အီရန်စစ်ပွဲဂယက်ကြောင့် ကမ္ဘာတဝန်းစက်သုံးဆီရှားပါးမှုနှင့် စျေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်နေရာ အာရက္ခ တပ်တော်(AA)ထိန်းချုပ်ထားသော ဒေသများတွင်လည်း ဆီစျေးနှုန်းမြင့်တက်လာနေသည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်က အောက်တိန်း(92)တစ်လီတာကို ၇၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိစျေးနှုန်း မြင့်တက် သွားကာ အိန္ဒိယနိုင်ငံမှတင်သွင်းသည့် ဓာတ်ဆီတစ်လီတာလျှင်လည်း ၆၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ စျေးနှုန်း မြင့်တက်သွားသည်။ထို့အပြင် ရေနံဆီ တစ်ပေပါလျှင်လည်း ၁၂ သိန်းကျပ်ရှိရာမှ ငွေ ကျပ်သိန်း ၂၀ အထိ စျေးနှုန်း မြင့်တက်သွားကြောင်း မြေပုံမြို့နယ်မှ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။
“ဆီစျေးက နေ့တိုင်းလိုလိုတက်နေတယ်။အဓိကတော့ နိုင်ငံခြား(အီရန်- အမေရိကန်)မှာဖြစ်နေတဲ့စစ်ပွဲတွေ ကြောင့်ပါ။ ဒီဘက်မှာတော့ အိန္ဒိယဘက်က ဆီတွေရပါသေးတယ်။ ဒါပေမဲ့ ကုန်သည်ကြီးတွေက ဆီတွေ ရောက်တာနဲ့ချက်ချင်းသိုလှောင်ထားတယ်။ ဆိုတော့ ကုန်သည်ကြီးတွေ စျေးကစားနေတော့ ဆီတွေလည်း စျေးကြီးလာတဲ့သဘောမှာရှိတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆီစျေးနှုန်းများ မြင့်တက်လာနေသော်လည်း ဆီရှားပါးမှုမရှိသေးပေ။ သို့ရာတွင် ဆီစျေးနှုန်း အတိုင်းထက်အလွန် မြင့်တက်မှုမရှိအောင် အာရက္ခတပ်တော်(AA) အနေဖြင့် ထိန်းကျောင်းကြပ်မတ်သင့် ကြောင့် အထက်ပါ အလယ်အလတ်ဆီကုန်သည်က ဆက်လက်ပြောသည်။
AA ထိန်းချုပ်နယ်မြေများအတွင်း အိန္ဒိယအစိုးရက ခွင့်ပြုနေသမျှကာလအတွင်း စက်သုံးဆီ ပြတ်တောက်မှု ရှိမည်မဟုတ်သော်လည်း စျေးနှုန်းမြင့်တက်လာဖွယ်ရှိသည်။ အိန္ဒိယနိုင်ငံတွင်လည်း ကုန်သည်များထံ ဆီကို အကန့်အသတ်ဖြင့် ရောင်းချခြင်းနှင့်ကုန်စည်သယ်ယူရေးခက်ခဲမှုများကြောင့် စျေးနှုန်းမြင့်တက်လာနိုင်ကြောင်း အိန္ဒိယနယ်စပ်ရောက်ရှိနေသည့် အသက် ၃၀ ကျော်အရွယ် ဆီကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။
“(ချောင်း)မှာရေတွေကလည်း ခန်းလာပြီ။အဓိကတော့ ဆီပေပါတွေကို လောင်း(စက်လှေ)တွေ နဲ့ချကြရတယ်။ အရင်ကလို (ဝါး)ဖောင်တွေနဲ့ မျှောချလို့မရတော့ဘူး။ဆိုတော့ စက်လှေတွေမှာက အရင်လို မဆံ့တော့ဘူး။စက် လှေတွေမှာ အရင်က ဆီပေပါ ၁၀ လုံး၊ ၁၁ လုံး တင်ကြတယ်။ အခု (ရေတိမ်လာတော့ စက်လှေတွေက) ခုနစ်လုံး၊ ရှစ်လုံး အဲ့ဒီလောက်နဲ့ ဆင်းနေကြတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ရခိုင်ကုန်သည်များအနေဖြင့် ဆီပေပါ အခွံများရှားပါးခြင်းပြဿနာလည်း ရင်ဆိုင်နေရသည်။
ဆီသိုလှောင်ထားရန်အတွက် ဆီပေပါ ဘူးခွံများလည်း လိုအပ်ကြောင်း အထက်ပါ ကုန်သည်က ဆက်လက်ပြောသည်။
“ဆီပေပါဘူးခွံတွေဟာ ရခိုင်က ကုန်သည်တွေဟာ အများကြီးချကြတော့ အလုအယက်ဝယ်နေကြတယ်။ ဒါကြောင့် ဘူးခွံဝယ်မရပြဿနာဖြစ်လာတာပါ။ တခြား ဆီဝယ်မရကိစ္စနဲ့မတူပါ။ ကျွန်တော်ပြောခဲ့တဲ့ လမ်းကြောင်း နှစ်ခုလုံးဟာ ပိတ်သွားရင် AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ ဆီပြဿနာကတော့ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ဆိုသည်။
“အဲဒီလို မဖြစ်ရအောင်အတွက် အခုဖွင့်ပေးထားတယ်။ ဟိုဘက်ကလည်း အတိုင်းအတာတစ်ခုထိယူလို့ ရနေတယ်။ ဒီဘက် ကလည်း အိန္ဒိယအစိုးရကလည်း ခွင့်ပြုထားတယ်။ အဲဒီလို အခြေအနေမှာဆိုရင် ကိုယ့်ရခိုင်ပြည်ထဲကို ဆီတွေ အများကြီး လုံလုံလောက်လောက်ရှိနိုင်တဲ့အနေအထားရောက်အောင် သွင်းထားနိုင်ရင် ပိုကောင်းပါတယ်”
ရခိုင်တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် မှစတင်၍ အာဏာသိမ်းစစ်တပ်သည် ရခိုင် ဒေသနှင့် ပြည်မကြားကို ကုန်းလမ်း၊ရေလမ်းဖြတ်တောက်လိုက်ရာ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ကုန်စည် ရှားပါးမှုများ နှင့် ရင်ဆိုင်ခဲ့ရ သည်။
လက်ရှိတွင် ကုန်ပစ္စည်းများကို ပြည်မက မှောင်ခိုတင်သွင်းခြင်းနှင့် အိန္ဒိယဘက်က တင်သွင်းခြင်းများရှိနေသော ကြောင့် အတန်ငယ်အဆင်ပြေလာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းလျှင် ထိုနိုင်ငံအာဏာပိုင်များ က ဖမ်းဆီးမှုများရှိသောကြောင့် ကုန်သည်များ မစွန့်စားကြဟု သိရသည်။
တိုက်ပွဲများကြောင့် နာလန်မထူနိုင်ဖြစ်နေသော ရခိုင်ဒေသတွင် စက်သုံးဆီစျေးနှုန်းများမြင့်တက်လာခြင်း၊ ရှားလာခြင်းများရှိလာပါက လယ်ယာမြေလုပ်ကိုင်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့်တခြား စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်လာကာ ပြည်သူများပိုမိုကျပ်တည်းသွားနိုင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ပြီးခဲ့တဲ့နှစ်တွေကလည်း ဆီစျေးနှုန်းတွေ၊ သွင်းအားစုပစ္စည်းတွေ စျေးနှုန်းမြင့်တက်နေတဲ့ကြားက ပိုက်ဆံတွေ ချေးငှားပြီး လယ်စိုက်ခဲ့တယ်။ဒါပေမဲ့ စပါးစျေးမကောင်းဘူး။ အခုလို ဆီစျေးနှုန်းတွေကြီးလာရင် လယ်ထွန်ဖို့ အရေးတောင် စိတ်ပူတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူစရိတ်နှင့် တခြားကုန်ပစ္စည်းစျေးနှုန်းများလည်း မြင့်တက်လာနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။
“ရခိုင်ပြည်မှာလည်း လောင်စာဆီစျေးနှုန်းထိုးတက်သွားပါတယ်။ လောင်စာဆီ စျေးနှုန်းတက်သွားတာကြောင့် သယ်ယူစရိတ်တွေလည်း မြင့်တက်သွားပြီး အခြားကုန်စျေးနှုန်းတွေလည်း တဖြည်းဖြည်း တက်လာပါတယ်။ လောင်စာဆီသုံးနေရတဲ့ တခြားလုပ်ငန်းတွေလည်း လည်ပတ်မှုရပ်တန့်သွားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် စစ်ပွဲများကြောင့် စစ်ဘေးရှောင်သိန်းနှင့်ချီရှိနေပြီး စားနပ်ရိက္ခာများအပါအဝင် အဝတ်အထည်၊ အမိုးအကာကဲ့သို့ အကူအညီများလိုအပ်လျှင်၊ စစ်တပ်က ဗုံးကြဲ၍ လူနာများ သေဆုံး၊ဒဏ်ရာရလျှင် ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးသမားများ သွားရောက်ကူညီကြရသည်။
စက်သုံးဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာလျှင် အခက်အခဲဖြစ်သွားနိုင်ကြောင်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။
“ဆီစျေး ဒီထက်တက်သွားရင်တော့ ကျွန်တော်တို့ပရဟိတအသင်းအနေနဲ့ အခက်အခဲအများကြီး ရှိပါတယ်။ ဘာလို့လဲဆိုတော့ တချို့စစ်ရှောင်စခန်းက အရေးပေါ်လူနာတစ်ယောက်ပို့ဖို့၊ လုံခြုံတဲ့ဆေးရုံတစ်ခုကို လွှဲပြောင်းပေးပေး၊ အဓိက ဆီနဲ့ပဲသွားရမှာ။ ဥပမာ မိုင် ၂၀ ပတ်ဝန်းကျင်လောက်ဆိုရင် ကျွန်တော်တို့ လူနာတင်ယာဥ်တွေကလည်း လေးဂါလံကျော်၊ ငါးဂါလံလောက်ကုန်တယ် ”ဟု ၎င်းက ဆိုသည်။
“စစ်ဘေးရှောင်စခန်းတွေကို ကျွန်တော်တို့သွားလိုက်တဲ့အချိန်မှာ ဆိုင်ကယ်နဲ့သွားတာဖြစ်စေ၊နောက်ပြီး ကားတွေနဲ့ ပစ္စည်းတွေ အကြိုအပို့တွေမှာလည်း ကျွန်တော်တို့ဆိုရင် ကျောက်ဖြူမြို့နယ်မှာ စစ်ဘေး ရှောင်ဦးရေများလာတာနဲ့ လုပ်ရတဲ့လုပ်ငန်းစဥ်များလာပါတယ်။ တစ်ရွာနဲ့တစ်ရွာကလည်း ဝေးတယ်။ ဆိုတော့ ဆီဖိုးဟာ ဆီစျေးမတက်ခင်တောင်မှ (တစ်ရက်မှာ) တစ်သိန်းနဲ့ နှစ်သိန်းကုန်ပါတယ်။ ဆီစျေးတက်လာတော့ လုပ်ရမယ့်အလုပ်တွေကလည်း အများကြီးအခက်အခဲရှိတယ်”
လက်ရှိတွင် အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသော ပြည်နယ်မြို့တော်စစ်တွေတွင် ဓာတ်ဆီတစ်လီတာ ၂၆၀၀၀ ကျပ်နှင့် ရေနံဆီတစ်လီတာ ၈၀၀၀ ကျပ်ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။
စစ်တပ်ထိန်းချုပ် ထားသော ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်များ၏ စျေးနှုန်းအခြေအနေများကိုလည်း စုံစမ်းခဲ့သော်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း အခက်အခဲကြောင့် စုံစမ်း၍ မရရှိခဲ့ပေ။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားကာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည်။



