အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

စစ်မီးလျှံကြားမှ ရွေးကောက်ပွဲ 

တရုတ်အစိုးရက ပြည်သူများကို ရွေးကောက်ပွဲအကြိုကာလတွင် ဗုံးကြဲသတ်ဖြတ်နေသော မင်းအောင်လှိုင်ကို အားပေးနေခြင်းမှာ မြန်မာပြည်သူတို့အပေါ် တရုတ်ကျူးလွန်သည့် အဆိုးရွားဆုံး လုပ်ရပ် ဖြစ်လာသည်။

ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို နိုင်ငံတွင် ရင်ဆိုင်နေရသော ပြဿနာများ၏ “ထွက်ပေါက်” အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပုံဖော်နေပြီး နိုင်ငံတကာအသိုက်အဝန်း၏ ထောက်ခံမှု ရရှိလာရန် မဲဆွယ်စည်းရုံးနေသည်။ ရွေးကောက်ပွဲ ဆိုသည့် ဝေါဟာရတွင် ပြည်သူ့ဆန္ဒခံယူခြင်း ဟူသည့် အဓိပ္ပာယ်ပါဝင်ခြင်းကြောင့် မင်းအောင်လှိုင် တွေ့ဆုံခဲ့သမျှ နိုင်ငံတကာခေါင်းဆောင်များက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မပြောဆိုကြပါ။

နိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲသည် ထိုနိုင်ငံ၏ပြည်တွင်းရေးသာဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများက ဆန့်ကျင့်သော သဘောထား မပေးကြသည်မှာ သဘာဝကျပေသည်။ ထိုအချက်ကို သိထားသော မင်းအောင်လှိုင်သည် ၎င်း၏ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံကြကြောင်း ပြည်ပခရီးစဉ်များက အပြန်တွင် ဝါဒဖြန့်လေ့ရှိသည်။ ၎င်း၏ ပြည်ပခရီးစဉ် ဆိုရာတွင်လည်း တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် ယခုနောက်ဆုံး ကာဇက်စတန်နိုင်ငံ စသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization – SCO) အဖွဲ့ဝင်နိုင်ငံများသာ ဖြစ်သည်။ 

မင်းအောင်လှိုင် စီစဉ်နေသော ရွေးကောက်ပွဲကို ထောက်ခံအားပေးနေသော နိုင်ငံခေါင်းဆောင်များထဲ တရုတ် သမ္မတ ရှီကျင့်ဖျင် ပါဝင်သည်။   မြန်မာပြည်သူများ၏ ဆန္ဒအရ အစိုးရသစ်တစ်ရပ် ပေါ်ပေါက် လာခြင်းက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးပြဿနာ၏ ထွက်ပေါက်ဖြစ်သည်၊ သို့မဟုတ် မင်းအောင်လှိုင်၏ အာဏာသိမ်းထားမှုကို အဆုံးသတ်ပေးမည့် လမ်းကြောင်း ဖြစ်သည်ဟု တရုတ်အစိုးရက အဓိပ္ပာယ်ဖွင့် နားလည်လက်ခံထားသလား တွေးဆဆင်ခြင်စရာများ ရှိနေပါသည်။  

အကြောင်းမှာ ဩဂုတ်လ၌ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်း အဝေးအတွင်း တရုတ်အစိုးရ၏ ထိပ်တန်းသံတမန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်တွေ့ဆုံပြီး၊ တရုတ်အစိုးရ၏ မြန်မာ့ပြဿနာဖြေရှင်းရေး မူဝါဒ (၃) ရပ်အား အသိပေးခဲ့သည်။ 

ယင်းသည် စက်တင်ဘာလတွင် ကျင်းပခဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်ကို မတွေ့ဆုံမီ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်၏ မူဝါဒကို  ရှင်းလင်းစွာ ကြိုတင်အသိပေး ခဲ့ပြီး၊ မင်းအောင်လှိုင်၏ လက်ခံသဘောတူညီမှုကို ကြိုတင်ရယူခဲ့သည့်သဘော သက်ရောက်ပါသည်။

ထိုမူဝါဒများမှာ (၁) သက်ဆိုင်ရာ အစုအဖွဲ့များအကြား အမုန်းတရားများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး နှင့် ပြည်သူ့ဆန္ဒနှင့်အညီ အမျိုးသားအုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ကျယ်ပြန့်သော စုစည်းညီညွတ်မှု ဖော်ဆောင်ရေး၊  (၃) လူမှုသဟဇာတ ဖြစ်ရေး၊ ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြည်သူများ၏ဘဝ တိုးတက် ကောင်းမွန်ရေး တို့ဖြစ်သည်။

သို့ရာတွင် ရွေးကောက်ပွဲကျင်းပမည့်အချိန် နီးကပ်လာသည်နှင့်အမျှ နိုင်ငံတွင် ပကတိဖြစ်ပျက်နေသော အချင်းအရာမှာ ရွေးကောက်ပွဲကျင်းပလိုသူက နိုင်ငံအနှံ့ မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူတို့ကို  လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်လာခြင်းပင်။ ရွေးကောက်ပွဲကို ၎င်း၏ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့ပြည်သူ့အသက်ပေါင်းများစွာနှင့် လောင်းကြေးထပ်မည့် လောင်း ကစားပွဲတစ်ခုအသွင် ဖန်တီးနေကြောင်း ထင်ရှားလာပါသည်။ ထိုအခြေအနေသည် တရုတ်အစိုးရ၏ မြန်မာ့ အရေး မူဝါဒ (၃) ရပ်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်လျက် ရှိသည်။ 

ပြည်သူ့အသက်များနှင့် လောင်းကြေးထပ်မည့် ရွေးကောက်ပွဲ   

၂၀၂၃ – ၂၀၂၄ ခုနှစ်များတွင် အကြီးအကျယ် စစ်ရှုံးနေသော အာဏာသိမ်းစစ်တပ်ကို စစ်ရေးအကူအညီများဖြင့် အဓိကကျားကန်ပေးနေပြီး ရွေးကောက်ပွဲကို ထောက်ခံထားသည့် တရုတ်အစိုးရသည် ၎င်းတို့မျှော်မှန်းသကဲ့သို့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူ့ဆန္ဒနှင့်အညီ အစိုးရသစ်တစ်ရပ် ပေါ်လာမည်၊ တိုင်းပြည် တွင် ကျယ်ပြန့်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးမှုများ ပြန်လည်ရရှိလာ မည်ဟု စိတ်ကူးယဉ်တွက်ဆထားကြောင်း ၎င်းတို့၏ မြန်မာမူဝါဒ (၃) ချက်အရ လေ့လာတွေ့ရှိရသည်။ 

ရွေးကောက်ပွဲသည်သာလျှင် လက်ရှိပြဿနာများကို ကျော်လွှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းသဖွယ် တွင်တွင်ဝါဒဖြန့်နေသော စစ်ကော်မရှင်သည် ပြည်နယ်တစ်ခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးထားသည့် ရခိုင်ဒေသရှိ အရပ်ဖက်ပစ်မှတ်များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာသည်။

စက်တင်ဘာလတွင် အာရက္ခတပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ထားသည့် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း နှင့် အမြင်သစ် ပုဂ္ဂလိက အထက်တန်းကျောင်းများ၊ အိပ်ဆောင်များပေါ်သို့  လေတပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသူကျောင်းသား စုစုပေါင်း ၂၀   သေဆုံးခဲ့ပြီး၊ နောက်ထပ် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အတူ ဩဂုတ်လကုန်ပိုင်းကလည်း ရခိုင်ပြည်နယ်၏ မြောက်ဦး ရှေးဟောင်းမြို့တော် လူနေရပ်ကွက်တစ်ခုကို သန်းခေါင်ယံအချိန်တွင် ပေါင်း ၅၀၀ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခြင်း ကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်း နိုင်ငံ၏ အလှပဆုံး ငပလီကမ်းခြေတည်ရှိသည့် သံတွဲမြို့ အရပ်သားပြည်သူများ နေထိုင်သော အမှတ် (၄) ရပ်ကွက်ကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် AA က “အရေးပေါ်ထုတ်ပြန်ချက်” ဖြင့် ပြည်သူများကို အသိပေးတိုက်တွန်း ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် “မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများစွာနှင့်ရင်ဆိုင်နေရသည့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခုရက်များတွင် အာရက္ခဒေသအတွင်း၌ မိမိတို့ အပြည့်အဝထိန်းချုပ်ထားပြီး တိုက် ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာ များ၌ရှိသော စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘုန်းတော်ကြီး ကျောင်း အစရှိသည့်နေရာများအပြင် လူစုလူဝေးရှိသည်ဟုယူဆသော နေရာများအား နေ့၊ ည အချိန်မရွေး လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်သော လုပ်ရပ်များကို ပိုမိုလုပ်ဆောင် လျက်ရှိသည်” ဟု ဖော်ပြထားသည်။

စင်စစ် စစ်ကော်မရှင်သည် ရခိုင်ပြည်နယ်တွင်သာမက ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသော နိုင်ငံအနှံ့ရှိ မြို့ရွာ များတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် အလားတူ လေကြောင်းတိုက်ခိုက်မှုများ ယခုရက်ပိုင်း လပိုင်းအတွင်း တိုးမြှင့်လုပ်ဆောင်လာသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း သပိတ်ကျင်းနှင့် စဉ့်ကူး မြို့များရှိ လူနေရပ်ကွက်များပေါ်သို့ တစ်ရပ်တည်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တန့်ဆည်မြို့နယ် ကံထူးမကျေးရွာ ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ 

စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဆဒုံးမြို့၏ လူစည်ကားရာ ဈေးတန်ပေါ်သို့ ဗုံးကြဲချခဲ့ရာ လတ်တလော ရရှိထား သော သတင်းအချက်အလက်အရ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့သည်၊ သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှု အရေအတွက် ပို၍များပြားဖွယ် ရှိသည်။  

စစ်ကော်မရှင်က လေယာဉ်ဗုံးသီးများ ဖောဖောသီသီအသုံးပြုပြီး အရပ်ဖက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက် မှုများ တိုးမြှင့်နိုင်ခြင်းမှာ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ လေယာဉ်ဗုံးသီးအမျိုးမျိုး အမြောက်အများ ထုတ်လုပ်နိုင်ရန်၊ တရုတ်အစိုးရပိုင် China South ကုမ္ပဏီက အကူအညီပေးနေကြောင်း Special Advisory Council for Myanmar က ဇူလိုင်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထား သည်။ 

ထို့ကြောင့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တရုတ်အစိုးရသည် မင်းအောင်လှိုင်၏ စစ်မီးလျှံကြားက ရွေးကောက်ပွဲ အကြိုကာလ   စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို တိုက်ရိုက်အားပေးအားမြှောက်ပြု လျက်ရှိပြီး၊ ယင်းသည် တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းတစ်လျှောက် မြန်မာပြည်သူများအပေါ် တရုတ်ကျူးလွန်သည့် အဆိုးရွားဆုံး လုပ်ရပ်တစ်ခုအဖြစ် တာဝန်ယူရပါလိမ့်မည်။

ရွေးကောက်ပွဲကို တုံ့ပြန်မည့် တော်လှန်ရေးအင်အားစုများ

ထိုဖြစ်ရပ်များက ညွန်ပြနေသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲသည် စစ်အာဏာသိမ်း မှုကြောင့် ပေါ်ပေါက်လာသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းထက်၊ ရွေးကောက်ပွဲ ပြုလုပ် နိုင်ခြင်းမရှိသော မဲဆန္ဒနယ်များတွင်နေထိုင်ကြသော ပြည်သူများ ရွေးကောက်ပွဲကို လက်ခံလာစေရန် ဗုံးကြဲ သတ်ဖြတ်ပြနေခြင်း ဖြစ်သည်။ 

သို့သော် စစ်ကော်မရှင်၏ ထိုအကြမ်းဖက်စစ်ရေးနည်းလမ်းနှင့် ရွေးကောက်ပွဲနည်းလမ်း အပြိုင်နည်းဗျူဟာမှ ထွက်ပေါ်လာမည့် ရွေးကောက်ပွဲပြီးနောက် အခင်းအကျင်းတွင် စစ်တပ်ထိန်းချုပ်နိုင်သော နယ်မြေနှင့် မထိန်း ချုပ်နိုင်သော နယ်မြေ ဟူ၍ ပိုမိုနက်ရှိုင်းစွာ ကွဲပြားမှုများ ဖြစ်ပေါ်လာစေရုံမှတစ်ပါး အခြားရလဒ် ထွက်ပေါ် လာနိုင်မည် မဟုတ်ပါ။ 

တနည်းအားဖြင့် ရွေးကောက်ပွဲသည် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အုပ်ချုပ်မှုပုံသဏ္ဌာန် အမျိုးမျိုးကွဲပြားသော တစ်နိုင်ငံ စနစ်အမျိုးမျိုး (One Country, Multi-governance System) ရှိသည့် ပြိုကွဲတိုင်းပြည်တစ်ခု၏ အသွင်လက္ခဏာများ ပိုမိုနက်ရှိုင်းစွာ ဖြစ်ပေါ်လာပြီး တိုင်းပြည်ပြိုကွဲရေးလမ်းကြောင်း ဆီသို့ တွန်းပို့ပေးသော အကြောင်းတရား ဖြစ်လာနိုင်ပါသည်။ 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို လက်တုံ့ပြန်မည့်အကြောင်း တော်လှန်ရေးအင်အားစု အသီးသီးကလည်း ယခုတလော ကြေညာချက်များ ထုတ်ပြန်လာကြသည်ကို တွေ့မြင်နေရပါသည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး “တရားမဝင် အတု အယောင် ရွေးကောက်ပွဲ” အဖြစ် ဆန့်ကျင်ကြရန် ပြည်သူများကို နှိုးဆော်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း “၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲ ဖြစ်သည်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ထို့အတူ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ဝ စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အသီးသီး စိုးမိုးထိန်းချုပ်ဒေသများတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပခြင်းကို လက်မခံကြောင်းနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီနေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက် များ ထုတ်ပြန်၍ အသိပေးတားမြစ်လာပါသည်။ ရွေးကောက်ပွဲကာလကို တဖြည်းဖြည်း ချည်းကပ်လာသည် နှင့်အမျှ နိုင်ငံအနှံ့ စစ်မီးလျှံ ပိုမိုတောက်လောင်လာမည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။

ကိုယ်တိုင်ဖော်စပ်သော ဆေးနှင့် အဆိပ်သင့်မည့် မင်းအောင်လှိုင်

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD) သည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် “အထွေထွေထိုးစစ်” ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု လ အတန်ကြာကတည်းက အသိပေးထားသည်။ ထိုကာလအတွင်း ကချင် နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ဗန်းမောက်မြို့ကို MoD ၏ အမှတ် (၁) စစ်ဒေသ၏ တိုက်ရိုက်စစ်ဆင်ရေး ကွပ်ကဲမှု ဖြင့် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

NUG ၏ ဗန်းမောက်စစ်ဆင်ရေး အောင်မြင်မှုသည် ဇူလိုင်လကတည်းက တန်ပြန်ထိုးစစ်များဖြင့် ကရင်နီနှင့် ရှမ်းမြောက် စစ်မျက်နှာများတွင် မြို့များကို ပြန်လည်သိမ်းပိုက် အောင်ပွဲရနေသော မင်းအောင်လှိုင်စစ်တပ် အတွက် စစ်ကိုင်းစစ်မျက်နှာတွင် စစ်ရှုံးနိမ့်မှု ဖြစ်သည်။ ဗန်းမောက်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းကြောင့် မင်းအောင်လှိုင်စစ်တပ်သည် နိုင်ငံအနှံ့တွင် တန်ပြန်ထိုးစစ်များကို တစ်ပြိုင်နက်ထဲ ဆင်နွှဲနိုင်သော စစ်အင်အား သာလွန်မှု ပြန်လည်ရရှိနေခြင်း မရှိသေးဟု သုံးသပ်နိုင်ပါသည်။

ပြည်သူ့အသက်ပေါင်းများစွာနှင့် လောင်းကြေးထပ်မည့် စစ်မီးလျှံကြား ကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင် ရေးနှင့် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ လက်ခံလာရေး ဆိုသည့် အလွန်မရေရာ မသေချာသော အခြေ အနေတစ်ရပ်ကို မင်းအောင်လှိုင် ရင်ဆိုင်ရပေလိမ့်မည်။ အဓိပ္ပာယ်မှာ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ဆိုသည့် ကိုယ်တိုင်ဖော်စပ်သော ဆေးနှင့် အဆိပ်သင့်နိုင်သော အခြေအနေကို ကြုံတွေ့နိုင်ပါသည်။

လက်ရှိတွင် စစ်တပ်ပါတီ ကြံ့ခိုင်ရေးမှတစ်ဆင့် နိုင်ငံတော်အာဏာကို စစ်တပ်က ရာသက်ပန် ထိန်းချုပ်ထား နိုင်ရန် မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီးအဆင့်မှစ၍ စစ်တပ်အရာရှိ အယောက် ၅၀၀ ကျော်ကို ဘောင်းဘီ ချွတ်ပြီး အရပ်သားအသွင်ယူစေ၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေပြီ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က စစ်အာဏာရှင် ဟောင်း သန်းရွှေ စီစဉ်ခဲ့ပြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် လက်လွှတ်ဆုံးရှုံးသွားခဲ့သော စစ်တပ်အာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းသည်လုပ်ရပ် ဖြစ်သည်။

ဤတစ်ကြိမ်တွင် သန်းရွှေမှားခဲ့သော ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ် ရှည်ထောင်ဒဏ်များဖြင့် အကျဉ်းထောင်ထဲ ဘဝဆုံးစေရန်ကြံစည်ထားကာ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်း က ပြည်သူများ၏ ထောက်ခံမှုကို ရွေးကောက်ပွဲအဆက်ဆက် ရရှိခဲ့သော NLD ပါတီအား ဖျက်ဆီးခြေမှုန်းပြီးမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည်ဟု ယုံကြည်ကြောင်း ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ခင်ရီက ဟစ်ကြွေးလာပါသည်။ 

မည်သို့ပင် သေချာစီမံအကွက်ချပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မထိန်းချုပ်ရန် ကြိုးပမ်းသည်ဖြစ်စေ၊ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် ပြည်သူ့ခုခံတော်လှန်စစ်၏ အရှိန်အဟုန်ကို အာဏာသိမ်းပြီး ၅နှစ် ကြာလာသည်အထိ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပြည်သူ့ခုခံတော်လှန်စစ်သည် ပြည်သူ့ဆန္ဒအစစ်အမှန် ဖြစ်ပြီး၊ မင်းအောင်လှိုင်၏ စစ်မီးလျှံကြားမှ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေသော တရုတ်၊ ရုရှားနှင့် အာဏာရှင် နိုင်ငံများသည် မကြာမီ မြန်မာပြည်သူတို့၏ တုံ့ပြန်မှုများကို မျက်မြင် မြင်တွေ့ကြရပေလိမ့်မည်။  

Related Articles

Back to top button