ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ပေါ်ကို စစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာနေအိမ်အချို့ပျက်စီးသွားပြီး ကလေးများအပါ အဝင် ဒေသခံ ၁၁ ဦးထက်မနည်း သေဆုံးသွားသည်ဟု ဒေသခံများနှင့် ကချင်လွတ်လပ်ရေးတပ် (KIA) ထံက သိရသည်။
မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြစ်ကြီးနားမြို့မှ တက်လာသည့် တိုက်လေယာဉ်နှစ်စီးဖြင့် ဆဒုံးမြို့ပေါ်ရှိ ဈေးနှင့် စာသင်ကျောင်းအနီး ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့ က ပြောသည်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့ နှစ်နေရာကို ကြဲတယ်လို့ပြောတယ်။ အဲဒီဈေးတန်းမှာကျတဲ့ ဗုံးကတော့ ဈေးသည် တွေ၊ ဈေးရောင်းတဲ့သူတွေလည်း ထိခိုက်တယ်၊ နောက် ကျောင်းသားတွေလည်း ကျောင်းဆင်းနေတဲ့ အချိန် ရောက်နေလို့ ကလေးတွေလည်း ထိခိုက်သွားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ကျောင်းဆင်းလာသော ကလေး နှစ်ဦးအပါအဝင် ဒေသခံ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဦး ထက်မနည်း ရှိကာ ထိခိုက်သေဆုံးမှုစာရင်းကိုလည်း ဆက်လက်ပြုစုနေဆဲဖြစ်သည်ဟု KIA ထံက ယမန်နေ့က သိရသည်။
KIA နှင့် နီးစပ်သူ ကချင်ဒေသခံ အမျိုးသားတစ်ဦးကလည်း သေဆုံးထိခိုက်ဒဏ်ရာရသူ အရေအတွက် ထပ်တိုးမြင့်လာနိုင်ကြောင်း ပြောသည်။
“ကျန်သေးတယ်။ အများကြီးပဲ အိမ်ပေါ်မှာတွေရော အကုန်လုံး (ခန္ဓာကိုယ်အစိတ်အပိုင်း) အတိုအပြတ် တွေ အကုန်လုံးလွင့်စင်ကုန်တာဆိုတော့” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။
ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) မွန်းတည့်ချိန်အထိ စာရင်းများအရ သေဆုံးသူ သုံးဦး ထပ်တိုးသောကြောင့် အသက် ၄ နှစ်၊ ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး သုံးဦး၊ အသက် ၂၅ နှစ်မှ ၅၀ အကြား လူကြီး ရှစ်ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ဓာတ်ပုံနှင့် ရုပ်သံဖိုင်များအရ ခန့်မှန်း အသက် ၁၀ နှစ် အောက် ကလေးငယ်နှစ်ဦး အလောင်း၊ ခန္ဓာကိုယ် ထက်ပိုင်းပြတ်တောက်နေသူတစ်ဦး တွေ့ရသလို နေအိမ်နှင့် အဆောက်အဦများ ပျက်စီးနေသည်ကို တွေ့ရသည်။
ဗုံးကြဲခံရသည့် ဆဒုံးမြို့မှာ တရုတ်နယ်စပ်မြို့ဖြစ်သည့် ကန်ပိုက်တည်မြို့၏ အနောက်ဘက် ၂၅ မိုင် ခန့် အကွာတွင်ရှိပြီး ဝိုင်းမော်မြို့နယ်တွင်းရှိ မြို့နယ်ခွဲတစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀၀ ကျော်သာ နေထိုင်သည်။
ဆဒုံးမြို့ကို ၂၀၂၄ ခုနှစ် မတိုင်မီက စစ်တပ်နှင့် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားကြခြင်းဖြစ်သည်။
ကန်ပိုက်တည်မြို့အပါအဝင် ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်မျဉ်းတစ်လျှောက်ရှိ မြို့များကို ပြီးခဲ့သည့် အတွင်း KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဆဒုံးမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ဆန်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ဆဒုံးမြို့အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲခြင်းဖြစ်သည် ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
“ရွေးကောက်ပွဲအတွက် နယ်စွန်နယ်ဖျားက သူတို့ လက်လှမ်းမမီတဲ့နေရာတွေကို ဗုံးကြဲပြီးမှ မြို့ပေါ်ကို မောင်းသွင်းပြီးမှလူစုနေတာ၊ မဲရဖို့အတွက် လူ့အသက်တွေနဲ့ ရင်းနေတာ”
ဆဒုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းကိုလည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကလည်း အတည်ပြုသလို စစ်တပ်က စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းသာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
“အခုကတော့ စကစ ဘက်ကတော့ ရန်သူလား ပြည်သူလူထုလား ဘာမှမခွဲခြားဘူး။ ကျွန်တော်တို့ တော်လှန်ရေးနယ်မြေဘက်မှာကတော့ အကြောင်းမဲ့ကိုပဲ ဗုံးကြဲတာ၊ ဈေးတန်းမှာလည်း ဗုံးကြဲတာ ဘုရားကျောင်းမှာလည်း ဗုံးကြဲတာ။ ဒါကတော့ အမှန်ဆိုရင် စစ်ရာဇဝတ်မှုမြောက်တာပဲ။ ဘာမှ တိုက်ပွဲ လည်း မရှိဘူး ။ ရန်သူရဲ့ ရုံးထိုင်တဲ့နေရာလည်းမဟုတ်ဘဲ ဗုံးကြဲတာကတော့ မဖြစ်သင့်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
ဆဒုံးဗုံးကြဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးကောင်စီ(KIC)၏ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံများနှင့်အတူ “မင်းတို့တတွေ… လူ မဟုတ်တော့ဘူး” ဟု ယမန်နေ့ ညနေတွင် ရေးသားထားသည်။
စစ်တပ်ထိုးစစ်ကြောင့် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် ကချင်ပြည်နယ် ဆော့လော် မြို့နယ်ရှိ လန်ဆယ်ဒေသကိုလည်း စစ်တပ်က ယမန်နေ့ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရပြီး ထိခိုက် သေဆုံးမှု ရှိ၊ မရှိ မသိရသေးပေ။
လတ်တလော ဗန်းမော်မြို့တွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ ခလရ(၄၇)နှင့် ဆေးတပ်ရင်း ရှိသည့် သုံးမိုင်နေရာနှင့် KBC ဘုရားကျောင်းအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသလို ဝိုင်းမော်မြို့နယ် လမြန် ကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA ထံက သိရသည်။
ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ဆဒုံးမြို့အပါအဝင် မိုးမောက်နှင့် မံစီမြို့တို့၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာထားပြီး အဆိုပါ မြို့နယ်များအားလုံးကို KIA က သိမ်းပိုက်ထားသည်။
ယမန်နှစ် မတ်လ ၇ ရက်နေ့မှစတင်သည့် KIA ၏ ကချင်ပြည်နယ်ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီ သည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် အာဏာသိမ်းစစ်တပ်က ယခုနှစ်ဆန်း မှ စတင်ကာ ထိုးစစ်ဆင်မှုများပြန်လည်ပြုလုပ်လာနိုင်သော်လည်း ဆုံးရှုံးလက်လွတ်ခဲ့ရသည့်မြို့နယ်များ နှင့် နယ်မြေများ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်သည်။
ယခုရက်များအတွင်း စစ်တပ်က လေယာဉ်၊ ဒရုန်း၊ အင်ဂျင်တပ်လေထီးများအသုံးပြု၍ လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်နေရာ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများနှင့် လက်နက်ကိုင်ခုခံသူများ အားကောင်းသည့် နိုင်ငံအလယ်ပိုင်းကို နေ့စဉ်လိုလို ပစ်မှတ်ထား တိုက်ခိုက်နေသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးသမားများ၊ အရပ်သားများ၊ ကလေးသူငယ်များ ထိခိုက် သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြသည်။

| စဉ် | အမည် | အသက် |
| ၁ | ဒေါ်ဇန်ထ | ၅၀ |
| ၂ | ဦးအိုက်ဆန်းကို | ၅၀ |
| ၃ | ဦးအာရွတ် | ၄၀ |
| ၄ | ဦးမာမူလဲ့ | ၃၅ |
| ၅ | ဦးထက်မျိုးထွန်း | ၃၅ |
| ၆ | ဒေါ်ကေရိန်ခေါန်ဂျာ | ၃၂ |
| ၇ | ဒေါ်ရှခီယာ | ၃၀ |
| ၈ | ဒေါ် ဆောင်လန်း တိန်လွီ | ၂၅ |
| ၉ | မောင် ဆဝမ်ဇော်ဒန်တူး | ၁၂ |
| ၁၀ | မောင်လနန်ဆွန်ဒေး | ၆ |
| ၁၁ | မသော်တာလင်း | ၄ |



