အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမ်းမြို့နယ်ဗုံးကြဲမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သုံ့ပန်းအများစု သေဆုံး

အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) မှ စစ်သုံံ့ပန်းအများစု ရှိသော AA အကျဉ်းစခန်းတစ်ခု လေကြောင်း ဗုံးကြဲခံရစဉ် လူ တစ်ရာကျော် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး အရာရှိများလည်း ပါဝင်သည်ဟု AA က ဆိုသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ အကျဉ်းစခန်းတစ်ခုအား  မတ်လ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရစဉ်အတွင်း စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၁၁ နာရီ မှ မွန်းလွဲ ၂ နာရီခွဲခန့်အတွင်း တိုက်လေယာဉ် လေးစီး၊ Y-12 ထောက်ပို့ လေယာဉ် လေးစီးတို့ဖြင့် စစ်သုံ့ပန်းအကျဉ်းစခန်းအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် သေဆုံးရခြင်းဖြစ်သည်ဟု AA က ဆိုသည်။

ဒဏ်ရာရသူ မြောက်မြားစွာရှိနေပြီး အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

စစ်ကော်မရှင်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်ပြီး သေဆုံးသူများထဲတွင် အရာရှိအဆင့်များ ပါဝင်သည်၊ စစ်သုံ့ပန်းအလောင်း အချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲသလို အချို့မှာ အလောင်းပင် ကောက်ယူမရကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်းဗုံးမကြဲမီ စစ်လေယာဉ်များက မတ်လ ၆ ရက်နေ့ကတည်းက ကြိုတင် ကင်းထောက်ခဲ့ပြီး အကျဉ်းထောင်မှန်းသိသိ  ဗုံးကြဲကျခြင်းဖြစ်သည်ဟု AA ၏ စစ်သုံ့ပန်း အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းက  ရခိုင်အခြေစိုက် ONE NATION NEWS ကို ပြောထားသည်။

“ ထောင်ဆိုတာ သေချာနေတာပေါ့။ အဆောက်အဦက စနစ်တကျ ဆောက်ထားတာရှိတယ်။ ဒီဘက် က လုံခြုံရေးတဲတွေရဲ့ အနေအထားလည်းရှိတာပေါ့။ ပြီးရင်  လူဝင်ထွက်နေတာတွေ အရမ်းများ တယ်။  လူတွေကလည်း သာမန် အရပ်ဝတ်၊ ယူနီဖောင်းတွေနဲ့ သွားနေကြတာမှ မဟုတ်တာ။ ထောင်ဝတ်စုံတွေနဲ့ ဝင်ထွက်နေတာပဲ” ဟု စစ်သုံ့ပန်း ဗိုလ်မှူးချုပ်က ဆိုသည်။ 

“ လူအဝင်အထွက်တွေ များတယ်။ လေကြောင်းလည်းကင်းထောက်ထားတယ် ဆိုတော့ မသိစရာ မရှိဘူးလို့တော့ ကျွန်တော်ထင်တယ်။ သိသိကြီးနဲ့ကြဲပစ်လိုက်တဲ့သဘောပေါ့။ ရက်စက်တဲ့သဘော ဖြစ်သွားတာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။

သေဆုံးသွားသူများတွင် ဗိုလ်မှူးချုပ်မြင့်ရွှေအပြင် ဗိုလ်မှူးအဆင့်များ၊ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်များ ပါဝင်သလို အကျဉ်းစခန်းအနီး ဆေးပေးခန်းတွင်ရှိနေသည့် စစ်သုံ့ပန်း စစ်တပ်ဆရာဝန်အချို့လည်း သေဆုံးရာတွင် ပါဝင်သည်ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ဆိုသည်။ ဒဏ်ရာရရှိသူများအား AA က ဆေးကုသမှုပေးနေသော်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသူများလည်းရှိသောကြောင့် သေဆုံးမှုတိုးလာနိုင်ကြောင်း သိရသည်။

AA ထုတ်ပြန်ချက်ဓာတ်ပုံများတွင် သေဆုံးသူများနှင့် ဒဏ်ရာရသော စစ်သုံ့ပန်းများတွင် သံဒေါက်ဟု ခေါ်သည့် သံခြေကျင်းဖြင့် ခတ်ထားသည်ကို တွေ့ရသလို အချုပ်ခန်းများဟု ယူဆရသော သံပန်း လှောင်အိမ်များ မီးကျွမ်းနေသည်ကို တွေ့ရသည်။

 ဗုံးကြဲခံရပြီးနောက် တွေ့ရသော အမ်းမြို့နယ် အချုပ်ခန်းများ။ (ဓာတ်ပုံ-ဘုန်းသစ်)

စစ်တပ် တပ်ရင်းတပ်ဖွဲ့ နှင့် စစ်ဗျူဟာများ ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ  အမ်းမြို့နယ်ကို AA က ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းတွင် စတင် ထိုးစစ်ဆင်ခဲ့ပြီး  ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စစ်ဌာနချုပ်ကိုပါ သိမ်းပိုက်ခဲ့ပြီးနောက် နပခကို ကွပ်ကဲသော ဒုတိုင်းမှူး အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။

ထိုစစ်သုံ့ပန်းအများအပြားအနက်မှ အချို့ကို ဒါးလက်ချောင်းဒေသ အကျဉ်းစခန်းတွင် ထားရှိရာမှ မတ်လ ၈ ရက်နေ့ လေကြောင်းဗုံးကြောင်းမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲခံထားရသည့် အဆိုပါနေရာသို့ သွားရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက စစ်သုံ့ပန်းများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြောင်း ဆိုသည်။ 

“ AA နဲ့ညှိနှိုင်းပြီး သူတို့တွေကို ခေါ်ဖို့အစား ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်မျိုးက သူတို့တွေကို ပိုပြီး စိတ်နာကျည်းစေတယ်ပေါ့။ပြီးရင် ရှေ့တန်းကလူတွေကို လည်း ခွဲခွဲခြားခြား၊စဥ်းစားဆင်ခြင်ပြီး သိစေချင်တယ်ပေါ့။ စစ်သားမှာတော့ အမိန့်နာခံရမှာပေါ့။ ဒါပေမဲ့ ပေးလာ တဲ့အမိန့်ကို သေချာ ဆုံးဖြတ်စေချင်တယ်လို့ ပြောကြတယ်”ဟု ထိုသူက ပြောသည်။ 

ပြည်နယ်တစ်ခုလုံး သိမ်းပိုက်ထားသော AA ထံတွင် ဗိုလ်မှူးချုပ်များအပါအဝင် စစ်သုံ့ပန်းများ၊ စစ်တပ်မိသားစုဝင် အကျဉ်းသား ထောင်နှင့်ချီ ရှိနေပြီး ထိန်းသိမ်းထားသလို ပြန်လွှတ်ပေးခြင်းများ လည်းရှိနေသည်။

၂၀၂၅ ခုနှစ် ဧပြီနှင့်မေလတို့တွင် မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့်မိသားစုဝင် ၁၂၀၀ နီးပါး ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် နှစ်များအတွင်း AA အကျဉ်းစခန်းတိုက်ခိုက်ခံရမှု လေးခုထက်မနည်းရှိနေကာ  ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ရှိ အကျဥ်းစခန်းတစ်ခု လေကြောင်း ဗုံးကြဲခံရ ပြီး လသားကလေးအပါအဝင် စစ်တပ် မိသားစုဝင်များ၊ စစ်သုံ့ပန်း ၂၁ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာ ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ပေါက်တောမြို့ အကျဉ်းစခန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက မြောက်ဦးမြို့နယ် ရှိ အကျဥ်းစခန်းများကို လေကြောင်း ဗုံးကြဲခဲ့ပြီး လူဆယ်ချီ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ လေးမိုင်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်ခွဲ (နခခ-၂) တွင် ရှိသော AA ၏ အကျဉ်းစခန်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ရာ စစ်သုံ့ပန်းနှင့်အကျဥ်းသား ၅၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည် ။

 ဗုံးကြဲခံရပြီးနောက် တွေ့ရသော တွေ့ရသော မြင်ကွင်းများ။ (ဓာတ်ပုံ-ဘုန်းသစ်) 

Related Articles

Back to top button