အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သရက်ချောင်းနှင့် ပလောက်မြို့ကြား တစ်ခုတည်းသော စစ်ကော်မရှင်စခန်းကို သိမ်းယူ

သရက်ချောင်းနှင့် ပလောက်ကြားမှ စစ်ကော်မရှင်၏ တစ်ခုတည်းသော တပ်စခန်းကို KNU၊ PDF ပူးပေါင်းအဖွဲ့များက တစ်လကြာ ထိုးစစ်ဆင်ပြီး ယမန်နေ့ညနေတွင် အပြီးသတ် သိမ်းယူလိုက်သည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝတပ်စခန်းကို တစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက်  ယမန်နေ့ (မတ်လ ၁၁ ရက်နေ့) တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။ 

သရက်ချောင်းမြို့၏တောင်ဘက် ၂၁ မိုင်ကျော်အကွာ စစ်သားနှင့်ရဲ အင်အား ၁၀၀ ဝန်းကျင်ရှိသော ဝင်းဝရွာ ရဲစခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ယနေ့ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) ပူးပေါင်းတပ်များက ယမန်နေ့ညနေ ၄ နာရီခန့်တွင် ဝင်းဝရွာ ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၄) နယ်မြေ မြိတ်/ ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။

အဆိုပါ ဝင်းဝရဲစခန်း သိမ်းပိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုမူ ၎င်းက မပြောပေ။

စခန်းသိမ်းတိုက်ပွဲတွင် KNU တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်းနှင့် PDF တပ်များ ပါဝင်ခဲ့ကြပြီး  အကျအဆုံးများရှိသည်ဟု KNU ထုတ်ပြန်ချက်အရ နားလည်ရသည်။ 

ထားဝယ်၊ သရက်ချောင်း၊ ပလောက်၊ ပုလောနှင့် မြိတ်မြို့များသို့ တိုက်ရိုက်ဆက်သွယ်ထားသည့် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး အရှေ့ဘက်ရှိ ဝင်းဝရွာအတွင်း တည်ရှိသော စခန်းသည် ဆက်သွယ်ရေးနှင့် နယ်မြေအနေအထားအရ အရေးပါသောလမ်းကြောင်းပေါ် တည်ရှိသည်။  

ထို့အပြင် သရက်ချောင်းနှင့် ပလောက်မြို့အကြား တစ်ခုတည်းသော စစ်ကော်မရှင်ခြေကုပ်စခန်းလည်း ဖြစ်ရာ ထိုစခန်းကျပါက စစ်တပ်၏ မြေပြင်ထောက်ပို့လမ်းကြောင်း ဖြတ်တောက်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် စခန်းကို အပြီးသတ်သိမ်းပိုက်ပြီးသော်လည်း စစ်ကူလာသော စစ်တပ်စစ်ကြောင်းများမှ လက်ကျန် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှင်းလင်းလျက် ရှိသည်ဟု သိရသည်။ 

“၀င်း၀စခန်း ကျပြီ။ စစ်ကူလာတဲ့ကောင်တွေနဲ့ ပွဲတွေတော့ မပြီးသေးဘူး။ စစ်ကူလာတာကြာပြီ စခန်းကို မရောက်ဘဲ ဝိုင်းပိတ်ပြီး တိုက်ခံနေရတာ လုံးပါးပါးကုန်ပြီဗျ။ အဲဒီလက်ကျန်ကောင်တွေကို ပြန်လိုက် တိုက်နေတာ” ဟု  မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဝင်းဝစခန်းအား စတင်တိုက်ခိုက်သည့်အချိန်မှစ၍ စစ်ကော်မရှင်ဘက်မှ ကလိန်အောင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) တပ်များဖြစ်သော ၄၀၉၊ ၄၀၆၊ ၄၀၃၊ ၄၀၄၊ ၄၀၅ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၂၅ စသည့် တပ်များကို စုပေါင်း၍ နှစ်ကြိမ်ထက်မနည်း စစ်ကူများပေးပို့ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်း ရင်းမြစ်များက ပြောကြသည်။

ရဲစခန်း လက်မလွှတ်ရရေးအတွက် စစ်တပ်သည် ယမန်နေ့တွင် လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲခဲ့သလို ထားဝယ်မြစ်ဝအနီး ပင်လယ်ပြင်တွင် ရှိနေသော စစ်သင်္ဘောများကလည်း  စခန်းသိမ်းတိုက်ပွဲစတင် ဖြစ်ပွားချိန်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

ရေတပ်၏ လက်နက်ကြီးနှင့် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဝင်းဝရဲစခန်းအား လက်လွှတ်လိုက်ရခြင်းကြောင့် သရက်ချောင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထားဝယ်- မြိတ် ကားလမ်းပိုင်းရှိ ရွှေတောင်ဂူဂိတ် စသည့်နေရာတို့တွင်သာ စစ်ကော်မရှင်တပ်ဖွဲ့များ အခြေစိုက်နေရာ ကျန်ရှိမည်ဖြစ်သည်။

အထက်ပါ စစ်တပ်စခန်းနှင့်ဂိတ်များမှလွဲ၍ သရက်ချောင်းမြို့မှ ပလောက်မြို့ထိ ကားလမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်မည်ဖြစ်သည်။

“မြိတ်-ထား၀ယ်လမ်းပိုင်းမှာ ၀င်း၀ရဲစခန်းက အချက်အချာကျတယ်။  အဲဒါကြောင့် ကြည်း၊ ရေ၊ လေနဲ့ပါ ပူးတွဲတိုက်ခိုက်နေတာထင်တယ်။ ဆက်သွယ်ရေးအရရော နယ်မြေကျယ်ပြန့်ပြီး ဒီစခန်းတစ်ခုပဲ ကျန်တော့တာရောပါ” အထက်ပါ စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။

တိုက်ခိုက်သိမ်းပိုက်ပြီးသော ဝင်းဝစခန်း။ (ဓာတ်ပုံ-KNU) 

ဒေသတွင်း လက်ကျန် စစ်ကော်မရှင်အခြေစိုက်နေရာများဖြစ်သည့် သရက်ချောင်းမြို့မ ရဲစခန်းနှင့် ရွှေတောင်ဂူဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့များကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များက  ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများလည်းရှိခဲ့သည်ဟု ၎င်းက ဆက်၍ ပြောသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ပြုလုပ်သော ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းပြီးကတည်းက တနင်္သာရီတိုင်းအတွင်း စစ်တပ်က တကျော့ပြန် စစ်ရေးလှုပ်ရှားလာရာ သရက်ချောင်းမြို့နယ်အတွင်း ဇန်နဝါရီလ ပထမပတ်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ 

ဖေဖော်ဝါရီလအတွင်း ဝင်းဝရဲစခန်း ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် စစ်တပ်က စစ်ကူများ ပို့ဆောင်ရာတွင် ၎င်းတို့နှင့်တိုးသော  ဒေသခံ ခုနစ်ဦးသတ်ဖြတ်ခံရမှုသည် ယင်းလ နောက်ဆုံးပတ်တွင် ဖြစ်ပွားခဲ့သည်။

ဒေသတွင်း တိုက်ပွဲများကြောင့် ထားဝယ်- သရက်ချောင်း- ပလောက် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာ ၂၅ ရွာထက်မနည်းမှ ဒေသခံများ ထောင်နှင့်ချီတိမ်းရှောင်ခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

 “သရက်ချောင်းမြို့နယ်ထဲမှာတောင် ရွာပေါင်းက ၂၅ ရွာလောက် စစ်ရှောင်နေရတယ်ဗျ၊ အဲ့ဒီအထဲမှာမှ လုံးဝကို ခက်ခဲတဲ့စစ်ရှောင်တွေက သရက်ချောင်းအောက်ပိုင်း စုံစင်ဖျား၊ ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသား၊ ပြင်းဖြူကြီး၊ ဂုံညှင်းဆိပ်တို့ပေါ့။ စစ်ရှောင်အတွက် ဝဲရေးဘက်မှာဆို လုံးဝ ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်တွေရှိတယ်”ဟု ထိုအမျိုးသားက ဆိုသည်။

စစ်ရှောင်ရသော ရွာများထဲတွင် သရက်ချောင်းမြို့အထက်ဘက် ညောင်ဇင်၊ သင်းကျွန်း၊ ပန်းချီရှောင်၊ သရက်နှစ်ခွ စသည့်ကျေးရွာများမှ ဒေသခံများပါ ပါဝင်သည်ဟု သိရသည်။

သရက်ချောင်း စစ်ရှောင်အများစုသည် တောတောင်များ၊ ဥယျာဉ်ခြံများ၊ လမ်းမများအနီး နီးစပ်ရာ တိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများ၊ စစ်ဘေးတိမ်းရှောင်သူများထံက သိရသည်

တနင်္သာရီဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲ ပဋိပက္ခများကို သုတေသနပြုလုပ်လျက် ရှိသော အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် FE5Tanintharyi ၏  ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်း၌ တိုက်ပွဲပေါင်း ၅၈ ခုထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ရှောင်ဦးရေ ရှစ်သောင်းခွဲ ထက်မနည်း ရှိခဲ့သည်ဟုဖော်ပြထားသည်။ 

Related Articles

Back to top button