အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက် နမ္မတူနှင့်မန်တုံတွင် လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားလေးဦးသေဆုံး

တအာင်းတပ် (TNLA)  ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း  နမ္မတူမြို့နှင့် မန်တုံမြို့တို့ကို ယနေ့ နံနက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား လေးဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရ သွားသည်ဟု ဒေသခံများထံက သိရသည်။

နံနက် ၇ နာရီတွင် နမ္မတူမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ လူစည်ကားရာ ရွှေနယ်စပ် စားသောက်ဆိုင်နေရာ အနီး ဗုံးကျရောက်ခဲ့သဖြင့် ထိခိုက်မှုများသည်ဟု မြို့ခံများက ဆိုသည်။

“ကျွန်မတို့နဲ့ နည်းနည်းတော့လှမ်းပေမယ့် လေယာဉ်ကြဲသွားတဲ့အသံတော့ ကြားလိုက်ရတယ်။ လူကတော့ သုံးယောက်သေတယ်။  အိမ် ငါးလုံးလောက်ထိတယ် လို့ ပြောတယ်”  ဟု နမ္မတူမြို့ခံ အမျိုးသမီးတစ်ဦး က ပြောသည်။ 
“ မနက်ခင်းဆိုရင် စျေးက ငါးခွဲလောက်ဆို စခင်းပြီ။ ရွာကလူတွေစျေးလာရောင်းကြတာ။ မိုးမလင်းစျေး ဆိုပြီး ဟင်းသီးဟင်းရွက်တွေရောင်းကြတာ။ စျေးကကြဲသွားတဲ့နေရာနဲ့ မနီးမဝေးပဲ” ဟု ၎င်းက ဆိုသည်။ 

ဗုံးပေါက်ကွဲမှုကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦး နေရာမှာပင် သေဆုံးသွားပြီး အမျိုးသမီး တစ်ဦး ဆေးကုသနေစဉ်မှာပင် သေဆုံးခဲ့သည်ဟု  နမ္မတူမြို့ခံတစ်ဦးကလည်း ဆိုသည်။

သေဆုံးသွားသူများထဲတွင် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှ စစ်ဘေးရှောင်လာသည့် ရှမ်းတိုင်းရင်း သားများ ပါဝင်သည်၊ ဒဏ်ရာပြင်းထန်သူများအနက် ကလေးငယ်နှစ်ဦး ပါဝင်သည်ဟု မြို့ခံများထံက သိရသည်။



“အဖိုးကြီးတစ်ယောက်နဲ့ ကျန်တာက မိန်းမနှစ်ယောက်က နေရာမှာပဲ သေသွားတယ်။ ဒဏ်ရာရတဲ့သူ တွေလည်း ဒဏ်ရာအတော်ပြင်းတယ်။ တချို့က အခြေအနေ မကောင်းကြဘူး” ဟု နမ္မတူမြို့ခံ နောက်တစ်ဦးက ပြောသည်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များအရ နောင်ပိန်စစ်ရှောင် သက်ကြီးပိုင်းအမျိုးသားသည် ထိုင်ခုံတွင် ထိုင်ရက်ဖြင့် ခေါင်းကို ကျည်ထိမှန်ထားကာ မိသားစုဝင်များက ငိုကြွေးနေကြသည်ကို တွေ့ရ သည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအောက်တွင် ထိခိုက်ဒဏ်ရာရသူများ ရှိနေနိုင်သဖြင့် ရှာဖွေမှုများဆက်လုပ်နေသည်။

တအောင်းလက်နက်ကိုင်တပ် PSLF/TNLA က နမ္မတူမြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောတွင် သိမ်းပိုက်လိုက်ပြီးနောက် ယင်းနေ့မွန်းလွဲတွင် မြို့ပေါ်ကို ဗုံးကြဲခဲ့၍ နေအိမ်အချို့ ပျက်စီးခဲ့ သည်။

“ ဒီနေ့မှ ပြန်ကြဲတာဆိုတော့ အားလုံးလည်း ကြောက်ကြတယ်။ သိမ်းပြီးတည်းကလည်း တောက်လျှောက် အေးချမ်းလာတာ။  ကလေးတွေလည်း ကျောင်းတွေဘာတွေလည်း မသွားကြတော့ဘူး” ဟု အထက်ပါ နမ္မတူမြို့ခံအမျိုးသမီးက ပြောသည်။    

ဗုံးထိမှန်သေဆုံးသူအနီး မိသားစုဝင်များ ငိုကြွေးနေကြစဉ်။ (ဓာတ်ပုံ-Mai A Shai ရုပ်သံမှ) 

စစ်တပ်သည် နမ္မတူအား လေကြောင်းတိုက်ခိုက်ပြီးနောက် မန်တုံမြို့ကိုပါ ဆက်လက် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။

“မန်တုံကိုလည်း ကြဲသွားတယ်။ အဲဒါတော့ တပ်ထဲကို ချသွားတာ။ လူတွေတော့ ဘာမှမဖြစ်ဘူး” ဟု မန်တုံဒေသခံတစ်ဦးက ဆိုသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့အား စစ်တပ်က ယမန်နေ့ တွင် ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူနှင့် မန်တုံမြို့များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်အတွင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်မြို့များအား TNLA က သိမ်းပိုက်ထားသည်။

အဆိုပါမြို့များထဲမှ နောင်ချိုနှင့် ကျောက်မဲ နှစ်မြို့အား စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့သည်။

ထိုမြို့များအား မသိမ်းပိုက်မီ  စစ်တပ်က အရပ်သားပစ်မှတ်များအား လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်၊ဗုံးကြဲခဲ့သဖြင့် နောင်ချိုမြို့တွင် အရပ်သား ၇၀ ကျော် သေဆုံးခဲ့ပြီး ကျောက်မဲမြို့တွင် အရပ်သား အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့သည်။

နောင်ချို၊ ကျောက်မဲ ရပြီးသွားသော စစ်တပ်က TNLA ထိန်းချုပ်သည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ကျောက်မဲမြို့ မြောက်ဘက် သီပေါမြို့အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာနိုင်သည်ဟု နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပြုထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့မှာ သီပေါမြို့မြောက်ဘက် မိုင် ၄၀ ဝန်းကျင် အကွာ တွင် တည်ရှိပြီး မြို့အနောက်ဘက် ၁၄ မိုင်အကွာရှိ  ငွေ၊ ခဲ၊ သွပ် သတ္တုအမျိုးအစားများ ထွက်ရှိသည့် ဘော်တွင်းသတ္တုတွင်းရှိကာ လက်ရှိတွင် TNLA က စီမံခန့်ခွဲနေသည်။

Related Articles

Back to top button