ လူငယ် ၃၀၀ လောက်ခေတ္တစုနေချိန်  ဗုံးကြဲခံရခြင်းဖြစ်၍ အထိအခိုက်များခဲ့သည်။ 

ရွှေကူမြို့နယ်နှင့် နယ်နမိထိစပ်နေသည့် ဗန်းမော်မြို့တွင်  စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ကိုးလကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်က ၎င်းတို့အားသာသည့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်တပ်ထောက်ခံသူများက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ KIA/PDF စခန်းကို လေကြောင်းမှ ဗုံးကြဲရှင်းလင်းခဲ့ကြောင်း၊ ၅၀ ခန့်သေဆုံးကာ ဒဏ်ရာရသူ များပြားကြောင်း ဖော်ပြနေကြသည်။

ယနေ့နံနက်ကလည်း တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့ မရှီကထောင်အုပ်စု ထုံးဘိုကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

ထိုးစစ်များရပ်တန့်ရေး တရုတ်ဖိအား ရှိနေသော်လည်း ကချင်ပြည်နယ်ရှိ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊​ ဝိုင်းမော်မြို့နယ်များတွင် စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ယနေ့နံနက်တွင် ကချင်ပြည်နယ်မြောက်ဖျားပိုင်း တရုတ်နယ်စပ်အနီးရှိ လန်ဆယ်ဒေသကို စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေသည်ဟု သိရသည်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှစတင်သည့် KIA ၏ ကချင်ပြည်နယ် ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီ သည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

Related Articles

Back to top button