အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ကရင်လက်နက်ကိုင်သုံးဖွဲ့  ရွေးကောက်ပွဲ ထောက်ခံသည့် အကြောင်းရင်း

ပြည်သူတို့ကို နေ့စဉ် ဖမ်းဆီးသတ်ဖြတ်နေသူများ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ ဆက်အုပ်ချုပ်မည့် အစီအစဉ်ကို ကြိုဆိုနေကြသည့် လက်နက်ကိုင်သုံးဖွဲ့တွင် အကျိုးစီးပွား မျှော်လင့်ချက်ရှိနေကြသည်ကို တွေ့ရသည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က အာဏာသိမ်းတပ် ပြုလုပ်မည့်  ရွေးကောက်ပွဲကို ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်သည်။

ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၏ ခေါင်းဆောင်များ  စက်တင်ဘာလ ၂၈ ရက်နေ့က ဆွေးနွေးပြီးနောက် ထုတ်ပြန်ကြခြင်းဖြစ်သည်။

ထိုသုံးဖွဲ့သည် ယခင်ကလည်း ထောက်ခံကြောင်း သီးခြားစီ ထုတ်ပြောခဲ့ကြပြီး ဖြစ်သည်။

ယခုကဲ့သို့ ပူးတွဲပြီးတစ်သံတည်းထွက်လာသည်မှာ ၎င်းတို့၏ အကျိုးစီးပွားထိခိုက်နစ်နာမည်ကို စိုးရိမ်ခြင်း၊  ဆန့်ကျင်သူတို့ရှိသည့်နေရာကို ဗုံးကြဲသည့်စစ်တပ် ကရင်ပြည်နယ်တွင် အသာစီး ပြန်ရလာခြင်းဆိုသည့် အချက် နှစ်ချက်ကြောင့်ဖြစ်နိုင်ကြောင်း ကရင့်နိုင်ငံရေးလေ့လာသူတို့က ဆိုကြသည်။

ထို သုံးဖွဲ့အနက်  DKBA နှင့် KNLA-PC တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားသော အဖွဲ့များ ဖြစ်သည်။

အင်အားကြီးမားသည့် BGF ကို  စစ်တပ်က  ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ရပ်တည်မည်ဟု BGF က ထုတ်ပြောခဲ့သည်။ သို့သော်လည်း  သုံးဖွဲ့တွေ့ကြသည့် မှတ်တမ်းဓာတ်ပုံတွင် အဖွဲ့အမည်ကို BGF-KNA ဟု ဖော်ပြထားသည်။

BGF ခေါင်းဆောင်မှာ ဗိုလ်မှူးကြီးစောချစ်သူဖြစ်ပြီး တပ်နယ် ၄ ခု၊ တပ်ရင်းပေါင်း ၁၃ ရင်း ထက်မနည်းဖြင့် ဖွဲ့စည်းထားသည်။

BGF တပ်သည် တရုတ်ရာဇဝတ်ဂိုဏ်များနှင့်အတူ ကျားဖြန့်ခေါ် အွန်လိုင်းမှ တစ်ဆင့်ငွေကြေးလိမ်လည် သည့်လုပ်ငန်း၊ လူကုန်ကူးမှုနှင့် တရားမဝင် ရာဇဝတ်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့ ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းအများအပြားက လက်ခံယုံကြည်ထားသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ကျားဖြန့်လုပ်ငန်း သို့မဟုတ် အွန်လိုင်း ငွေကြေးလိမ်လည်မှုများ တိုးမြင့်လာနေကြောင်း ကြေညာထားသည်။

ထိုလုပ်ငန်းနှင့် ဆက်စပ်နေသော ကရင် BGF  တာဝန်ရှိသူများနှင့်လုပ်ငန်း ကိုးခုကိုလည်း ပိတ်ဆို့ အရေးယူလိုက်ကြောင်း OFAC က စက်တင်ဘာ ၈ ရက်နေ့တွင် ကြေညာသည်။

လိမ်လည်မှုများသည် ၂၀၂၄ ခုနှစ်အတွင်း ၆၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား နေကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခံရကြောင်း OFAC က ဆိုသည်။

DKBA သည်လည်း ဘုရားသုံးဆူမြို့ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည်၊ ထို့အပြင် မြဝတီမြို့တောင်ဘက်ရှိ ၎င်းတို့ ထိန်းချုပ်ရာ ကျောက်ခတ်ဒေသတွင် ကျားဖြန့်လုပ်ငန်း လည်ပတ်လုပ်ကိုင်နေသည်ဟု သတင်းများထွက်ပေါ်ထားသည်။

ထူးခြားသည်က DKBA ထဲတွင် တော်လှန်ရေးအင်အားစုကို  ယခင်ကတည်းက လျှို့ဝှက်စွာ ကူညီနေသူများ ရှိနေခြင်းပင်။  BGF သည်လည်း အလားတူ  အကူအညီပေးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်သူ အချို့ထံက သိရသည်။ 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းနေသည်ဟု အကြောင်းပြ အာဏာသိမ်းခဲ့သော စစ်တပ်က ပြီးခဲ့သည့် လေးနှစ်ကျော်အတွင်း ပြည်သူများကို နေ့စဉ်လိုလို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ တပ်မှထွက်ကာ စစ်တပ်၏ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြရာ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနှင့် ပုံစံ တူနေသည်။ ထိုစဉ်က ရွေးကောက်ပွဲမှာ  စစ်တပ်စိတ်ကြိုက် ကျင်းပခြင်း ဖြစ်ပြီး ထိပ်တန်းဗိုလ်ချုပ်ကြီးများ လူဝတ်လဲကာ အစိုးရဖွဲ့ကြသည့် အပြောင်းအလဲ ဖြစ်သွားခဲ့သည်။

အာဏာသိမ်းတပ် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီနည်းကျသော ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွန်းစေမည်ဟု ယူဆကြောင်း  ကရင်လက်နက်ကိုင် သုံးဖွဲ့က ဆိုသည်။

ထိုအစိုးရသည်  နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့်အပြင် ကရင်ပြည်နယ်နှင့် ပြည်သူများ၏ ဘဝကိုပါ အေးချမ်းတည်ငြိမ်ရန် ဖန်တီးပေးနိုင်ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ရေးထားသည်။

ရွေးကောက်ပွဲတွင် ပါဝင် မဲပေးမည့်သူများ ထိခိုက်နစ်နာဆုံးရှုံးမရှိစေရန် အဖွဲ့စုံပူးပေါင်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ တည်ငြိမ်သော ဘဝ ဖော်ဆောင်နိုင်ရေးအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင် သုံးဖွဲ့ကဆိုသည်။

ရွေးကောက်ပွဲကြောင့် နိုင်ငံ အပြောင်းအလဲဖြစ်နိုင်သည်ဟု DKBA ဗဟိုစစ်ဌာနချုပ် စစ်ရေးဌာန၊ ဌာနမှူး ဒုဗိုလ်မှူးကြီး စောတာ့ဘလဲ့က ပြောသည်။

 “မဲထည့်တဲ့ကိစ္စမှာ ထည့်ချင်တဲ့လူထုတွေရှိ ကောင်းရှိမယ်။ ထည့်ရမယ့် လူထုတွေအတွက် PC ရယ်၊ DKBA ရယ်၊ BGF ရယ် ထည့်ချင်တဲ့သူတွေ အန္တရာယ်မရှိအောင် ပူးပေါင်းဆောင်ရွက်ပြီးတော့ လက်ရှိနိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာလည်း တစ်ခန်းတစ်ကဏ္ဍပေါ့။ အပြောင်းအလဲဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီဟာကို ပူးပေါင်းပြီး အတတ်နိုင်ဆုံး ရွေးကောက်ပွဲကို ပါဝင်ကူညီမယ့်အနေအထားပါ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲတွင် မဲမထည့်လိုသူများကိုလည်း မဲထည့်ရန် ဖိအားပေးမည်မဟုတ်ဟု ဒုဗိုလ်မှူးကြီး စောတာ့ဘလဲ့က ပြောသည်။

အာဏာသိမ်းစစ်တပ်က   လာမည့်ဒီဇင်ဘာ ၂၈ တွင်   ရွေးကောက်ပွဲအပိုင်း (၁) ကို  ကရင်ပြည်နယ်ထဲမှ ဘားအံ၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်တို့ အပါအဝင် နိုင်ငံအနှံ့ ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဟု ကြေညာထားသည်။ 

 မြန်မာစစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တိုက်လာသည့်၊ အထက်ပါ သုံးဖွဲ့နှင့် လှုပ်ရှားနယ်မြေချင်း ဆက်စပ်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကမူ စစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်း ဩဂုတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။ 

 နောက်နှစ်ရက်အကြာတွင် အာဏာသိမ်းစစ်တပ်က KNU ကို အကြမ်းဖက်အုပ်စု အဖြစ် တုံ့ပြန်ကြေညာပြီး နောက်တစ်လအကြာတွင်  KNU   ခေါင်းဆောင် ၁၁ ဦးကို ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အမှုဖွင့်သည်။

 အမှုဖွင့်ခံရသူများထဲတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောစဲဂေ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး စော်ဂျော်နီ၊ ဗိုလ်မှူးချုပ် စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီးတို့ပါဝင်သည်ဟု စစ်တပ်၏  စက်တင်ဘာ ၂၃ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုသုံးဖွဲ့က  ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ကြေညာချက်ထုတ်ခြင်းမှာ အာဏာသိမ်းတပ်ဘက်သို့ ရပ်တည်လိုက်ခြင်း ဖြစ်ကြောင်း  KNU  ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက  စက်တင်ဘာ နောက်ဆုံးပတ်တွင် ဧရာဝတီသတင်းဌာနသို့ ပြောသည်။ 

ထိုသုံးဖွဲ့၏ ထုတ်ပြန်ချက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောတာ့ဘလဲ့က ၎င်းတို့နှင့်  KNU  ရပ်တည်ချက်မတူသော်လည်း တိုက်ပွဲဖြစ်လာနိုင်ခြေ မရှိသေးဟု ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ပဋိပက္ခဖြစ်တယ်ဆိုတာတော့ မရှိပါဘူး။ ကျွန်တော်တို့လည်း ကိုယ့်နေရာ ကိုယ်နေကြတာပဲ။ ဒါက ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ ကိုယ့်ရပ်တည်ချက် အပေါ်မှာ မူတည်ပြီးတော့ ပြောကြတာပါ။ သဘောထားထုတ်ပြန်တဲ့အပေါ်မှာ သူတို့နဲ့ ဆန့်ကျင်ဖို့မရှိပါဘူး” ဟု ဒုဗိုလ်မှူးကြီးက မှတ်ချက်ပေးသည်။

 နိုင်ငံရေးလေ့လာသူ ကရင်အမျိုးသားတစ်ဦးကမူ ထိုသုံးဖွဲ့သည် အာဏာသိမ်းတပ်နှင့် ထိပ်တိုက်တွေ့ပါက ၎င်းတို့၏ အကျိုးစီးပွားများ တိုက်ခိုက်ခံရနိုင်သဖြင့်  ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ဒီသုံးဖွဲ့ရဲ့ရပ်တည်ချက်က ကရင်လူထုအတွက် ဘာမှ ထွေထွေထူးထူး အကျိုးဆောင်လိမ့်မယ်လို့ မမြင်ဘူး။ သူတို့အကျိုးစီးပွားနဲ့ ကိုယ်ပိုင်ရပ်တည်နိုင်ဖို့ပဲဖြစ်တယ်” ဟု သူက ပြောသည်။

နိုင်ငံတကာဖိအား ရှိလာချိန်တွင် ကရင်ပြည်နယ်အတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးပြခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်များ လွတ်မြောက်နေဟန်ရှိသည်ဟု သူက ဆိုသည်။

“ဒီ သုံးဖွဲ့က သူတို့ခွင်ထဲမှာ အွန်လိုင်း လိမ်လည်မှု ကိစ္စတွေ၊ ပုန်းခိုနေပြီးမှ အကျိုးအမြတ်ရနေတာတွေက စိတ်ပျက်စရာပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ဖမ်းတာဆီးတာ လုပ်ပြတယ်။ ဒါပေမယ့် ခေါင်းဆောင် ကြီးကြီးမားမား တစ်ယောက်မှ ဖမ်းမိတာလည်းမရှိဘူး။ သူတို့လုပ်ငန်းတွေဆက်လုပ်နေတယ်”  ဟု သူက ပြောသည်။

ဝေဖန်မှုများနှင့်ပတ်သက်၍ DKBA ဗဟိုစစ်ဌာနချုပ် စစ်ရေးဌာန၊ ဌာနမှူး ဒုဗိုလ်မှူးကြီး စောတာ့ဘလဲ့က အထင်မှားခြင်း ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ အနေအထားကိုသိတဲ့သူရှိမယ်။ မသိတဲ့သူရှိမယ်။ သိတဲ့သူကတော့ အပြုသဘောဆောင်ပြီး နားလည်ပေးနိုင်သလို၊ မသိတဲ့သူကလည်း ဒီနိုင်ငံရေးဖြစ်စဉ်မှာ သူတို့နဲ့ ပူးပေါင်းသွားပြီလား၊ အဲဒီလိုအထင်အမြင်တွေဖြစ်နိုင်တယ်” ဟု ဒုဗိုလ်မှူးကြီးက တုံ့ပြန်သည်။

“ဒါပေမယ့် ကျွန်တော်တို့က NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့အပေါ်မှာ ကိုယ့်ရဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ အပြုသဘောဆောင်တဲ့အလုပ်တွေ လုပ်ဖို့ဆိုတာက ၂၀၂၁ ဖေဖော်ဝါရီလမှာ ထုတ်ပြန်ကြေညာချက်ထုတ်ထားတာလည်းရှိပါတယ်”

အာဏာသိမ်းတပ်တပ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကရင်ပြည်နယ်စစ်မျက်နှာတွင် ထင်ရှားသည့် အောင်မြင်မှုအချို့ ပြန်ရလာသည်။ 

KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များအား တိုက်ခိုက်သည့် ထိုးစစ်ကို အာဏာသိမ်းတပ်တပ်က မြန်မာ့သမိုင်းထဲက စစ်ဘုရင်တစ်ပါးအမည် ပေးထားသည်။

ထိုင်းနိုင်ငံကို တစ်ချိန်က ကျူးကျော်ခဲ့သော မြန်မာစစ်ဘုရင်တစ်ပါးဖြစ်သည့် အလောင်းမင်းတရား ဦးအောင်ဇေယျ၏ နာမည်ကိုအစွဲပြု၍ အောင်ဇေယျစစ်ဆင်ရေးဟု အမည်ပေးထားသည်။

စစ်တပ်သည် KNU နှင့် ၎င်း၏မိတ်ဖက်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထိန်းချုပ်သည့် ကျုံဒိုး-ကော့ကရိတ်ကားလမ်းကို ဇူလိုင်လအတွင်း ထိုးစစ်ဆင်ထိန်းချုပ်နိုင်ခဲ့သလို စက်တင်ဘာ ၅ ရက်နေ့တွင် ကော့ကရိတ်-မြဝတီအာရှလမ်းပေါ်ရှိ စစ်ရေးအရ အရေးပါသော သင်္ဃန်းညီနောင်ရွာကို သိမ်းပိုက်ခဲ့သည်။

သင်္ဃန်းညီနောင်ကို စစ်တပ်က ပြန်သိမ်းနိုင်သည့် အဓိက အကြောင်းအရင်းများထဲတွင် မြဝတီနှင့် သင်္ဃန်းညီနောင်ကြား က BGF စခန်းများ လမ်းဖွင့်ပေးလိုက်သဖြင့် မြဝတီမြို့မှ စစ်တပ်စစ်ကြောင်းများ ရှေ့တိုးချီတက်လာနိုင်ခြင်းလည်း အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကဆိုသည်။

လက်ရှိတွင် အာဏာသိမ်းတပ်တပ်၏ စစ်ကြောင်းသည် မြဝတီမြို့၏ တောင်ဘက်ရှိ လေးကေကော်မြို့သစ်အထိ ရောက်လာနေပြီဖြစ်ရာ KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်က ခံစစ်ရှင် ပြောက်ကျားစနစ်ဖြင့် စခန်းအသေမထိုင်ဘဲခုခံနေသည်။

KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ခံစစ်အသွင်ပြောင်းသွားရသည့် အခြေအနေတွင် ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့သည် အာဏာသိမ်းတပ်တပ်နှင့်အတူ နိုင်ငံရေးအရ ရပ်တည်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူအချို့က ရှုမြင်ကြသည်။

စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကလည်း ကရင်လက်နက်ကိုင် သုံးဖွဲ့သည် ကရင်ပြည်နယ် စစ်မျက်နှာတွင် အာဏာသိမ်းတပ်ဘက်က စစ်ရေးအသာစီးရလာသဖြင့် အာဏာသိမ်းတပ်ဘက် ပေါ်ပေါ်ထင်ထင်ရပ်တည်လာခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“အဓိကတော့ စစ်တပ်က သာရင် စစ်တပ်နဲ့ပေါင်းတာပေါ့။ ဟိုဘက်က သာရင် ဟိုဘက်နဲ့ပေါင်းတယ် ဆိုတဲ့ လက္ခဏာတော့ တွေ့ရတာပေါ့။ ဒီအဖွဲ့တွေက မူလကတည်းက စစ်တပ်နဲ့ ပေါင်းတဲ့ အဖွဲ့အစည်းတွေပဲ။ ၂ ခုက NCA ထိုးထားတယ်။ BGF က စစ်တပ်လက်အောက်ခံအဖွဲ့အစည်းပဲ” ဟု မှတ်ချက်ပေးသည်။

ကရင်လက်နက်ကိုင် သုံးဖွဲ့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် ကမ္ဘာကျော်သည့် BGF သည် အင်အား အတောင့်ဆုံးဖြစ်ပြီး စစ်အင်အား ၇,၀၀၀ မှ ၁၀,၀၀၀ အထိ ရှိနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးက ခန့်မှန်းသည်။

BGF သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် အင်အားတောင့်သော်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းကြောင့် ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့၏ ဖိအားဒဏ်ရင်ဆိုင်နေရသည်။

ပြည်ပ အင်အားကြီးနိုင်ငံ ၂ ခု၏ မကျေနပ်မှုဒဏ်ရင်ဆိုင်နေရစဉ်တွင် BGF သည် အာဏာသိမ်းစစ်တပ်ဘက် ယိမ်း၍ အဖွဲ့ရပ်တည်နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးက ဆိုသည်။

“အမေရိကန်ရဲ့ ရာဇသံပေးမှုက ဘာနဲ့တူသလဲဆိုတော့ တစ်ချိန်က ဘိန်းဘုရင်လို့ နာမည်ကျော်တဲ့ ခွန်ဆာအဖွဲ့ကို ရာဇသံပေးပုံနဲ့တူတယ်။ အမေရိကန်ကို ထိခိုက်တယ်ဆိုတဲ့အခါကျတော့ ခွန်ဆာကို ရှင်းသလို စောချစ်သူကို ရှင်းနိုင်တယ်ဆိုတဲ့ အလားအလာရှိတယ်။ အဲဒီအချိန်မှာ ချစ်သူအနေနဲ့ရပ်တည်နိုင်ဖို့ လမ်းရှာတယ်လို့ထင်တယ်” ဟု သူက ဆိုသည်။

ထိုသုံးဖွဲ့နှင့် KNU တို့   ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရပ်တည်ပုံ မတူသော်လည်း  ပဋိပက္ခဖြစ်နိုင်ခြေနည်းကြောင်း သူက သုံးသပ်သည်။

“သူတို့အချင်းချင်း မတိုက်ဖို့သဘောတူထားတော့ ထိပ်တိုက်ရင်ဆိုင်တာ သူတို့ကြားထဲဖြစ်မယ် မထင်ဘူး။ စစ်တပ်နဲ့ ဆက်ဆံတဲ့နေရာမှာသာ နည်းပရိယာယ်မတူကြတာသာ ဖြစ်တယ်” ဟု သူက မှတ်ချက်ပေးသည်။

Related Articles

Back to top button