အဝါနုရောင် အဆောက်အအုံရှေ့တွင် ရှေ့တန်းထွက်တော့မည့် စစ်သား ၈၀ ခန့် ယူနီဖောင်းအပြည့်အစုံဖြင့် တန်းစီနေကြပြီး သူတို့ကို ဗိုလ်မှူးဟု ယူဆရသူက အမှာစကားခြွေနေသည်။
တပ်စု၊ တပ်စိတ်အလိုက် ခေါင်းဆောင်တို့၏ လုပ်ငန်းတာဝန်များကို ခွဲဝေညွှန်ကြားနေပြီး စစ်မြေပြင်တွင် မကြောက်မလန့်ရန်လည်း ရဲဆေးတင်ပေးနေသည်။
“ကျည်ဆန်မှာ နာမည်ပါပြီးသား။ ပစ်ချင်တိုင်းပစ်၊ ဘယ်တော့မှမသေဘူး။ ဒီကျည်ဆန်နဲ့သေမယ့်ဟာက မင်း လက်ဘက်ရည်ဆိုင်ထိုင်နေလည်း မှန်ပြီးသေမှာပဲ” ဟု အရပ်ဝတ် ဝတ်ထားသော ထိုအရာရှိက ပြောသည်။
သေနတ်သံကြားသည်နှင့် မြေပေါ်မှောက်၍ ကျည်ကွယ်မျက်ကွယ်နေရာယူကာ ပြန်လည်တိုက်ခိုက်ရန်၊ မကြောက်ရန် တဖွဖွမှာကြားပြီးနောက် အတွေ့အကြုံရှိသည့် ဗိုလ်ကြီးတစ်ဦး ဦးဆောင်သော ထိုတပ်ဖွဲ့အတွက် အန္တရာယ်ကင်း အဆောင်များ ဖြန့်ဝေရန် အနီးတွင် ရှိနေသူတစ်ဦးကို အမိန့်ပေးလိုက်သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်း အွန်လိုင်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော အဆိုပါမိန့်ခွန်း ရုပ်သံသည် မန္တလေးတိုင်းအတွင်း တပ်ရင်းတစ်ခုတွင် ရိုက်ကူးထားခြင်းဖြစ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ရရာလက်နက်ဆွဲကိုင်တော်လှန်နေသူတို့ကို ရင်ဆိုင်ရာတွင် စစ်တပ်သည် လက်နက်အင်အား များစွာ သာလွန်သည့်အပြင် ပြည်သူ့ ဘဏ္ဍာငွေကို စိတ်ကြိုက်သုံးစွဲနေခြင်း၊ နိုင်ငံကြီးအချို့၏ အကူအညီ ရနေခြင်း စသည့် အားသာချက်များ ရှိနေလင့်ကစား အဆောင်ယတြာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် အားကိုးနေဆဲဖြစ်ကြောင်း သက်သေအထောက်အထားများ ထွက်ပေါ်လာနေသည်။
နိုင်ငံအနှံ့တိုက်ပွဲများမှအစ ယခုနှစ်ကုန်ပိုင်း ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲ အစီအစဉ်များအထိ စစ်တပ်၏ ခြေလှမ်းတိုင်းတွင် အစီအရင်ယတြာများ ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် စစ်အရာရှိများက ဆိုသည်။
စစ်မြေပြင်မှ စစ်တပ်၏ အဆောင်ယတြာများ
ရှေ့တန်းမထွက်မီ ဓာတ်ရိုက်ဓာတ်ဆင်ဘုန်းကြီး၊ ဗေဒင်ဘုန်းကြီး၊ ဗေဒင်ဆရာ၊ နတ်ဆရာများ၏ ညွှန်ကြားချက် ရယူ လိုက်နာကြသည်ဟု CDM ဗိုလ်မှူး စွယ်တော်က ပြောသည်။
လောကီကျမ်းအချို့တွင် ဖော်ပြထားသည့် မန္တရားမျိုး ခုနစ် ပါးဖြစ်သော အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တရား၊ မန္တန်၊ ဂါထာ စသည့်တိုကို အဆောင်သဖွယ် အသုံးပြု ကြလေ့ရှိသည်။
“ရှေ့တန်းထွက်တော့မယ်ဆိုလို့ရှိရင် ဘယ်အရပ်က စစ်ဆင်ရေးနယ်မြေကိုသွားမှာလဲ၊ အဲ့ဒီနယ်မြေနဲ့ ဒီတပ်ရဲ့ ရှိတဲ့အရပ်က ဓာတ်သဘောအရ ဘယ်လိုကျတယ်၊ ကောင်းအောင်လို့ ဘယ်လိုတွေ ယတြာချေရမယ် ဆိုတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။
စစ်ဆင်ရေးတစ်ခုရှိလာပါက တပ်ရင်းများ၏ အဝင်အထွက်တံခါးပေါက်များတွင် နေ့နာမ်များအလိုက် ပန်းအိုးထိုးရန် အမွှေးတိုင်နှင့် ဖယောင်းတိုင်များထွန်းရန်၊ တန်ခိုးကြီးဘုရား၊ နတ်နန်းနှင့် အစောင့်အရှောက်များကို သွားရောက် ပူဇော်ရန် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် တိုင်းစစ်ဌာနချုပ်များက အမိန့်စာဖြင့် ညွှန်ကြားတတ်သည်။

အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရသလို တပ်ရင်းမှူးများကိုယ်တိုင် အစဉ်အလာအရ ထိုအစီအရင်များကို ယုံကြည်စွာပြုလုပ်ကြခြင်းဖြစ်သည်။ ထို့ကဲ့သို့ မပြုလုပ်ခြင်းကြောင့် အန္တရာယ်တစ်ခုခု ကျရောက်ပြီး လက်အောက်ငယ်သားများက လက်ညှိုးထိုးလာမည်ကို တပ်မှူးအကြီးအကဲများက စိုးရိမ်ကြသည်ဟု CDM ဗိုလ်မှူး စွယ်တော်က ဆိုသည်။
ထို့ကြောင့် ထောက်ပို့ပစ္စည်းများတွင် စစ်သားနှင့် မသက်ဆိုင်သည့်အရာများကို ထည့်သွင်းလာကြသည်။
လေကြောင်းအသုံးပြုပြီး ပစ္စည်းပို့ရာတွင် မရှိမဖြစ်လိုအပ်သော ရိက္ခာ၊ အရေးကြီး လက်နက်ပစ္စည်းများသာ ပါဝင်လေ့ရှိသော်လည်း ဩဂုတ်လက ထိုင်းနှင့် မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါလေဗျူဟာသို့ လေကြောင်းမှ ရိက္ခာပို့ရာတွင် ပုံမှန်မဟုတ်သည့် ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိသည့်နေရာသို့လည်း ရိက္ခာထုပ်တချို့ ကျခဲ့ရာ ထိုအထဲတွင် ဖယောင်းတိုင်၊ အမွှေးတိုင်များပါနေကြောင်း ဓာတ်ပုံမှတ်တမ်းကို ကရင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားသည့် Justice Soldier PDF တာဝန်ရှိသူ ကိုဇွဲက အွန်လိုင်းလူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
လူသတ်၊ ပြည်သူ့အိမ်များကို မီးရှို့ဖျက်ဆီးသည့် စစ်သားတို့ ငရဲပြည်ရောက်မည်မဟုတ်၊ “ရဲသော်မသေ၊ သေသော်ငရဲမလား”ဟု အထက်က ဝါဒဖြန့်ထားဆဲဖြစ်သည်။ ဘာသာအသီးသီး၏ တားမြစ်ချက်ကိုပင် ပြောင်းပြန်လုပ်ကာ စစ်ဗိုလ်ချုပ်အဆက်ဆက် ဦးနှောက်ဆေးထားကြသည်။ ဘာသာရေးကို အမှီပြုကာ စစ်ပွဲအောင်နိုင်မည်ဟုလည်း မျှော်လင့်နေတတ်ကြကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုသည်။
“ဘုရားစာရွတ်ပြီး လူသတ်ရင်အောင်နိုင်မယ်လို့ ထင်နေတဲ့သဘောတရားတွေရှိပါတယ်။ စစ်တပ်ထဲမှာ ယတြာအယုံအကြည်၊ ဗေဒင်၊ ဂါထာအဆောင်တွေက ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် စစ်တပ်ထဲမှာ နေခဲ့တုန်းက ရှေ့တန်းထွက်ပြီဆိုရင် သူတို့ရဲ့ နာမည်ကြီးဆရာတော်တွေက အဆောင်ယတြာတွေ ပေးတယ်” ဟု ၎င်းက ပြောသည်။
“နောက်ပြီး ကျည်ကွင်းဂါထာတို့၊ ဟိုဂါထာ ဒီဂါထာတို့ ရတာတွေရှိပါတယ်။ ဒါတွေကတော့ စစ်တပ်ထဲမှာ ယုံကြည်မှုက တော်တော်ကြီးကို မြင့်မားပါတယ်”
ယခုနှစ် ဇွန်လဆန်းပိုင်းတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာတိုက်ပွဲသို့ စစ်ကူသွားရောက်ပစ်ခတ်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့သည်။ ထိုပျက်ကျခဲ့သည့် နေရာတွင် လေယာဉ်မောင်းသူ၏ ဦးထုပ်ကိုတွေ့ရပြီး ၂၄ ပစ္စည်း စက်ဝိုင်း ကပ်ထားသည်ကိုတွေ့ရသည်။
၂၄ ပစ္စည်းကို ရွတ်ဖတ်ခြင်း၊ ဆောင်ထားခြင်းဖြင့် ဘေးအန္တရာယ် ကင်းလွတ်နိုင်သည်ဟု အယူအဆရှိကြသည်။ သို့သော် ထိုဦးထုပ်ဆောင်းခဲ့သူ၏ ရုပ်အလောင်းမှာ တစ်စစီဖြစ်သွားခဲ့သည်။

ပြည်သူတို့ထံက ရရှိသည့် အခွန်ငွေများကို စိတ်ကြိုက်သုံးစွဲနေသော စစ်တပ်ကို လက်နက် ရောင်းပေးသည့် နိုင်ငံများထဲတွင် တရုတ်နိုင်ငံလည်း ထိပ်ဆုံးမှ ပါဝင်သည်။ တရုတ်က ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပစ်ရပ်ထားရန်၊ သိမ်းပိုက်ထားသည့်မြို့မှ ပြန်ထွက်ရန်လည်း အမိန့်ပေးနိုင်သဖြင့် စစ်တပ်အတွက် များစွာ အဆင်ပြေစေသည်။ လက်နက်စက်ရုံအများအပြား လည်ပတ်နေသလို တိုက်ပွဲဝင်စစ်လေယာဉ်များကိုလည်း နေ့စဉ် အသုံးပြုနေဆဲဖြစ်သည်။ စစ်ပွဲများတွင် လွန်စွာ အရေးပါသော ဒရုန်းကိုလည်း ဖောဖောသီသီ သုံးစွဲလာနေကြောင်း တွေ့ရသည်။ ဤသို့သော အားသာချက်များ ရှိနေလင့်ကစား လက်နက်မပြည့်စုံသည့်ရန်သူနှင့် ရင်ဆိုင်ရာတွင် စိုးရိမ်ပူပန်မှု ကြီးမားနေဆဲဖြစ်သည်။
စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံး ဆုံးရှုံးခဲ့ရသည့် စစ်တပ်သည် အာရက္ခတပ်တော်(AA) နှင့် ရင်ဆိုင်သည့် တိုက်ပွဲများတွင် စစ်အောင်နိုင်ရန်အတွက် ယတြာချေခြင်း၊ အင်းကွက်များချခြင်း၊ ဖယောင်းတိုင်များ သက်စေ့ထွန်းညှိခြင်း၊ စိပ်ပုတီးများနှင့် ဘုရားပုံတော်များကို နေရာအနှံ့တွင် ကပ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း ယခုနှစ်ဆန်းတွင် အဆိုပါဒေသ အကြောင်း အထူးပြုတင်ဆက်သည့် နိရဉ္စရာသတင်းဌာနက ရေးသားခဲ့သည်။
AA က စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိခဲ့သော လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်ဆန်တို့တွင် အန္တရာယ်ကင်းပရိတ်၊ ပဋ္ဌာန်းစာသားများ ကပ်နှိပ်ထားသည်ကို တွေ့ရကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နည်းဗျူဟာ(၃၃) မှ တာဝန်ရှိသူတစ်ဦးကလည်း မြန်မာပြည်တောင်ပိုင်း စခန်းသိမ်းတိုက်ပွဲများ၌ စစ်တပ်၏ အဆောင်ယတြာများ တွေ့ရတတ်ကြောင်း Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့ လက်နက်တွေအထဲမှာဆိုရင် ရုပ်တုတွေလိုလို၊ အင်းပြားတွေလိုလို ပြီးတော့ ဘုရားပုံတော်တွေ၊ ပြီးတော့ ဆွဲကြိုးတွေပေါ့၊ အဲဒီလိုအစုံတွေ့ရတယ်။ နောက်တစ်ခုကတော့ သူတို့တွေရဲ့ အသုံးအဆောင်အိတ်ထဲမှာ အစုံပဲ၊ ဘာတွေမှန်းလည်းမသိဘူး။ ဒါပေမယ့် အဲ့ဒီပိုင်ရှင်ကတော့ တိုက်ပွဲမှာကျသွားပြီ” ဟု ဒေါနတပ်ရင်းမှ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုကဆိုသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ နည်းဗျူဟာ(၃၃) သည် မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် အတူ စစ်ဆင်ရေး ၄၀ ကျော်၊ စခန်းသိမ်းတိုက်ပွဲ ခြောက် ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်တပ်များက သတင်းထုတ်ပြန်ထားသည်။
လက်ဆင့်ကမ်း အမြစ်တွယ်ခဲ့သော အစီအရင်ယတြာယုံကြည်မှု
စစ်ဗိုလ်ချုပ်အဆက်ဆက်က ဗေဒင်၊ ယတြာအားကိုးကြသည်။ ၁၉၈၈ ခုနှစ် မတိုင်မီ စစ်အာဏာရှင်တို့သည် ကျပ် ၉၀ တန်၊ ၄၅ ကျပ်တန် ငွေစက္ကူများ ရိုက်နှိပ်အသုံးပြုစေခြင်းဖြင့် တစ်နိုင်ငံလုံးရှိ လူတန်းစားမရွေးကို ကာလရှည် ဒုက္ခပေးခဲ့ဖူးသည်။
လက်ရှိ စစ်ခေါင်းဆောင်များလက်ထက်တွင် တိုက်ပွဲအရေအတွက်လည်း များပြားသလို စခန်းသိမ်းခံရမှုလည်း များပြားလာရာ အသံချဲ့စက်သုံးပြီး ဘုရားစာရွတ်ဖတ်ကြရန် စီမံခန့်ခွဲတတ်သည်။
တော်လှန်ရေး အင်အားစု တိုက်ခိုက်မှု အားကောင်းသည့် ၂၀၂၃၊ ၂၀၂၄ ခုနှစ်များအတွင်း နိုင်ငံအနှံ့ စေတီပုထိုးများ၊ ဓမ္မာရုံများတွင် ပဋ္ဌာန်းများ ရွတ်ဆိုရသည်ကို ၎င်းတို့ချုပ်ကိုင်သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြထားသည်။
စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသော အရပ်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများကြားထဲတွင် အောင်မြင်ရေး၊ တိုးတက်ရေးအတွက် ဗေဒင်၊ ယတြာ၊ ဂါထာတို့ကို အားကိုးအားထားပြုကြသူ အများအပြား ရှိနေတတ်သည်။ သို့သော်လည်း စစ်တပ်၏ ထူးခြားချက်မှာ အောင်မြင်ရေး အစီအရင်များကို တပ်လုံးကျွတ် ဝိုင်းဖွဲ့ ကြိုးပမ်းလုပ်ဆောင်နေကြခြင်းပင်။

မီးဟုန်းဟုန်းတောက်နေသည့် စစ်ပွဲကာလမဆိုထားနှင့် တပ်ရင်းအချင်းချင်း ပြိုင်ဆိုင်သည့် အားကစားပွဲများတွင်ပင် ဗေဒင်ယတြာများသည် မပါမဖြစ်ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။
“ဘောလုံးကန်တာတို့ ဒါမှမဟုတ်ရင်လည်း ခြင်းလုံးတို့ လက်ဝှေ့ ပြိုင်ပွဲတွေကအစ တပ်မှာရှိတဲ့ အကြီးဆုံးလူက ဗေဒင်တွေ ယတြာတွေဘက်ကို စိတ်အားသန်တယ်၊ ယုံကြည်မှုလွန်ကဲတယ်ဆိုရင် လွန်ကဲသလို လုပ်တယ်” ဟု သူက ရှင်းပြသည်။
“တပ်မှာရှိတဲ့ အကြီးဆုံးလူက ဒီလိုဟာမျိုးကို ပုံမှန် အေးအေးဆေးဆေးဖြစ်တဲ့ အချိန်မှာတောင် လုပ်တဲ့အကျင့်ရှိတယ်”
အစဉ်အလာယုံကြည်မှုဖြစ်သလို အကြောက်တရားကို ဖုံးကွယ်ရန် ကောက်ရိုးတစ်မျှင်စာ အားကိုးမှုအဖြစ် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သူက ပြောသည်။
အာဏာသိမ်းစက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များကို အနီးရှိ မြစ်ချောင်းထဲတွင် သွေးဆေးများမျှော၍ ယတြာချေရန်ညွှန်ကြားကြောင်း CDM စစ်သားများက ဆိုသည်။ ထိုယတြာသည် သွေးချောင်းစီးသွားပြီးဖြစ်ကြောင်း၊ စစ်တပ်က အန္တရာယ်မှ ကျော်လွှားနိုင်ပြီဖြစ်ကြောင်း အဓိပ္ပာယ်ရသည်ဟု သိရသည်။
ထိုစဉ်က ခေတ်ကိုပြောင်းချင် ခေါင်းကို “ပစ်” ဟုဆိုသည့် အခါတော်ပေး ပြောဆိုချက်လည်း ထွက်ခဲ့ဖူးပြီး အာဏာသိမ်းမှု ဆန့်ကျင်သူများကလည်း ဗေဒင်ယတြာယုံကြည်သော စစ်တပ်ကို အမျိုးသမီးအတွင်းခံများ၊ လုံချည်များဖြင့် နာမ်နှိမ်သည့် ဆန္ဒပြမှုများ တန်ပြန်ပြုလုပ်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အာဏာသိမ်း ငါး နှစ် နီးပါးကာလအတွင်း တိုင်းပြည်ဇောက်ထိုးမိုးမျှော်ဖြစ်လာခဲ့သည်။ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းပြီး ရွာများကို မြေလှန်မီးရှို့၊ ဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးပြီး သန်းနှင့်ချီသော ပြည်သူများလည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
အခြားတစ်ဖက်တွင် တော်လှန်ရေးတပ်များ၏ ခုခံတော်လှန်မှုကြောင့် စစ်တပ်သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးစစ်ရှုံးမှုနှင့် ရင်ဆိုင်ရသဖြင့် စစ်အရာရှိများ၊ ၎င်းတို့၏ဇနီးများ၏ ယတြာ အစီအရင်ယုံကြည်မှုက အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
နောက်တန်းတပ်ရင်းများတွင် ဓမ္မစကြာနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်မှု ပိုမိုပြုလုပ်လာကြသည်ဟု CDM ဗိုလ်မှူးစွယ်တော်က ပြောသည်။
“အဲဒီလို ထေရဝါဒနဲ့ဆိုင်တဲ့ ရွတ်တာဖတ်တာတွေကို လုပ်ရင်းနဲ့ပဲ မဆိုင်တဲ့ ဗေဒင်ယတြာတွေကိုပါ အစဉ်အလာလို လုပ်ခိုင်းတာပေါ့။ ဘယ်နေ့ ဘာရွတ်တဲ့အချိန်မှာ ဘယ်လိုထိုးပါ၊ ဘာအညွန့်တွေရှာပြီး ထိုးပါ၊ ဖယောင်းတိုင် ဘယ်နှတိုင်ထွန်းပါတို့ ရေလမ်းပန်းလမ်းခင်းတို့ ဒါမျိုးတွေပါ နောက်ဆက်တွဲ ညွှန်ကြားကြတာပေါ့” ဟု သူက ဆိုသည်။

တပ်ရင်းလိုက် လက်နက်ချမှု ပေါ်ပေါက်လာသည့် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီးမကြာမီ ၂၀၂၃ နိုဝင်ဘာလတွင် တပ်ရင်းဓမ္မာရုံများတွင် မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ်ရွတ်ဆိုရန် ညွှန်ကြားသည့် ကြေးနန်းစာ တစ်စောင်ပေါက်ကြားခဲ့သည်။
တပ်သား၊ အရာရှိများ၏ ဇနီးမယားများ ယောဂီဝတ်စုံဝတ်၍ ကိုးပါးသီလခံယူရွတ်ဆိုရန်၊ မရွတ်ဆိုမီ ကျောင်းဆောင်ရှေ့၌ ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေပေါ် သုံး ခုစီ ထည့်ထားသော ပန်းကန် ၁၀၈ ချပ် ကပ်လှူပူဇော်ရန် ညွှန်ကြားချက်ကို ထိုကြေးနန်းစာတွင် တွေ့ရှိရသည်။ “၉” ဂဏန်းများ ပါဝင်သော ထိုအစီအစဉ်ကို နံနက် ၉ နာရီနောက်ပိုင်း ၉ ရက်ကြာ ပြုလုပ်ရမည်ဟု လျှို့ဝှက်ကြေးနန်းစာက ဆိုသည်။
တပ်မိသားစုဝင်အချို့ကလည်း နိုဝင်ဘာလဆန်းတွင် ရှမ်းမြောက်ရှိ သီပေါမြို့နယ်၊ တုံစင့်ကျေးရွာရှိ တုံစင့် ဘိုးဘိုးကြီးနတ်နန်းတွင် ရှေ့တန်းရောက်စစ်သည်များ ဘေးကင်းရေးအတွက် ပွဲထိုးယတြာချေ ဆုတောင်းကြသေးသည်။ သို့သော် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ စစ်တပ်စခန်းများစွာ ကျဆုံးခဲ့သည်။
ပုဂံညောင်ဦးရှိ ထီးလိုမင်းလိုဘုရားထီးတင်ခြင်း၊ တောင်ငူမြို့ ကေတုမတီမြို့ဟောင်း၊ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်၊ မန္တလေး ရတနာပုံနန်းတွင်း၊ အင်းဝရှိ နန်းတော်ဟောင်းနေရာသို့ စစ်ခေါင်းဆောင် သွားခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ ယတြာအခါတော်ပေးများနှင့် ဆက်နွယ်နေနိုင်ကြောင်း CDM စစ်သားများက ယူဆကြသည်။

သစ္စာပျက်ခြင်း
ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုသည့် နေ့စဉ် ဆိုနေသော သစ္စာကို ဖောက်ဖျက်နေသော စစ်တပ်က အင်း၊ အိုင်၊ လက်ဖွဲ့၊ ကျည်ကွင်းဂါထာ၊ အန္တရာယ်ကင်းအဆောင်၊ ၂၄ ပစ္စည်း ဆောင်ထားလျှင်လည်း ထူးခြားမည်မဟုတ်ဟု နည်းဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းမှ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုကလည်း မှတ်ချက်ပေးသည်။
“ဒါတွေကို ချိုးဖောက်ပြီး လုပ်နေမယ်ဆိုရင်တော့ အားလုံးက သွားတဲ့လမ်းက တစ်လမ်းပဲရှိတယ်။ ဒီလိုပြုမှုပြီး လုပ်နေတဲ့ အရိုင်းအစိုင်းတွေက ပြည်သူတွေ မတရားသတ်၊ ရွာထဲဝင် ပစ္စည်းတွေ လုယက်ခိုး၊ သားပျိုသမီးပျိုတွေ မုဒိမ်းကျင့်၊ အသက်ကြီးတဲ့သူတွေကို သတ်ဖြတ်၊ အဲ့ဒါမျိုး လုပ်နေတဲ့သူတွေအတွက် ဘယ်ယတြာမှ မစွမ်းဘူး” ဟု သူက ပြောသည်။
အဓ္ဓမအာဏာသိမ်းမှုကို တွန်းလှန်နေကြသည့် တော်လှန်ရေးတပ်များထဲတွင် သစ္စာတရားကို အလေးအနက်ထားကြသည်ဟု ရဲဘော် စောဒါးကိုက ဆိုသည်။
ဘေးအန္တရာယ်ကာကွယ်ရေး ရည်ရွယ်သည့် ထိုအဆောင်ယတြာများသည် ကိုယ့်ပြည်သူလူထုကို ပြန်သတ်နေသည့် စစ်သားများအတွက် အလုပ်ဖြစ်ဖွယ်မရှိဟု CDM စစ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
လုပ်ရပ်ပေါ်တွင် မူတည်၍ အကျိုးပေးမည်ဖြစ်ကြောင်း CDM ဗိုလ်မှူးစွယ်တော်က ပြောသည်။
“သစ္စာဘယ်လောက်ပဲ ဆိုထားဆိုထား၊ ဝစီကံဘယ်လောက်ပဲ တည်တည်ပေါ့နော်။ တကယ်တမ်း ကာယကံမြောက်လုပ်တဲ့ ပေါ်မှာ မူတည်ပြီးတော့ အကျိုးပေးတယ်။ မကောင်းတာလုပ်တဲ့သူကတော့ မကောင်းတဲ့ အတိုင်းပဲခံစားရတာပေါ့။ ဗေဒင် ယတြာတွေက မကယ်နိုင်ပါဘူး” ဟု ၎င်းက ပြောလိုက်သည်။



