အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုခံထားရသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ (MEHL) လက်အောက်ရှိ ဟိုတယ်လုပ်ငန်းတစ်ခုကို လွှဲပြောင်းရယူလုပ်ကိုင်နေသည့် မြန်မာလုပ်ငန်းရှင်တစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် ခန့်အပ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အိုက်စလန်နိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံထားရသူမှာ ဦးကိုကိုလတ် ဖြစ်ပြီး၊ ၎င်းသည် MEHL ပိုင်ဆိုင်သည့် Central Hotel ကို လွှဲပြောင်းရယူပြီး ဆက်လက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
ဦးကိုကိုလတ်သည် နေပြည်တော်တွင် စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို သွားရောက်တွေ့ဆုံကာ အိုက်စလန်နိုင်ငံမှ ပေးသည့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်လွှာ ကို လက်ခံခဲ့ကြောင်း၊ ထိုနောက် ဦးသန်းဆွေကလည်း ၎င်းအား အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ခန့်အပ်ခံရမှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် အိုက်စလန်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးရာ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် ကြိုးပမ်းမည်ဟု ဦးကိုကိုလတ်က ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည်။

ဦးကိုကိုလတ်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အဇာဘိုင်ဂျန်နိုင်ငံရှိ ADA University တွင် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သံတမန်ရေးရာ ပညာရပ်များကို လေ့လာခဲ့ဖူးကြောင်း၊ သို့သော် သံတမန်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်အဖြစ် ဆက်လက်လုပ်ကိုင်နေကြောင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံသို့ သွားရောက်ကာ အဇာဘိုင်ဂျန်အောင်ပွဲနေ့ ငါးနှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းလည်း ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။
ဦးကိုကိုလတ်တည်ထောင်ထားသည့် K K Business Group ကုမ္ပဏီ၏ Facebook စာမျက်နှာ တွင်လည်း ကုမ္ပဏီဝန်ထမ်းများက ၎င်းတို့၏ ဥက္ကဋ္ဌဖြစ်သူအား အိုက်စလန်နိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံရမှုအတွက် ပန်းစည်းနှင့် ကိတ်မုန့်များဖြင့် ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
K K Business Group သည် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ လေကြောင်းနှင့် ရေကြောင်း ဝန်ဆောင်မှု၊ လုံခြုံရေးဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်ပြီး လုပ်ငန်းစု ကိုးခုရှိကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီရုံးချုပ်မှာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းအပေါ်လမ်းရှိ မြန်မာ့ဂုဏ်ရည်အိမ်ရာတွင် တည်ရှိသည်။
၎င်း၏ K K Business Group လက်အောက်တွင် Central Hotel, Chase Travels and Tours, K K Aviation Support Services, K K Security Service, Saman Petroleum Corporation, Gulf Agency, Asia Win Aviation Pte, Institute of Commercial Management Myanmar, King Gate Development နှင့် Apex International စသည့် လုပ်ငန်းများ ပါဝင်သည်။

အဆိုပါလုပ်ငန်းများအနက် Central Hotel နှင့် ဆိုင်ခန်းများအကြောင်း ကြော်ငြာများကို ဦးကိုကိုလတ်၏ Facebook စာမျက်နှာတွင် မကြာခဏ ဖော်ပြလေ့ရှိသည်။
MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့မှာ စစ်တပ်၏ အဓိက စီးပွားရေး အင်ပါယာနှစ်ခုဖြစ်ပြီး ကျောက်စိမ်းနှင့် သယံဇာတလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု၊ အာမခံနှင့် ဘဏ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် စီးပွားရေးနယ်ပယ်များစွာတွင် လုပ်ကိုင်လျက်ရှိသည်။
Central Hotel သည် စစ်တပ်ပိုင် နဝေဒေးဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလီမိတက် အမည်အောက်တွင် တည်ထောင်ခဲ့သည့် ဟိုတယ်များအနက်မှ တစ်ခုဖြစ်သည်။ MEHL နှင့် ၎င်း၏လုပ်ငန်းများကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့ထားသည်။
MEHL လုပ်ငန်းတစ်ခုကို လွှဲပြောင်းရယူလုပ်ကိုင်နေမှုနှင့်ပတ်သက်၍ Myanmar Now က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဦးကိုကိုလတ်က တုံ့ပြန်ခြင်းမရှိခဲ့ပါ။
အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးအရာရှိ Mr. Ægir Þór Eysteinsson ကလည်း စစ်တပ်နှင့် စီးပွားရေးဆက်နွယ်မှုရှိသူ ဦးကိုကိုလတ်အား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားမှုအပေါ် သီးခြားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သို့သော် ဦးကိုကိုလတ်အား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရေးလုပ်ငန်းစဉ်သည် ၂၀၂၀ ခုနှစ်မှစတင်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ လုပ်ထုံးလုပ်နည်းများကို ၂၀၂၆ ခုနှစ်တွင်သာ အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထိုခန့်အပ်မှုကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အိုက်စလန်သံရုံးမှ ၂၀၁၉ ခုနှစ်တွင် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များသည် အိုက်စလန်အစိုးရထံမှ လစာ သို့မဟုတ် အကျိုးခံစားခွင့် များ မရရှိဘဲ စေတနာ့ဝန်ထမ်းအဖြစ်သာ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်ဟု Mr. Eysteinsson က ဖြည့်စွက်ပြောဆိုသည်။



