စိုက်ပျိုးစရိတ်နှင့် ရိတ်သိမ်းခများ တစ်ဟုန်ထိုး မြင့်တက်လာသော်လည်း စပါးဈေးနှုန်းမှာ ပုံမှန်သာရှိနေသဖြင့် တောင်သူများအရှုံးနှင့် ရင်ဆိုင်နေရပြီး လယ်ယာလုပ်ငန်း ရပ်တန့်သွားမည်ကိုပင် စိုးရိမ်နေကြသည်။
နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ဒေသအချို့တွင် နွေစပါး စိုက်ပျိုးရန် ပြင်ဆင်နေကြသလို၊ ကုလားပဲ၊ မြေပဲ၊ မတ်ပဲ၊ ဆောင်းနေကြာတို့ကို ရိတ်သိမ်းရတော့မည့် အချိန်ဖြစ်ရာ ထိုသို့စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေးအတွက် လယ်ယာသုံးစက်များ ငှားရမ်းစရိတ်မှာလည်း တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။
လယ်ထွန်စက်အတွက် တစ်ဧကလျှင် ကျပ် ၇၀,၀၀၀၊ စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခမှာ လယ်တစ်ဧကလျှင် ကျပ် ၁၃၀,၀၀၀ ရှိပြီး ထို့ထက် ပိုဈေးတက်လာနိုင်သည်ဟု နေပြည်တော်နေ တောင်သူတစ်ဦးက မတ်လဆန်းတွင် ပြောသည်။
“အခု ကျွဲတွေ၊ နွားတွေ သိပ်မရှိကြတော့ဘူးလေ။ ဒီစက်တွေပဲ အားကိုးသုံးနေရတော့ ဆီဝယ်ရတာခက်ခဲလာရင် ဈေးပိုတောင်းလာမယ်။ အဲဒီကုန်ကျစရိတ်တက်ပြီး စပါးဈေးက မတက်လာရင် ပိုရှုံးမယ်။ဒုက္ခတွေချည်းပါပဲ” ဟု သူက ပြောသည်။
စက်သုံးဆီ ဒီဇယ် သတ်မှတ်ဈေးမှာ တစ်လီတာလျှင် ကျပ်သုံးထောင် ဖြစ်သော်လည်း ဖေဖော်ဝါရီလမှစ၍ နွေစပါး စိုက်ပျိုးရန် ပြင်ဆင်နေသည့် တောင်သူများက ကျပ်ငါးထောင်အထိ ပေး၍ ဝယ်ယူနေကြရခြင်းကလည်း စိုက်ပျိုးစရိတ် သိသိသာသာ မြင့်တက်သည့် အခြေအနေကို ပြသနေသည်။
စက်သုံးဆီဆိုင်များတွင်လည်း လယ်ယာသုံးစက်များအတွက် သတ်မှတ် ရောင်းချခြင်းမျိုး မရှိ၍ ပြင်ပဈေးဆိုင်များတွင်သာ ဝယ်ယူနေကြရသည်ဟုလည်း အထက်ပါ တောင်သူက ပြောသည်။
လယ်တစ်ဧကလျှင် ထွန်စက်ငှားရမ်းခ၊ စပါးရိတ်ခ၊ အထွေထွေ သွင်းအားစုများအပါအဝင် ကျပ်ခြောက်သိန်းထိ ကုန်ကျစရိတ်ရှိသည်။ ပြီးခဲ့သည့်နှစ် မိုးစပါးချိန်တွင် ထွက်နှုန်းကျပြီး တင်း ၆၀ သာ ထွက်ခဲ့ပြီး စပါးတစ်တင်းဈေး ကျပ် ၁၀,၀၀၀ မကျော်ခြင်းကြောင့် တောင်သူအများစု အရှုံးပေါ်နေသည့် သံသရာမှ လွတ်မြောက်နိုင်ရန် ခက်ခဲနေသည်။
“ကုန်ကျစရိတ်တွေ ပိုများလာမယ်။ အခုတောင် စပါးဈေးက မတက်လာဘဲ တခြားစရိတ်တွေကပိုပိုများလာတော့ အခြေအနေဆိုးလာဖို့ပဲရှိတော့တယ်။ ဆီပြတ်သွားရင်တော့စိုက်ပျိုးရေးလည်း ရပ်သွားနိုင်တာပေါ့” ဟု သူက ဆိုသည်။
အလားတူ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများ သယ်ယူခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့ ရောင်းချရာတွင်လည်း ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
“စိုက်ပျိုးရေးမှာ တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်ကုန်ကျစရိတ်တွေ အဓိကအားဖြင့်တော့ သယ်ယူပို့ဆောင်စရိတ်ပါ။ ဆိုကြပါစို့ လယ်ထဲကို ဓာတ်မြေဩဇာတွေပို့မယ်၊ ဝယ်မယ် ဒါဆိုရင် သယ်ယူပို့ဆောင်စရိတ်တွေ သယ်ယူပို့ဆောင်ခတွေ တက်လာပြီပေါ့။ နောက်တစ်ခါ စိုက်ပျိုးရေးထွက်ကုန်တွေ ထွက်လာမယ် ထွက်လာရင် ဈေးကွက်ရောက်အောင် ပို့ရတော့မယ် ဒါဆိုရင် သယ်ယူပို့ဆောင်ခ ဈေးကြီးမယ်” ဟု ဆိုသည်။
ဆက်တိုက် တက်နေသော ကုန်စျေးနှုန်း
ကမ္ဘာ့ရေနံတင်ပို့မှု၏ ဗဟိုချက်ဖြစ်သော အရှေ့အလယ်ပိုင်းဒေသဖြစ်နေသည့် အီရန်၊ အမေရိကန်၊ အစ္စရေး ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီရှားပါးမှုနှင့်အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာသည်။
အီရန်- အမေရိကန် ပဋိပက္ခစတင်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှုကို ရိုက်ခတ်မှုရှိလာချိန် စက်သုံးဆီ ချွေတာရမည့် အစီအစဉ်ကို မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့် စားသုံးဆီ ဈေးနှုန်းများ မြင့်တက်သွားခြင်းဖြစ်သည်။
ယခင်က ရွှေဘို ပေါ်ဆန်းသည် တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ မှ ၁၉၀,၀၀၀၊ ဧရာဝတီ ပေါ်ဆန်းဆန်သည် တစ်အိတ်လျှင် ၁၂၀,၀၀၀ မှ ၁၄၀,၀၀၀ သို့ မြင့်တက်သွားခဲ့သည်ဟု ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
စားအုန်းဆီ တစ်ပိဿာလျှင် ၆,၀၀၀ ကျပ်ဟု စစ်ကော်မရှင်က သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေး ကျပ် ၁၂,၀၀၀ အထိ မြင့်တက်သွားသည်ဟုလည်း နေပြည်တော်နေ ဆီကုန်သည် တစ်ဦးက ပြောသည်။ အလားတူ မြေပဲဆီဈေးမှာလည်း ကျပ် ၂၀,၀၀၀ နီးပါး မြင့်တက်သွားသည်ဟု ဆိုသည်။
“စက်သုံးဆီ အခက်ခဲမဖြစ်ခင်က မြေပဲဝယ်တဲ့ဈေးနဲ့ အခုဈေးက ၂၀,၀၀၀ လောက်တက်သွားတယ်။
ဒါတောင် ကားကပုံမှန်မလာဘူး။ လာရင် အလုအယက်ဝယ်ပြီး ကြိတ်ရောင်းရတာဆိုတော့ အခုမြေပဲဆီက အရင်ကထက် ကျပ် ၁၀,၀၀၀ ကျော်လောက် ဈေးတက်သွားပြီ။ အရင် ဆယ်ပိဿာ၁၈၀,၀၀၀ ဆိုရင် အခု ၁၉၀,၀၀၀၊ ၂၀၀,၀၀၀ နဲ့ ရောင်းနေပြီ” ဟု ပြောသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥတစ်လုံး ၄၀၀ ကျပ်မှ ၅၀၀ ကျပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၈၀၀ ကျပ်မှ ၁,၀၀၀ သို့ မြင့်တက်သွားသည်။
စီမံခန့်ခွဲမှု အလွဲများ
လောင်စာဆီရှားပါးနေချိန်တွင် အာဏာသိမ်းစစ်ကော်မရှင်က ကား၊ ဆိုင်ကယ်များအတွက် လောင်စာဆီကို တစ်ရက်ခြား တစ်ကြိမ်သာ ဝယ်ယူခွင့်ပြုထားသည်၊ ပိုမဝယ်နိုင်ရန်လည်း QR ကုတ် စနစ်ဖြင့် ထိန်းချုပ်ထားသည်။
သို့သော် QR ကုတ်စနစ်ဖြင့် စက်သုံးဆီရောင်းချစဉ် ယာဉ်အချို့၏ Wheel Tax Barcode တွင်
ပါဝင်သည့် ယာဉ်၏အချက်အလက်မှားယွင်းမှုများကြောင့် ဆီထည့်ခွင့်မရကြကြောင်း နေပြည်တော်နေ ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
လောင်စာဆီအသုံးပြုမှု လျှော့ချနိုင်ရန် မတ်လ ၇ ရက်နေ့မှစ၍ လောင်စာဆီသုံး အိမ်စီးကားများ၊ ဆိုင်ကယ်များကို တစ်ရက်သုံး တစ်ရက်နားရန် သတ်မှတ်ထားသည်။ စုံဂဏန်းဖြင့် စသော ယာဉ်များကို စုံရက်များတွင် မောင်းနှင်ရန်၊ “မ” နံပါတ်ဖြင့် စသောယာဉ်များကို “မ” ရက်တွင် မောင်းနှင်ရန် ညွှန်ကြားထားသည်။
လောင်စာဆီမသုံးသည့် လျှပ်စစ်ကားများကိုမူ ကန့်သတ်ထားခြင်း မရှိပေ။
ကန့်သတ်ချက်ကြောင့် အပြင်ထွက် အလုပ်လုပ်ကိုင်ရသည့် အခြေခံလူတန်းစားများမှအစ ယာဉ်ပိုင်ရှင်အဆုံး အခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း စစ်ဆေးမှုများ ရှိသောကြောင့် လမ်းပေါ်တွင် မော်တော်ယာဉ် လျော့နည်းသွားသည်။
နေပြည်တော်နေ ဆိုင်ကယ်အငှားလိုက်သူ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦးက စစ်ဆေးမှုများ ရှိနေလင့်ကစား ဝမ်းရေးအတွက် တစ်ရက်ခြား အနားယူရန် အခြေအနေ မပေးကြောင်း ပြောသည်။
“ ဒီဝင်ငွေ မရှိရင် ငတ်မှာဆိုတော့ ရသလောက်တော့ ခိုးဆွဲနေရမှာပဲ”ဟု အဆိုပါ ဆိုင်ကယ်သမားက ပြောသည်။
နေပြည်တော်နှင့် မန္တလေးတိုင်း မြို့ကြီးများရှိ ဓာတ်ဆီဆိုင်ကြီးများတွင် မော်တော်ယာဉ်နံပါတ် စုံ/မ စနစ်ခွဲခြား၍ ရောင်းချပေးနေသည်ကို တွေ့ရပြီး ယာဥ်အထောက်အထားဆိုင်ရာ စာရွက် ပြသရန်၊ ဆိုင်ကယ်စီးနင်းသူများ ဦးထုပ်ဆောင်းရန် စသည့် စည်းကမ်းချက်များ သတ်မှတ်ထားကိုလည်း တွေ့ရသည်။
နေပြည်တော်တွင် မတ်လ ၁၉ ရက်နေ့အတွက် ဓာတ်ဆီတစ်လီတာ သတ်မှတ်စျေးမှာ ကျပ် ၂၉၁၀ ဖြစ်သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ သို့သော် မှောင်ခိုစျေးသည်လေးများထံတွင် ကျပ်ငါးထောင်အထိ ပေါက်ဈေးရှိနေသည်။
စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်ချိန်မှစ၍ နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှု၊ နိုင်ငံတကာ၏ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများကြောင့် လောင်စာဆီ အလျင်မီ တင်သွင်းဖြန့်ဖြူးပေးနိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်လည်း နေပြည်တော်အပါအဝင် မြို့ကြီးများတွင် ဆီပြတ်လပ်ခဲ့ရာ ဆီတန်းစီဝယ်ယူသည့် ယာဉ်တန်းရှည်ကြီးများဖြစ်ပေါ်ခဲ့ပြီး ဓာတ်ဆီဆိုင်အချို့လည်း ပိတ်ခဲ့ရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတို့တွင်လည်း ဆီပြတ်လပ်ခဲ့သည့် အလားတူ အခြေအနေမျိုး ပေါ်ပေါက်ခဲ့သည်။
စစ်ကောင်မရှင်၏ မတ် ၁၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဝန်ကြီးချုပ် ဦးညိုစောက စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်၊ စည်းကမ်းတကျဖြစ်စေရေးအတွက် ဌာနဆိုင်ရာများက ကူညီကြပ်မတ်ရမည်၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည်ဟု အစည်းအဝေးတစ်ခုတွင် ပြောဆိုကြောင်း ဖော်ပြထားသည်။
ယခုနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ကြောင်း၊ လမ်းလျှောက်သင်္ကြန်ပွဲ ဦးစားပေးစီစဉ်နိုင်လျှင် အခြေအနေအချိန်အခါနှင့် ကိုက်ညီမည်ဟုလည်း ဦးညိုစောက ပြောသည်။



