မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၆ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရသွားသည်ဟု ဒေသခံများနှင့် စစ်ရေးရင်းမြစ်များက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ၂၉) တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်သာရွာကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၄၀ အရွယ် အမျိုးသားတို့ သေဆုံးသွားသည်ဟု မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီထံက သိရသည်။
စက်တင်ဘာလ ၂၈ နေ့တွင်လည်း စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် မာလဲကျေးရွာတို့ကို လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် အမျိုးသမီး ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရသွားသည်ဟု စဉ့်ကူးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ ရွာထဲ လူနည်းပါးသည့်အချိန် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကံကောင်းတာက စာသင်ကျောင်းရယ်၊ ပြည်သူတွေစစ်ရှောင်နေတဲ့ အိမ်တွေရယ် ကြဲခံရတာ” ဟုအထက်ပါ ဒေသခံက ပြောသည်။“စစ်ကြောင်းတွေကတော့ ထိုးတာနေ့စဉ်ထိုးနေတာပဲ၊ (တိုက်)ပွဲကတော့ နေ့စဉ်ဖြစ်နေတာ၊စဉ့်ကူးကိုပါ ခြိမ်းခြောက်နေတယ်” စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျေးရွာ ၂ ရွာလည်း စက်တင်ဘာ ၂၆ နေ့ မနက်ပိုင်းတွင် လေတပ်က တိုက်ခိုက်သဖြင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။
သေဆုံးသူတို့မှာ အသက် ၄၀ ကျော်အရွယ် ကိုဖိုးထွန်း၊ အသက် ၃၀ ကျော်အရွယ်များဖြစ်သည့် ကိုထွန်းထွန်း(ခ)ကိုပြူးစိန်၊ ကိုစိုးမင်းအောင်၊ ကိုနေလင်းအောင်၊ ကိုစိုးကို၊ ကိုနေထက်လင်း၊ ကိုဖိုးထွန်း၊ အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် ကိုတူးနိုင်၊ ကိုယ်ဝန်ဆောင် မစံထိပ်ထားဝေနှင့် အမည် အတည်ပြုနိုင်ခြင်း မရှိသေးသည့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ဖြစ်သည်။
တန့်ဆည်မြို့နယ် ကံထူးမရွာ ဆီဆိုင်နှင့် အနီးဝန်းကျင်ကို စစ်လေယာဉ်က ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ ထိုတိုက်ခိုက်မှုကြောင့် နေအိမ်တစ်အိမ်၊ ဈေးဆိုင် ၂ ဆိုင် မီးလောင်ခဲ့ကာ အိမ်စီးကား ၄ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ် ၅စီး ပျက်စီးခဲ့သည်ဟု သိရသည်။
အာဏာသိမ်းတပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၏ စိုးမိုးနယ်မြေများဖြစ်သည့်မတ္တရာနှင့် စဉ့်ကူးမြို့တို့ကို စစ်ရေးခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
စဉ့်ကူးမြို့သည် နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့်မန္တလေးမြို့၏ မြောက်ဘက် ၅၄မိုင်အကွာအဝေးတွင်ရှိသည်။ စဉ့်ကူးမြို့နယ်ရှိစစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်နိုင်ရန် MDY-PDFက ပြီးခဲ့သည့်နှစ်ဇွန်၂၅ရက်နေ့မှစ၍ကြိုးပမ်းခဲ့ရာ ဇူလိုင်၁၇နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
မန္တလေးတိုင်းမှ မြို့တစ်မြို့ကိုMDY-PDFလက်ထဲသို့ ပထမဆုံးအကြိမ် လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် စဉ့်ကူးမြို့ကို ရေကြောင်းမှ ပြန်လည်သိမ်းပိုက်ရန် ချက်ချင်းလိုလိုပင်အပြင်းအထန်ကြိုးပမ်းခဲ့သည်။ လေတပ်ကလည်း ဗုံးကြဲနေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။



