ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်မှ ယမန်နေ့ (အောက်တိုဘာ ၁) တွင် ထောင်လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးထဲမှ ငါးဦးကို အာဏာသိမ်းတပ်က ပြန်လည်ဖမ်းဆီးလိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
မိသားစုများနှင့်ပင် တွေ့ဆုံခွင့်မရလိုက်ကြောင်း ပြန်လည်ဖမ်းဆီးခံလိုက်ရသူတစ်ဦး၏ မိသားစု ဝင်တစ်ဦးက ပြောသည်။
“ထောင်ကနေပြီးတော့ အချုပ်ကားနဲ့ ခေါ်ထုတ်လာတယ်။ သာယာဝတီက တရားရုံးတစ်ခုကို မောင်းသွားတယ်။ တရားရုံးမှာ စောင့်နေတဲ့အချိန်မှာ ရဲကထွက်လာပြီးတော့ ဒီလူတွေ၊ ဒီလူတွေပေါ့၊ အဖေနာမည်နဲ့ပေါ့၊ ပြန်မလွှတ်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
ပြန်လည် ဖမ်းဆီးခံရသူများမှာ ကိုတင်စိုး ခေါ် နတ်ဆိုးနှင့် ဇနီးဖြစ်သူ မမေမြတ်သူ၊ စိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ အမည်မသိရသေးသည့် အမျိုးသား တစ်ဦးတို့ ဖြစ်သည်။
၂၀၂၁ နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသူ ထိုငါးဦးမှာ အကြမ်းဖက် ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထောင်ချခံခဲ့ရပြီး ယမန်နေ့တွင် လွတ်ရက်စေ့ခဲ့သူများဖြစ်သည်။
မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့် စစ်တပ်က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ အများအပြားကို နိုင်ငံတော်အကြည်ညိုပျက်စေသည့် ပုဒ်မ ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်သည့် ဥပဒေ ပုဒ်မ ၁၇ (၁) တို့ ဖြင့် တရားစွဲဆို ထောင်ချခဲ့သည်။
ထို့အပြင် ၂၀၁၄ ခုနှစ်အတွင်းပြဋ္ဌာန်းခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပြင်ဆင်ခဲ့သည်။ ထိုသို့ ပြင်ဆင်လိုက်သဖြင့် အွန်လိုင်းတွင် ရေးသားပြောဆိုမှုကိုပင် “အကြမ်းဖက်မှု” ဟု စွပ်စွဲပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရန် ရည်ရွယ်ပုံရကြောင်း လေ့လာသူများက ဆိုသည်။
မပြင်ဆင်မီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို မတရားအသင်း ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ချခဲ့သည်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်များက အထက်ပါ ငါးဦးကို ထပ်မံ ဖမ်းဆီးထားလိုသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲဆိုရန် ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု သာယာဝတီထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်း တစ်ဦးက ပြောသည်။
“ ၅၂ (က) ၊ ၅၂ (ခ) ပုဒ်မတွေပေါ့ ။ ၁၇ (၁) ကကျတော့ မတရားအသင်း ဆက်သွယ်တဲ့ ပုဒ်မ ဆိုတော့ သုံး နှစ်ပဲ။ ပုဒ်မ ၅၂ မပေါ်သေးတော့ ရှိတာနဲ့ ပဲ ကပ်ထားရတာ။ အရင်တုန်းကလဲ ၁၇ (၁) သမားတွေကို ၅၂ နဲ့ ပြန်ကပ်တာမျိုး ရှိခဲ့ဖူးတယ် “ ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ ကလည်း သာယာဝတီထောင်မှ လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာသူ မမိုးဆန်းစုကြည်ကို အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ (က) ဖြင့်ပင် စစ်ကော်မရှင်က ပြန်လည် ဖမ်းဆီးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးနှစ်ဦးအနက် အငယ်ဖြစ်သော NLD ပါတီ၊ လူငယ် တာဝန်ခံ မမိုးဆန်းစုကြည်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် ထောင်ဒဏ် ခြောက် နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
သာယာဝတီ အကျဉ်းထောင်တွင် ယခုနှစ် အတွင်းတွင် လွတ်ရက်စေ့နေပြီဖြစ်သည့် မတရားအသင်း ဆက်သွယ်သည့် ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသူများ ရှိနေသေးသည်။ ထိုသူများ လွတ်မြောက်ရေး ခက်ခဲနိုင်သည်ဟု သာယာဝတီထောင်မှ လွတ်မြောက်လာသည့် နိုင်/ကျဉ်းသူ မဂရေ့စ်က ပြောသည်။
“ကျွန်မတို့က စိုးရိမ်ချက်က နဂိုကတည်းကရှိပြီးသားပါ။ မေမြတ်သူတို့ နတ်ဆိုးတို့ ကို အဲဒီလို လုပ်လိုက်တော့ ပိုပြီး စိုးရိမ်မိတယ်။ ရှေ့မှာလည်း မိုးဆန်းစုကြည်ကိုလည်း အဲဒီလို ဖြစ်ခဲ့ပြီးပြီ။ အခုဟာက ဒီကလေးတွေကိုပါ အဲဒီလို လုပ်တယ်ဆိုတော့ အထဲမှာကျန်ခဲ့သူတွေလည်း ရင်တုန်ပန်းတုန်ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။
“လွတ်ရက်နားနီးလေ ပျော်ရလေမဟုတ်ဘူး။ လွတ်ရက်နား နီးလေ ရင်ထိတ်ရလေပဲ။ ငါ့ကို နောက်မှုဆိုပြီးတော့များ လာခေါ်မလား၊ လွတ်တဲ့နေ့ကျရင်လည်း ရင်တထိတ်ထိတ်နဲ့ လေ။ ဘူးဝရောက်ရင် ဘူးဝကိုမှ ကျော်နိုင်ပါ့မလားဆိုပြီးတော့ အဲဒါက ကျွန်မတို့ရဲ့ အိပ်မက်ဆိုးပဲ” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ ဖြင့် တရားစွဲဖမ်းဆီးနေခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က လည်း ယနေ့ ( အောက်တိုဘာလ ၂ ရက်) တွင် ထုတ်ပြန်ထားသည်။



