ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပါဝင် နာမည်ဆိုးဖြင့် ဝေဖန်ခံနေရသည့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လက်ယာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်ဖွဲ့စည်းနေသည့် မကွေးတိုင်းအစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်လိုက်ကြောင်းသိရသည်။
ယမန်နေ့ (မတ်လ ၁၂ ရက်နေ့) တွင် အွန်လိုင်းမှပြုလုပ်သည့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးအပါအဝင် ဝန်ကြီး ခုနစ်ဦးနှင့် ရှေ့နေချုပ်တို့ကို အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် အသက် ၄၅ နှစ်အရွယ် ဗိုလ်လက်ယာသည် ကျောင်းဆရာ အဖြစ်မှ ရဲတပ်ဖွဲ့သို့၂၀၀၁ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၌
တာဝန်ထမ်းဆောင်နေချိန် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွင်ပင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာခဲ့သူဖြစ်သည်။
တော်လှန်ရေးကာလတွင် သင်တန်းနည်းပြဆရာအဖြစ်တာဝန်ယူခဲ့ပြီးနောက် မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ခံနှင့် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ (ယာယီ)အဖြစ်ပါဝင်ခဲ့သည်။ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင်၊ ပေါက်စသည့် ငါးမြို့နယ်ပါဝင်သည်။
တိုင်းကာကွယ်ရေးဝန်ကြီးနေရာအတွက် နှစ်ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအနည်းငယ်အသာဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လက်ယာက Myanmar Now ကို ပြောသည်။
မကွေးတိုင်း ဝန်ကြီးနေရာများအတွက် အမည်စာရင်းတင်သွင်းလာသူများကို CDM အစုအဖွဲ့၊ တောင်သား အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့ အပါအဝင် အစုအဖွဲ့ ခုနစ်ခုမှ မဲပေးရွေးချယ်ခြင်းဖြစ်သည်။
မကွေးယူနစ် လွှတ်တော်ဆုံးဖြတ်ချက်အရ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီး ဦးလက်ယာ (ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ကျော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီး ဦးအောင်ကိုလတ်၊ ပညာရေးဝန်ကြီး ဦးကျော်သူရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မိုးမင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းအောင်ဝင်း (ခ) ဦးဆလိုင်းနှင့် ရှေ့နေချုပ် ဒေါ်မေရီတို့ကို ယမန်နေ့တွင် ခန့်အပ်ခဲ့သည်။
မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ခန့်အပ်ထားပြီးဖြစ်သည်။
အာဏာသိမ်းကာလ ငါးနှစ်ကျော်ကြာမြင့်လာချိန် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံရေး ထွက်ပေါက်ရရန် ကြိုးပမ်းနေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သော တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့နယ်မြေစိုးမိုးမှု အားကောင်းသည့် ဒေသများတွင် အုပ်ချုပ်ရေးယန္တရားအတွက် သက်ဆိုင်ရာဒေသအလိုက် ယူနစ်အစိုးရများကို အတည်ပြုခန့်အပ်လျက်ရှိသည်။
တော်လှန်ရေးကြားကာလအတွင်း ဥပဒေရေးရာနှင့် ကာကွယ်ရေးအပါအဝင် ကိစ္စရပ်များဆောင်ရွက်ရန် ကြားကာလအစိုးရတရပ်ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဖက်ဒရယ်ယူနစ်နှင့် မကွေးဖက်ဒရယ်ယူနစ်မှ သက်ဆိုင်ရာအစိုးရအဖွဲ့ ဝန်ကြီးများအတည်ပြုခန့်အပ်ထားပြီးဖြစ်သည်။
မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာ
ဗိုလ်လက်ယာ ဦးဆောင်သည့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။
ထို့အပြင် “ အညာဒူဘိုင်း” ဟု နာမည်ကျော်သည့် မြိုင်ဒေသ ရေနံလက်ယက်တွင်းများမှ အခွန်ကောက်ယူ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများရှိနေသည်။
မကွေးတိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထိုအခြေအနေနှင့်ပတ်သက်ပြီး ပြည်သူများ၏ သဘောထားကို ထည့်သွင်းစဉ်းစားမှု မရှိကြောင်း ဝေဖန်သည်။
“ ဝေဖန်သူကျယ်နေတဲ့သူကို မကွေးတိုင်းကာဝန်အဖြစ် ခန့်လိုက်တာကြီးက တော်တော်ကြီးပါတယ်။ အဆုံးစွန်ထိပြောရမယ်ဆိုရင် ပြည်သူ့ပါဝင်မှုကို လုံးဝဂရုမစိုက်တာလို့ပြောလို့ရပါတယ်”ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က မှတ်ချက်ပေးသည်။
“ အညာဒူဘိုင်း” ဟု နာမည်ကျော်နေသည့် ရေနံတွင်းအခြေအနေများမှာ သတင်းပျံ့နှံ့နေသည့်အခြေအနေများနှင့် “ဆင်နှင့်ဆိတ်”ပမာ ကွာခြားကြောင်း ဗိုလ်လက်ယာက MFP သတင်းဌာနကိုလည်း တုံ့ပြန်ပြောထားသည်။
“မကွေးဖက်ဒရယ်ယူနစ်အနေနဲ့ မကွေးတိုင်းထဲမှာ မြိုင်ရဲ့ အခွန်အကောက်တွေအားလုံးက စနစ်ကျပြီးမှ မကွေးတစ်တိုင်းလုံးကို ပျမ်းမျှစီးဆင်းဖို့ဆိုတာက ကျွန်တော်တို့မျှော်လင့်ချက်ပေါ့။ တဖြည်းဖြည်း အဲ့ဒီလို ဖြစ်လာဖို့လည်းမျှော်လင့်ထားပါတယ်။ လက်ရှိ မတိုင်ခင်အထိတော့ မြိုင်နယ်ရဲ့အခွန်တွေအားလုံးက ဗိုလ်လက်ယာရဲ့စီမံခန့်ခွဲမှုတစ်ခုတည်း အောက်မှာရှိနေခဲ့တယ်”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင် က မှတ်ချက်ပြုသည်။
အထက်ပါ ရေနံဝင်ငွေစီးဆင်းမှု ခွဲဝေသုံးစွဲရေးနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးတို့နှင့်ထိစပ်နေသည့် မကွေးတိုင်းတွင် မြို့နယ် ၂၅ ခုရှိသည့်အနက် မြောက်ပိုင်း ယောဒေသ၊ မြိုင်၊ ပေါက်၊ ရေစကြို စသည့်မြောက်ပိုင်းဒေသများနှင့် ဧရာဝတီမြစ် အနောက်ခြမ်းမြို့နယ်များတွင် တော်လှန်တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးမှုအားကောင်းသည်။
စစ်တပ်အသက်သွေးကြောဖြစ်သည့်လက်နက်စက်ရုံ ၂၅ ခုအနက် ၁၅ ခုသည် မကွေးတိုင်းတွင်ရှိပြီး စစ်ရေးအရအချက်အချာကျသည့် ဒေသလည်းဖြစ်ရာ ယမန်နှစ်ကစ၍ စစ်ရေးအရှိန်မြှင့်တက်နေသည်။
“စစ်က ပရိယာယ်များတယ်။ လေးနက်တယ်။ အဓိကတော့ လူသူလက်နက်အင်အားဖြစ်တဲ့အတွက် ပြင်ဆင်တာနဲ့ အားနည်းချက်ရှိတာတွေ အကုန်လုံးကိုအားသာချက်ဖြစ်လာအောင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို ပြောဆိုနှီးနှောဖလှယ်ပြီးမှ ရှေ့ရောက်အောင် စိတ်ကူးရည်မှန်းထားတယ်”ဟု ဗိုလ်လက်ယာက Myanmar Now ကို ပြောသည်။
ဗိုလ်လက်ယာ လှုပ်ရှားနယ်မြေများတွင် ရေနံတွင်းလုပ်ငန်းများရှိပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့ များအပေါ် ဩဇာ လွှမ်းမိုးမှုများရှိသည်ဟု နာမည်ထွက်သူ ဖြစ်သည်။
“သူ့ကို ခန့်အပ်လိုက်တာက လူကို၊ မူကိုမကြည့်ဘဲနဲ့ ဓနအင်အားတောင့်တင်းခိုင်မာမှုကိုကြည့်ပြီးတော့ ဒီလူတစ်ယောက်က ဘယ်လောက်ပဲ ပျက်ယွင်းတဲ့အခြေအနေတွေ ဖန်တီးခဲ့ဖန်တီးခဲ့ သူ့ဆီမှာအင်အား ရှိတယ်၊ ငွေကြေးရှိတယ်၊ ပါဝါရှိတယ် သူ့ကိုနေရာပေးမယ်ဆိုတာမျိုးလုပ်သလားဆိုတဲ့ ဝေဖန်ချက်တွေလည်း မြေပြင်မှာ ပြည်သူတွေရော အဖွဲ့တွေကြားထဲမှာရော ပြောဆိုမှုတွေရှိတယ်”ဟု မကွေးတိုင်းထဲ လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။



