မန္တလေးတိုင်းအတွင်း တော်လှန်ရေးထိန်းချုပ်မြို့အဖြစ် တစ်ခုတည်းသောကျန်သည့် တကောင်းမြို့ကို စစ်ကော်မရှင်တပ်က ယခင်လပထမပတ်မှစတင်၍ အင်အားသုံး ထိုးစစ်ဆင်နေရာ ယနေ့ (မတ်လ ၁၀ ရက်)တွင် အလုံးစုံ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
ယနေ့ နံနက်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ပြီးနောက် တကောင်းမြို့ကို ရရှိသွားသည်ဟု မြေပြင်အခြေအနေသိသည့် စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“တကောင်းမြို့ကျသွားတာ အတည်ပြုပါတယ်။ ဒီနေ့မနက်ကပဲ အလုံးအရင်းနဲ့ဝင်သွားတာ။ နောက်ဆက် တွဲတော့ မသိရသေးဘူးခင်ဗျ”ဟု အထက်ပါ တော်လှန်ရေးစစ်ရေးရင်းမြစ် အမျိုးသားက ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ယခင်လ ၆ ရက်နေ့မှစ၍ သပိတ်ကျင်းမြို့နယ်၊ အိမ်ခြေထောင်ဂဏန်း ရှိသော တွင်းငယ်ရွာအနီး အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) မှ မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှ တကောင်းမြို့သို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
စစ်တပ် ဝါဒဖြန့်သူများ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် သပိတ်ကျင်းမြို့နှင့် တကောင်းမြို့နယ်စပ် သပိတ်ကျင်းမြို့နယ်မှ ရှားတော၊ ဗနွဲ့နှင့် ဒေါင်းပုန်း စသော ကျေးရွာများအား သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မန္တလေး- ဗန်းမော်ကားလမ်းမပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေးအရ အချက်အချာကျသည့် သပိတ်ကျင်းမြို့နယ်၊ ရှားတောရွာသည် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့် အေးချမ်းသောကျေးရွာတစ်ရွာဖြစ်သည်။
ရှားတောရွာနှင့် မလှမ်းမကမ်းရှိ ဗနွဲ့နှင့် ဒေါင်းပုန်းရွာများသည် တွင်းငယ်- မိုးမိတ်လမ်းပေါ်တွင် တည်ရှိသော ကျေးရွာများဖြစ်ကြသည်။
ထိုရွာများကိုဖြတ်သန်းပြီး စစ်တပ်သည် တကောင်းမြို့၏ နယ်နိမိတ်ထဲ ဝင်ရောက်သွားပြီး မတ်လ ၃ ရက်နေ့တွင် တကောင်းမြို့ တောင်ဘက် ၁၂ မိုင်ကျော်အကွာမှ မင်းကုန်းရွာ၊ ထိုမှ နှစ်မိုင်ကျော်အကွာ လက်ပန်ကုန်းရ္ရွာ၊ လက်ပန်ကုန်းရွာ မြောက်ဘက် သုံးမိုင်ကျော်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ ရေယာဥ်ရွာတို့ကို မတ်လ ၆ ရက်နေ့တွင် သိမ်းနိုင်ခဲ့သည်။
ထို့နောက် ရက်အနည်းငယ်အကြာတွင် ရေယာဉ်ရွာအထက်ဘက်ရှိ ဝဲကြီး၊ မကျီးကုန်း ၊ ဆင်ညှပ်ကုန်း၊ ဖုန်ကုန်း၊ ညောင်လေးပင် စသောကျေးရွာများကို ထပ်မံသိမ်းပိုက်ပြီး ထိုမှ ဆက်လက်ထိုးစစ်ဆင်လာကာ ယမန်နေ့ည ၁၀ နာရီခန့်တွင် တကောင်းလမ်းဆုံသို့ ရောက်ရှိလာသည်။
ထို့နောက်ယနေ့နံနက်အစောတွင် တကောင်းမြို့အတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် သွားကာ အလုံးစုံသိမ်းပိုက်ရရှိသွားခြင်းဖြစ်သည်။
တကောင်းမြို့ကို စစ်တပ်ကပြန်လည်ရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အာဏာ သိမ်းစစ်တပ်တို့က ယနေ့ မွန်းလွဲအချိန်အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ရေးနှင့် မဟာဗျူဟာအရ အရေးပါသော မန္တလေးတိုင်း၊ တကောင်းမြို့အား လက်မလွှတ်ရစေရေး အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၏ မန္တလေးခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ကျောက်ဆည်ခရိုင် တပ်ရင်းများ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များအပါအဝင် အဖွဲ့ပေါင်းများစွာက ခုခံတိုက်ခိုက်ခဲ့ကြသည်။
မန္တလေး- သပိတ်ကျင်း- ထီးချိုင့်- ဗန်းမော်လမ်းပေါ်တွင်ရှိသည့် တကောင်းမြို့ကို NUG တပ်များက၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နှစ်ကျော်အကြာ လက်လွှတ်လိုက်ရသည်။

“မြန်မာအစ တကောင်းက”ဟု ဆိုရိုးစကားရှိခဲ့သည့် တကောင်းမြို့သည် မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင်ပါဝင်သည့် ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင် ကွာဝေးသည်။
နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ သိမ်းထားသည့် ဧရာဝတီမြစ်ကမ်းနံဘေးမှ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် တကောင်းမြို့တို့ကို ပြန်လည်သိမ်းပိုက်ရာတွင် စစ်တပ်က မြေပြင်ထိုးစစ်ဖြင့် ထိုးဖောက်ဝင်ရောက်သလို လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် နည်းပညာမြင့် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့သည်။
မန္တလေးတိုင်းအတွင်း လက်ကျန်မြို့ကျသွားခြင်းသည် စစ်တပ်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထိုးစစ် လုပ်လာနိုင်ကြောင်း CDM စစ်တပ်အရာရှိများဖြင့် ဖွဲ့စည်းထားသည့် စစ်ဘက်နှင့် လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI)၏ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက သုံးသပ်သည်။
“ တကောင်းကို စစ်ကောင်စီကရပြီဆိုရင် မန္တလေး အထက်ပိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထိုးစစ်ကတော့ လက်ရှိ ဗန်းမော်၊ ရွှေကူဘက်အထိ တဆက်တစပ်တည်းကို ဒီနယ်မြေလမ်းကြောင်း ဧရာဝတီ မြစ်ကမ်း အရှေ့ဘက်၊ အနောက်ဘက်ကမ်းတကြောလုံး သူတို့စိုးမိုးထိန်းချုပ်ရရှိဖို့ တစ်စချင်း ပြင်ဆင်သွား နိုင်မယ်လို့ ယူဆတယ်” ဟု သူက ဆိုသည်။
မန္တလေးတိုင်းတစ်ခုလုံး ထိန်းချုပ်ပြီးပါက စစ်တပ်၏ ထိုးစစ်သည် အထက်ဘက် ကချင်ဒေသကို ဦးတည်မည်ဖြစ်ပြီး ဧရာဝတီမြစ်ကြောင်း အပြည့်အဝစိုးမိုးရေး လုပ်ဆောင်၍ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းကို ဖြတ်တောက်ပစ်ချင်သော ဗျုဟာဟု သူက သုံးသပ်သည်။
“ စစ်ကောင်စီရဲ့ ဦးတည်ချက် ဗျူဟာက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ကချင်အစပ် ရှမ်းပြည် မြောက်ပိုင်းဒေသတွေနဲ့ အလယ်ပိုင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်နဲ့ စစ်ကိုင်းအထက်ပိုင်းတစ်လျှောက်တွေမှာ ဆက်သွယ်ထောက်ပံ့မှုနဲ့ စစ်ရေး ထောက်ပံ့မှုနဲ့ အုပ်ချုပ်ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက် ချင်ပုံရပါတယ်။ ဖြတ်တောက်ဖို့ ဦးတည်ပြင်ဆင်နေတယ်လို့ နားလည်ရတယ်”
တကောင်းမှတဆင့် အထက်ဘက် ထီးချိုင့်၊ ထိုမှတဆင့် ဧရာဝတီ မြစ်အနောက်ဘက် ကသာမြို့ဘက်အထိ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်ပြီး အရှေ့ဘက် ရွှေကူမှ ဗန်းမော်အထိ နယ်မြေစိုးမိုးရေးစစ်ကြောင်းများ ဆက်ထိုးလာနိုင်မယ့် အနေအထားရှိကြောင်း ၎င်းက ယူဆသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း NUG ထိန်းချုပ်မြို့များမှာ ကချင်နှင့် စစ်ကိုင်းထိစပ်နေသောနေရာများမှ အင်းတော်၊ မော်လူး၊ ရွှေပြည်အေး၊ ပင်လည်ဘူးမြို့များအပြင် မြို့သစ်၊ ခမ်းပတ်တို့ရှိကြပြီး မန္တလေးတိုင်းအတွင်း ခြေကုပ်မြို့ မရှိတော့ပေ။




