အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦး – တန့်ဆည်လမ်းပိုင်း ကျေးရွာများကို ဝေဟင်မြေပြင် ထိုးစစ်များ လုပ်လာ

ရေဦးနှင့်တန့်ဆည်မြို့နယ် နယ်စပ်ကျေးရွာများကို စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ရေဦးနှင့်တန့်ဆည်မြို့နယ် နယ်စပ်ကျေးရွာများကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးနေပြီး ဝေဟင်တိုက်ခိုက်မှုများ အပြင်းအထန်လုပ်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးထားသည့် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာ များကို စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အင်အား ၂၀၀ နီးပါးဖြင့် နှစ်နေရာဖြန့်ခွဲ၍  စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ကန့်ဘလူမြို့နယ်တောင်ဘက် စစ်တပ်အထိုင်ချတပ်စွဲထားရာ ကာဘိုးတိုက်နယ်မှ ထွက်လာသော အင်အား ၁၀၀ ကျော်စစ်ကြောင်းသည် ကပ်လျှက်ရှိ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာအနီး ရောက်ရှိလာသည်။ 

အလားတူ စက်တင်ဘာ ၂၉ ရက်နေ့တွင် တန့်ဆည်မြို့တွင် ခြေကုပ်ယူထားသည့် စစ်တပ်မှ အင်အား ၈၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခုကလည်း မြို့တောင်ဘက် ရေဦး – တန့်ဆည်လမ်းပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည်။ 

ရေဦး-တန့်ဆည်လမ်းပိုင်း တနယ်ကျေးရွာကို  ယနေ့ နံနက်အစောတွင် တန့်ဆည်မြို့ဘက်မှ လာသော စစ် ကြောင်းက မီးရှို့နေပြီး နေအိမ် မည်မျှပျက်စီးသည်ကို မသိရသေးကြောင်း တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။ 

ထို့နောက် နံနက် ၁၁ နာရီခန့်တွင် ရေဦး – တန့်ဆည်ကားလမ်းပေါ်မှ ခပေါင်းကြိုင်ရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်သိရသေးပေ။ မီးရှို့ခံလိုက်ရသည့် တနယ်ကျေးရွာနှင့် ခပေါင်းကြိုင် ရွာမှာ တစ်မိုင်ကျော်သာ ကွာဝေးသည်။ 

“ ခပေါင်းကြိုင်ရွာနားတဝိုက်ကိုကြဲသွားတာ။ ဂျက်ဖိုက်တာနဲ့ နှစ်လုံးကြဲသွားတာ။ တံတားဦးကနေ တက်ခဲ့ ပြီးတော့ ကလေးနယ်ဘက်ကို ဝဲပြီးတော့မှ ကနီ။ ကနီဘက်ကနေမှ ကျွန်တော်တို့ဘက်ကို လာကြဲသွားတာ ။ လမ်းကြောင်းပြောင်းပြီး လာကြဲသွားတာ”ဟု အထက်ပါ တန့်ဆည်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ 

မူးမြစ်ဝန်းကျင်မှ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်တို့မှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းပြီး အုပ်ချုပ်ရေးယန္တရားများလည်ပတ်လျှက်ရှိသည်။ 

အမှတ် (၆၀၀၆) တင့်ကားတပ် အခြေစိုက်ရာ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ် သာမက ဦးဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ်များလည်း အားကောင်းပြီး စိုးမိုးနယ်မြေတိုးချဲ့နိုင်ရေး စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။ 

လာမည့်နှစ်ကုန်လုပ်မည့် ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုရယူနိုင်ရန် အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများဘက်က သုံးသပ်သည်။

“မြို့နယ်ချင်းဆက်လမ်းမကြီးပေါ့ ရေဦး – တန့်ဆည် – ဒီပဲယင်းတင်မကဘူး။ ကလေး၊ ကလေးဝဘက်ကို ထွက်သွားတဲ့လမ်းကြောင်းကြီးဖြစ်တဲ့အတွက် တကယ်ကို National Highway အုပ်စုဝင်ဖြစ်တော့ ဒီလမ်း မကြီးကို သူတို့လည်းကြိုးစားထိန်းဖို့ ပြန်ထွက်လာတဲ့အနေအထားဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက် တာရော ရွေးကောက်ပွဲကို အကြောင်းပြုပြီးလှုပ်ရှားတာရော စစ်ရေးလှုပ်ရှားနေတဲ့သဘောရှိပါတယ်”ဟု ရေဦးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့်ရက်ကလည်း တန့်ဆည်-ရေဦးလမ်းပိုင်းပေါ်ရှိ ဖန်းခါးဇင်ရွာကို ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

တန့်ဆည်မြို့နယ် ကံထူးမကျေးရွာကိုလည်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာ ရရှိခဲ့သလို လူနေအဆောက်အဦများစွာလည်း ပျက်စီးခဲ့သည်။

လက်ရှိတွင် ဒေသတွင်း ဝင်ရောက်နေသော စစ်ကြောင်းများရန်ကြောင့် တန့်ဆည်နှင့်ရေဦးနယ်အစပ်ရှိ ကျေးရွာများဖြစ်သည့် ‌အောင်သာ၊ တနယ်၊ ချောင်းရိုး၊ ဖန်းခါးဇင်၊ ပုဏ္ဏကား၊ ခပေါင်းကြိုင်၊ ကုန်းရိုး စသည့ရွာပေါင်း တစ်ဒါဇင်ကျော်မှ ထောင်ချီသည့်ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးနေရသည်။ 

ရှမ်းမြောက်တွင် တရုတ်၏ကြားဝင်ညှိနှိုင်းမှုဖြင့် လားရှိုးမြို့ကို သေနတ်တစ်ချက်မဖောက်ဘဲ စစ်တပ်က ပြန်သိမ်းနိုင်ခဲ့သလို စစ်ရေးအရှိန်သိသိသာသာ လျော့ကျသွားပြီးနောက် နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လကစပြီး စစ်ရေးအရှိန်မြှင့်တိုက်ခိုက်လာသည်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းကာ အင်အားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ခဲ့သည့် အပြင် ဒရုန်း၊ စက်တပ်လေထီး၊ ဂျက်ဖိုက်တာတို့သာမက ဂျိုင်ရိုကော်ပတာ တို့သာမက အဆင့်မြင့်ဒရုန်း များ၊ လက်နက်ကြီးများသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ကာ အရေးပါသည့် လမ်းပိုင်းများ နယ်မြေပြန်လည် စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေသည်။ 

ကန့်ဘလူမြို့နယ်အတွင်း ကန့်ဘလူ – ကောလင်းခရိုင်ချင်းဆက်လမ်း၊ မြစ်ကြီးနား – ရွှေဘို မဟာဗျူဟာ လမ်း၊ စစ်ကိုင်း – ရွှေဘိုလမ်းပိုင်း၊ အရာတော် – ထီးဆောင်း – မြင်းမူ လမ်းပိုင်းတို့ကို ထိန်းချုပ်ရန် စစ်တပ် က ထိုးစစ်ဆင်နေသည်။ 

စစ်ကိုင်းတိုင်း၊ ရေဦး၊ တန့်ဆည်မြို့နယ်တွင်း စက်တင်ဘာနောက်ဆုံးပတ်က စစ်တပ်စစ်ရေးလှုပ်ရှားမှုပြ မြေပုံ။

Related Articles

Back to top button