အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးနယ်တွင် ဂျိုင်ရိုကော်ပတာဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

ရေဦးမြို့နယ်၊ ဘုန်းကြီးကျောင်းအတွင်း ဂျိုင်ရိုကော်ပတာ (Gyrocopter)က ဗုံးများကြဲချခဲ့စဉ် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။

စစ်ရေးအရှိန်မြှင့်နေသည့် စစ်ကိုင်းတိုင်းတွင် စစ်တပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) များပါ စတင် အသုံးပြုတိုက်ခိုက်လာသောကြောင့် ယမန်နေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) က ရေဦးမြို့နယ်၌  အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။ 

ရေဦးမြို့မြောက်ဘက် တန့်ဆည်မြို့နယ်နှင့်ထိစပ်နေသော ရေဦး-တန့်ဆည်ကားလမ်းပေါ်မှ ဖန်းခါးဇင်ရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် လေကြောင်းမှ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံက သိရသည်။ 

သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် ရေဦးမြို့နယ် ပကဖရုံးအဖွဲ့မှူး၏အမျိုးသမီးဖြစ်ပြီး လာမည့် သီတင်းကျွတ်တွင် မင်္ဂလာပွဲလုပ်ရန် စီစဉ်ထားသူ ဖြစ်ကာ ရေချိုးနေစဉ် ဗုံးစထိမှန်ခဲ့ကြောင်းသိရသည်။ 

“ သုံးစီး တပြိုင်တည်းလာတာ။ နှစ်စီးက ကျွန်တော်တို့ဌာနေပေါ်ကထိ ဖြတ်တာ။ နှစ်စီးမှာ ပထမ အစီး ကျော်သွားပြီးတော့ ဒုတိယအစီးကို ကျွန်တော် ကတုတ်ကျင်းပေါက်ဝကနေ ဆက်ကြည့်နေတာ။ ကျွန်တော် လှမ်းကြည့်တဲ့အချိန်မှာ (ဗုံး) အလုံးကြီးက ကျလာတာ” ဟု ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။ 

တာဝန်မှယာယီရပ်ဆိုင်းပြီး အကျယ်ချုပ်ကျနေသည့် ပကဖရဲဘော်နှင့်အချုပ်ကျနေသည့် ပြည်သူ ငါးဦး စက်တင်ဘာလ တတိယပတ်က ထွက်ပြေးသွားပြီးနောက် မြို့နယ် ပကဖ တည်နေရာ လုံခြုံရေး စိုးရိမ် သည့်အတွက် ပြီးခဲသည့်ရက်ပိုင်းကပင် စခန်းရွှေ့ထားခဲ့သည်၊ မြို့နယ် ပကဖ တာဝန်ခံအပါအဝင် ရဲဘော် အချို့မှာ ပစ္စည်းသိမ်းဆည်းရန် လာရောက်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြို့နယ် ပကဖ တာဝန်ခံက ဆက်ပြောသည်။ 

ကြဲချခဲ့သည့် ဗုံး နှစ်လုံးအနက် တစ်လုံးမှာ ကျောင်းပေါ်ပေါက်ကွဲပြီး ကျောင်းဆောင် တစ်ဆောင်လည်း ပျက်စီးသွားကြောင်းသိရသည်။ 

“ ဘုန်းကြီးကျောင်းကတော့ ခြောက်ခန်း၊ လေးခန်းပတ်လည် ဘုန်းကြီးကျောင်းတစ်ဆောင်လုံး အပေါ်ခန်း တစ်ခန်းလုံးက ပျောက်သွားတော့တာ”ဟု မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၆၀ ကျော် ကွာဝေးသည့် ရေဦး မြို့နယ်အတွင်း ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။



ဖန်းခါးဇင်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီးနောက် ရေဦး-တန့်ဆည်ကားလမ်းအတိုင်း မြောက်ဘက် အရပ် တန့်ဆည်မြို့နယ် တောင်ခြမ်းရှိကျွဲဆွဲရွာနှင့် တနယ်ကျေးရွာကြားကို  ဆက်လက်ပြီး ဗုံးကြဲသွားကြောင်း ရေဦးနယ်အနောက်ခြမ်း သတင်းတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။ 

“ရေဦး မြောက်ခြမ်းနဲ့ တန့်ဆည်တောင်ခြမ်း ချုပ်စပ်ကျေးရွာတွေကို ကြဲတာဗျ။ လေးကြိမ်ထက် မနည်း တိုက်ခိုက်သွားတယ်။ ရေဦးမြို့နယ်မြောက်ခြမ်း ဖန်းခါဇင်ရွာက ဘုန်းကြီးကျောင်းကို ကြဲတာကတော့ နှစ်ထပ်ကျောင်းဆောင်ကြီး ပျက်သွားတယ်။ အမျိုးသမီးတစ်ဦးလည်းသေတယ်” ဟု ထိုသူက ပြောသည်။

တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် တစ်ဦးက “ရေဦးဘက်ကတော့ ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေပြီး ဘုန်းကြီးကျောင်းလည်း တော်တော်ကို ပျက်စီးသွားတယ်ဗျ။ တန့်ဆည်ဘက်ခြမ်း ကြဲတာကြ နှစ်ရွာကြား ကျသလိုဖြစ်သွားတယ်။ အထိခိုက်တော့ မရှိဘူး” ဟု ပြောသည်။ 

စစ်ကိုင်း၊ မကွေးနှင့်ချင်းပြည်နယ် စစ်ဆင်ရေးများကိုကွပ်ကဲရာ နမခအတွင်း ယခုလ ၂၂ ရက်နေ့တွင် ဂျိုင်ရိုကော်ပတာ သုံးစီးရောက်ရှိလာပြီး ကင်းထောက်နှင့် တိုက်ခိုက်ရေးတို့တွင် စတင်အသုံးပြုနေသည် ဟု တော်လှန်ရေးအင်အားစုများက ဆိုကြသည်။ 

မုံရွာနှင့် ကပ်လျှက်ရှိ စစ်တပ်စစ်ကြောင်းထိုးနေသည့် အရာတော်မြို့နယ်တွင်လည်း စက်တင်ဘာလ ၂၈ ရက်နေ့က နမခမှတက်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ပြည်သူ့စစ်အားကောင်းရာ ကန့်ဘလူမြို့နယ်နှင့် ထိစပ်နေသော ခင်ဦးမြို့နယ်အတွင်း ယခုနှစ် နှစ်လယ်မှ စတင်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာပြီးနောက် ခင်ဦးမြို့နယ်အနောက်ဘက် ရေဦးနယ်အတွင်းလည်း စစ်ရေးလှုပ်ရှားမှုများ ရှိလာသည်။ 

စစ်ကိုင်းတိုင်းအတွင်း အသုံးပြုလာသည့်  ဂျိုင်ရိုကော်ပတာ

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ပြီး လေကြောင်း အားပြုတိုက်ခိုက်နေသောစစ်တပ်သည် ကုန်ကျစရိတ် နည်းပြီး လွယ်ကူမြန်ဆန်စွာပျံသန်းနိုင်သည့် အင်ဂျင်တပ်လေထီး (ပါရာမော်တာ)များကို မန္တလေးတိုင်း မြင်းခြံ၊ တောင်သာ ဘက်တွင် ယမန်နှစ်နှစ်ကုန်ပိုင်းက စတင်အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့သည်။ 

ထို့ပြင် ယခုနှစ် နှစ်လယ်ပိုင်းကစပြီး ဂျိုင်ရိုကော်ပတာများကို မန္တလေးတိုင်း မြင်းခြံဒေသတွင် စတင် အသုံးပြုကာ လက်ရှိတွင် စစ်ကိုင်းတိုင်းအထိပါ တိုးချဲ့သုံးစွဲလာခြင်းဖြစ်ကြောင်း သိရသည်။ 

ဂျိုင်ရိုကော်ပတာသည် မောင်းနှင်သူတစ်ဦးအပါအဝင် နောက်ထပ် တစ်ဦး လိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီ လျှင် ၉၅ မိုင်နှုန်း ပျံသန်းနိုင်ပြီး လေပေါ်တွင် သုံးနာရီမှ လေးနာရီကြား ပျံသန်းနိုင်ကြောင်း လေကြောင်း ကင်းထောက်အဖွဲ့များက ထုတ်ပြန်ထားသည်။ 

“အဓိကတော့ နှစ်ယောက် မောင်းလို့ရတယ်။ ပါရာမော်တာထက် ကွန်ထရိုးကောင်းကောင်းလုပ်လို့ ရတဲ့ အနေအထားပေါ့။ နှစ်ယောက်မောင်းလို့ရတဲ့အနေအထားဆိုတော့ တစ်ယောက်က ပစ်တာတို့၊ ချတာတို့ ဒီလိုမျိုးလုပ်လို့ရတဲ့အနေအထားမျိုးလို့ပြောလို့ရပါတယ်”ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

ဂျိုင်ရိုကော်ပတာကို လေယာဉ်ပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တုံ့ပြန်နိုင်သဖြင့် စစ်တပ်ကလည်း တိုင်းရင်းသားလက်နက်ကိုင်များ စိုးမိုးထိန်းချုပ်ထားသည့်နေရာများ၊ တောင်ကုန်းတောင်တန်း ထူထပ် ရာဒေသများထက် မြေပြန့်ဒေသတွင် အသုံးပြုနေကြောင်း ၎င်းက ဆိုသည်။ 

“ပစ်ချနိုင်ဖို့က အကွာအဝေးပေါ်မှာပဲမူတည်ပါတယ်။ ပွိုင့် ၅ တို့၊ ပွိုင့် ၈ တို့၊ လေယာဉ်ပစ် စက်သေနတ် ကြီးတွေနဲ့ဆိုရင် မှန်ကန်တဲ့ကျည်အမျိုးအစားရွေးချယ်ပြီးအသုံးပြုမယ် ဆိုရင် ပစ်ချနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဂျိုင်ရိုကော်ပတာတွေအနေနဲ့လည်း မြေပြန့်လွင်ပြင်တွေမှာပဲ သွားတာများတာကိုတွေ့ရတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။ 

“မြေပြန့်လွင်ပြင် မန္တလေး စစ်ကိုင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ပဲခူးစတဲ့ဒေသတွေမှာပဲသုံးလို့ရတဲ့ အနေအထားမျိုးပေါ့။ ကန့်သတ်ချက်တွေ များပါတယ်။ ရှမ်းပြည်တို့၊ ရှမ်းမြောက်တို့မှာ သူတို့ ပျံတောင် မပျံရဲပါဘူး”

နိုင်ငံအလယ်ပိုင်းရှိတော်လှန်ရေးတပ်ဖွဲ့များမှာလက်နက်ခဲယမ်းအားနည်းပြီး လေယာဉ်ပစ်လက်နက်မှာ လက်လှမ်းမမီသည့်အခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုကြသည်။ 

“ စိန်ခေါ်မှုအနေနဲ့ကတော့ အမြဲတမ်းတော့ရှိနေတာပဲ။ ဂျိုင်ရိုကော်ပတာမှမဟုတ်ဘူး။ တော်လှန်ရေး လုပ်တာက မနေ့တနေ့ကမှလုပ်ရတာဖြစ်တဲ့အတွက် စိန်ခေါ်မှုအားလုံးက ကျွန်တော်တို့အတွက် အသစ် ချည်းပါပဲ”ဟု ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူကပြောသည်။ 

လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းပျံတက်မှုလမ်းကြောင်းအခြေအနေများကို ဆက်သွယ်ရေးစက်များမှ တဆင့် အချိန်နှင့် တပြေးညီဖြန့်ဝေပေးနေကြောင်းသိရသည်။ 

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်လုပ်ဆောင်နေပြီး ယခုနှစ် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၃၀၀ ကျော်အတွင်း  ပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Related Articles

Back to top button