အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဧရာဝတီမြစ်ကြောင်းပြန်လည်စိုးမိုးရေး စစ်တပ်ကြိုးပမ်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးရှိ ရွာများကို စစ်တပ်က လက်နက်အပြည့်အစုံသုံးပြီး ထိုးစစ်ဆင်နေရာ ကျေးရွာပေါင်း ၁၀ ရွာထက် မနည်းမှ ဒေသခံများ တိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်း ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က  အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ သုံးလကျော်ကြာလာပြီဟု   သိရသည်။ 

မြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေသည့် တပ်တွင် အင်အား ၂၀၀ ကျော် ရှိပြီးမြစ်ကမ်းဘေးကျေးရွာများကို ခြေကုပ်ယူဖြန့်ကျက်ထားသည်ဟု တော်လှန်ရေးတပ်များက ပြောသည်။

“ပုံမှန်စစ်ကြောင်းဝင်လာရင် သူတင်ကိုယ်တင် တိုက်လိုက်ရင် နှစ်ရက်၊ သုံးရက်၊ လေးငါးရက်လောက် ဆိုရင် ဆုတ်ခွာတာမျိုးရှိတယ်။ အခုကတော့ ထိုင်နေတာမဟုတ်ဘူး၊ သူတိုးကိုယ်တိုးဖြစ်နေတာ။ သူတို့ က (မြစ်ရိုး) မြောက်ဘက်ထဲထိ တောက်လျှောက်ဖြန့်နေတာ”ဟု ဝက်လက်မြို့နယ်တွင်လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ 

မန္တလေးကိုထိုးဖောက်ရန်အထိ ရည်ရွယ်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးတွင် တော်လှန်ရေးအင်အားစုက မတ္တရာမြို့နယ်မှ နယ်မြေအများစုအပါအဝင် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ရှမ်းမြောက်နှင့် နိုင်ငံအလယ်ပိုင်းဒေသများကို ချိတ်ဆက်နိုင်ခဲ့ကာ ဧရာဝတီမြစ်ကြောင်းကိုလည်း စိုးမိုးနိုင်ခဲ့သည်။ 

သို့သော်တရုတ်ဖိအားကြောင့် ၁၀၂၇စစ်ဆင်ရေးအရှိန်အဟုန်တန့်သွားပြီးနောက် ယမန်နှစ်နှစ်လယ်ပိုင်း တွင် စစ်တပ်ကအင်အားအလုံးအရင်းဖြင့်တန်ပြန်ထိုးစစ်ဆင်ရာ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်း မြို့တို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။ 

မြစ်အရှေ့ခြမ်းရှိမြို့နယ်များကို ထိုးစစ်ဆင်နေချိန် တပြိုင်တည်းမှာပင် မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ကမ်းဘေးကျေးရွာများကိုအခြေပြုပြီး စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ဖြင့် နယ်မြေစိုးမိုးမှုပြန်ရရန် ကြိုးပမ်းလာနေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

“မြစ်ရိုးတလျှောက် သူတိုမြစ်ကြောင်းလုံခြုံရေးပေါ့၊ ရေကြောင်းသွားလာတဲ့အခါမှာ ဒီဘက်ကနှောင့် ယှက်လို့မရအောင် မြစ်ရိုးတလျှောက်အခြေပြုထားတာ။ စဉ့်ကူးဘက်ကို အပြည့်အဝကာချင်တဲ့ သဘောရှိတယ်”ဟု ဝက်လက်မြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။  

ဧရာဝတီမြစ်ကမ်းဘေး သစ်ဆိမ့်ကျေးရွာတွင် ခြေကုပ်ယူကာ အနီးဝန်းကျင်ရှိ ကျေးရွာများကို   နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်တပ်သည် ယမန်နေ့က ငါးပတ်ချောင်းရွာကို စီးနင်းဝင်ရောက်စဉ် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီး ၁ ဦး သတ်ဖြတ်မီးရှို့ခံခဲ့ရသည်ဟု   ဒေသတွင်း လေကြောင်းနှင့် စစ်ရေးသတင်းများကို ဖော်ပြနေသည့် Wetlet Informational Network ထံက သိရသည်။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသည့်အပြင် စစ်တပ်၏ သတင်းထုတ်ပြန်ချက်များတွင်လည်း စစ်ကြောင်းထိုးမှုသတင်းများ ပါဝင်လေ့ မရှိပေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း   သစ်ဆိမ့်ရွာနှင့် ကပ်လျက်ရှိ ကူကြီးရွာကို မီးရှို့ခဲ့ကြောင်း၊ မည်မျှ ပျက်စီးဆုံးရှုံးသည်ကို မသိရသေးကြောင်း စစ်ရှောင်အရေးကူညီနေသူများက ဆိုသည်။ 

ဝက်လက်မြို့နယ် ကျေးလက်ဒေသအများစုကိုတော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး စစ်တပ်က  မြို့ပေါ်ရပ်ကွက်များ၊ ရွာသာကြီး၊ လှတောနှင့် မြစ်ကမ်းဘေး ရှိန်းမကားတို့တွင် အထိုင်ချထားသည်။ 

မြစ်ကမ်းဘေးတွင် ဖြန့်ကျက်ထားသည့် စစ်ကြောင်း သစ်ဆိမ့်တွင် ခြေကုပ်ယူနိုင်ခဲ့ ပါက စစ်ကိုင်း – ရွှေဘို ခရိုင်ချင်းဆက်ထားသည့် အမှတ် ၃ ဗျူဟာလမ်းမကြီးကိုပါ အဟန့်အတားဖြစ် လာနိုင်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်သည်။  

“မတ္တရာ – မန္တလေး – မိုးကုတ် လမ်းပိတ်နေစဉ်ကာလက ဒီခရိုင်ချင်းဆက်လမ်းကို အဓိကအားထားပြီး တော့မှသုံးရတယ်။ အကုန်လုံး အစစအရာရာ ဒီကနေကူးသန်းသွားလာပြီးသုံးရတော့ အခုဟာက အရှေ့ဘက်လမ်းက ပွင့်လိုက်၊ မပွင့်လိုက် ဆိုသော်ငြားလည်း ဒီဘက်ကပဲသုံးနေတော့ ဒီလမ်းကို (စစ်တပ်က) ပိတ်ချင်တာ”ဟု ဝက်လက်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ 

မန္တလေးတိုင်း၊ တကောင်းမြို့ထိ စစ်တပ်ပြန်လည်ရရှိသွားပြီးနောက် စစ်ကိုင်းတိုင်းတွင် စစ်ရေးဖိအား ပိုမိုတိုးလာနိုင်ကြောင်းတော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

စစ်တပ်က ဒရုန်းကို ပိုမို သုံးစွဲလာနေကြောင်း၊  ကျောက်မြောင်းအခြေစိုက် အမှတ် ၁၂ ခြေမြန်တပ်ရင်းကလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

“ခုနောက်ပိုင်းလေကြောင်းအစား ဒရုန်းကိုလည်း ပိုတိုးလာတယ်။ တိုက်ပွဲဖြစ်ရင်တော့ လေကြောင်းက တက်လာပြီး တိုက်ရိုက် ပစ်ကူတော့ပေးတာပဲ။ ဒါပေမယ့်အများစုကတော့ လေကြောင်းကတော့ ဒရုန်းနဲ့ပဲ များတာပေါ့”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

စစ်ကြောင်းထိုးနေခြင်းကြောင့် မြစ်ကမ်းဘေးကျေးရွာများဖြစ်သည့် ထုံးဘို၊ ရှားကွဲ၊ ချောင်းမှီးတို၊ ရေဖြူ၊ ရေကမိုး၊ ရွာသစ်၊ လှေပိုဆိပ်၊ သစ်ဆိမ့်၊၊ ကူကြီး၊ သရက်ပင်၊ ရေလည်မော်၊ ငါးပတ်ချောင်း စသည့် ကျေးရွာပေါင်း တစ်ဒါဇင်ကျော်မှ ထောင်နှင့်ချီသည့်ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ သည်။ 

ရွေးကောက်ပွဲအလွန်ကစပြီး စစ်တပ်က နိုင်ငံအလယ်ပိုင်းစစ်ကိုင်းတိုင်းတွင် ကန့်ဘလူခရိုင်၊ ကောလင်း ခရိုင်၊ ယင်းမာပင်ခရိုင်နှင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသများကို  ယခင်ကထက်ပိုပြီးထိုးစစ်ဆင်နေသည်။ 

Related Articles

Back to top button