အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးချိုင့်တွင် သုံးရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဒါဇင်ကျော် သေဆုံး

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် ထီးချိုင့်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုများ ရက်ဆက် ပြုလုပ်ခဲ့ရာ သေဆုံးထိခိုက်ခဲ့သူများတွင် ကလေးများ၊ သံဃာများ၊ အရပ်သားများ ပါဝင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်ကို မတ်လ ၈ ရက်နေ့မှ စပြီး သုံးရက်ဆက် လေကြောင်း တိုက်ခိုက်မှုကြောင့် သံဃာ ငါးပါး အပါဝင် လူတစ်ဒါဇင်ကျော် သေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

မြေပြင်တိုက်ပွဲမရှိဘဲ ထီးချိုင့်မြို့အနီး ကျေးရွာများရှိဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် စစ်ရှောင်များ ခိုလှုံ နေထိုင်သည့်နေရာများကို ဗုံးကြဲခဲ့ရာ ဇီးကုန်းရွာမှ ၁၀ ဦး၊ နီတာရွာအနီး စစ်ရှောင်တဲစုမှ သုံးဦး သေဆုံးခဲ့ ကြောင်း သိရသည်။ 

ယမန်နေ့ မတ် ၁၀ ရက်နေ့၊ မွန်းလွဲ  ၁ နာရီက ဇီးကုန်းရွာဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချခဲ့ရာ ကျောင်းဝင်းနှင့် ကျောင်းဘေးရှိ လူနေအိမ်များအနီး ပေါက်ကွဲခဲ့ရာ ၁၀ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူလည်း ၁၀ ဦးကျော်ရှိကြောင်း ထိခိုက်သူများအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ဇီးကုန်းရွာလေကြောင်းတိုက်ခိုက်မှုတွင် သံဃာ နှစ်ပါး၊ ကိုရင် သုံးပါးနှင့် အရပ်သား လေးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးကုသရန် သွားသည့်လမ်းခုလပ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“ဗုံးက တော်တော်ပြင်းထန်တယ်။ ကျောင်းကတော်တော်ပျက်စီးသွားတာ။ သိမ်ကျောင်းဆိုပြိုသွားတာ။ ဘုန်းကြီးကျောင်းဆောင်ဆို အခိုင်အမာဆောက်ထားတာကို တော်တော်လေး ပျက်စီးသွားတာ။ ကျောင်းဝင်းထဲချလိုက်တာကလည်း ကျောင်းဝင်းရှေ့မှာလည်း သိမ်ရှိတော့ တကယ့်အလယ်ခေါင် တည့်တည့် ကျလိုက်သလိုဖြစ်သွားတာ”ဟု ကူညီပေးနေသူ အထက်ပါ အမျိုးသားက ပြောသည်။ 

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ဘုန်းကြီးကျောင်းဝင်းအတွင်း ကျောင်းဆောင်များသာမက အနီး ဝန်းကျင်ရှိနေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရသည်။ 

ထို့ပြင် မတ်လ ၉ ရက်နေ့ ညနေတွင် ထီးချိုင့်မြို့တစ်ဘက်ကမ်း နီတာနှင့် မြတောင်ရွာအကြား စစ်ဘေး ရှောင်များခိုလှုံနေသည့်တဲအိမ်စုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ပြီး ထိုနေ့မှာပင် စပ်စားရွာ ဘုန်းကြီးကျောင်းရှေ့ကို ပစ်ခတ်ခဲ့ရာ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထိုနေ့က လေကြာင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသား နှစ်ဦး နှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူများအနက် နှစ်ဦးမှာပြင်းထန်ကြောင်း ကူညီပေးနေ သူက ဆိုသည်။ 

ထို့ပြင် မတ်လ ၈ ရက်နေ့ကလည်း တိုက်လေယာဉ်တစ်စီးက ထီးချိုင့်မြို့ မြောက်ဘက် အလယ်တောရွာရှိ တိုက်နယ်ဆေးရုံဟောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

အဆိုပါ တိုက်နယ်ဆေးရုံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းလည်ပတ်ခြင်းမရှိ တော့ကြောင်း ဒေသခံများက ပြောသည်။ 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးကုန်းရွာကို မတ် ၁၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်တစ်ခု  ထိခိုက်ထားစဉ်။ (ဓာတ်ပုံ – ပေးပို့) 

ဧရာဝတီမြစ်ကမ်းဘေးရှိ ထီးချိုင့်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေပြီး ကချင်ပြည်နယ်သို့ ဝင်ထွက်နိုင်သည့် ရေလမ်းကြောင်းနှင့်ကုန်းလမ်းကြောင်းများ အလယ်တွင်ရှိသဖြင့်  ဆက်သွယ်ရေးအရ အချက်အချာကျသည့်မြို့ဖြစ်သည်။ 

ထီးချိုင့်မြို့ကို  သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုများက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်တပ်ခြေကုပ်နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်းမှ အပြင်းအထန် တုံ့ပြန်ခဲ့ရာ တော်လှန်ရေးအင်အားစုများ အပြီးသတ်မသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရသည်။ 

လက်ရှိ ထီးချိုင့်မြို့ပေါ်တွင် စစ်တပ်က နေရာယူထားသော်လည်း မြို့မှာပြန်လည်ပတ်နိုင်ခြင်းမရှိဘဲ နှစ်ဘက် စစ်ဆိုင်ထားသည့်အခြေအနေရှိကြောင်း ဒေသခံများထံကသိရသည်။ 

တစ်မြို့လုံးနီးပါး ပျက်စီးနေပြီး ဒေသခံအများစုမှာ မြို့ထဲပြန်ဝင်နိုင်ခြင်းမရှိသေးဘဲ ထီးချိုင့် ဒေသခံ စစ်ဘေးရှောင် သုံးသောင်းခွဲနီးပါးရှိပြီး အချို့မှာ မန္တလေး၊ ရန်ကုန်စသည့်မြို့ ကြီးများတွင် ခိုလှုံနေကြ ကြောင်း သိရသည်။ 

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် သိမ်းပိုက်ခဲ့ သည့် မန္တလေးတိုင်းမှ မြို့များကို စစ်တပ်က ထိုးစစ်ဆင်သိမ်းပိုက် နေရာ တကောင်းမြို့ကိုအပြီးသတ်သိမ်းပိုက်ပြီးနောက် ထီးချိုင့်မြို့နယ်ဘက်သို့ ဆက်တက်လာဖွယ်ရှိ ကြောင်း ဒေသခံများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ထီးချိုင့်နှင့် တကောင်းကြားတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် တကောင်းနီကယ်စက်ရုံ ရှိပြီး  NUG တပ်များက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်သိမ်းပိုက်ခဲ့ပြီးနောက် လုပ်ငန်းများ ရပ်တန့်ထားသည်။ 

“မန်းတိုင်းကနေ သပိတ်ကျင်းကထိုးလာတဲ့စစ်ကြောင်းက တကောင်းမြို့ထဲရောက်သွားပြီလို့ ပြောတယ်။ ဒီစစ်ကြောင်း ထီးချိုင့်နဲ့နီးလာတဲ့အချိန်မှာ တစ်ဘက်က ပြည်သူ အကြောက်တရားဝင်အောင် စတင်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်လို့ သုံးသပ်ပါတယ်”ဟု အထက်ပါ လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေးဆောင်ရွက်နေသည့် ထီးချိုင့်ဒေသခံက သုံးသပ်သည်။

တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်တွင်လည်း အိုးဘိုကတောက်ရွာရှိ ရွှေမျောတစ်ခုကို ယမန်နေ့ (မတ် ၁၀ ရက်နေ့) က လေကြောင်းတိုက်ခိုက်ခဲ့ရာ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အနက် တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံက သိရသည်။  

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် ရွေးကောက်ပွဲအလွန်ကာလတွင်လည်း လေကြောင်း တိုက်ခိုက်မှုများအရှိန်မြှင့်နေပြီး အရပ်ဘက်နေရာများဖြစ်သည့် စာသင်ကျောင်း‌၊ ဆေးရုံ၊ ဘုန်းကြီး ကျောင်း၊ ဘုရားကျောင်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်နေသည်။ 

တော်လှန်ရေးစိုးမိုးနယ်မြေရှိ ပြည်သူကိုအကြောက်တရားထည့်သွင်းရန်ရည်ရွယ်ပြီး အရပ်ဘက် ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။ 

လေကြောင်းတိုက်ခိုက်မှုအပျက်အစီးများအနီး တွေ့ရသည့် ဇီးကုန်းရွာခံနှစ်ဦး။ (ဓာတ်ပုံ-ပေးပို့)

Related Articles

Back to top button