နိုင်ငံအနောက်မြောက်ပိုင်းချင်းပြည်နယ်တွင် နယ်မြေစိုးမိုးမှုပြန်ရရန် စစ်တပ်ထိုးစစ် အရှိန်မြှင့်နေချိန် အရွယ်ရောက်ပြီးသည့် ချင်းအမျိုးသားတရပ်လုံး အမျိုးသားရေးအသိဖြင့် စစ်မှုထမ်းပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းလိုက်သည်။
ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) စတင်တည်ထောင် သည့်နေ့ကို အစွဲပြုသတ်မှတ်ထားသော မတ်လ ၂၀ ရက်တွင် ကျရောက်သည့် ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင်လည်း တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရစနစ်ကို ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/ CNA) ဦးဆောင်သည့် ချင်းပြည်ကောင်စီက ယခုနှစ်ဆန်းပိုင်းတွင် အတည်ပြုထားကြောင်းသိရသည်။
ချင်းအမျိုးသားတပ်မတော် ဦးဆောင်သော ချင်းပြည်ကောင်စီတွင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ ၂၀ ကျော်ဖြင့် စုဖွဲ့ထားသည်။
“တစ်အိမ်တစ်ယောက် လုံးဝ စစ်မှုထမ်းရမယ်ဆိုတာမျိုး ကျွန်တော်တို့ မူဝါဒတစ်ခုအနေနဲ့ ချင်းပြည် ကောင်စီအနေနဲ့ အတည်ပြုပေးထားတာ”ဟု ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာန သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းနိုင်ဂျွန်းကီးက ဖေဖော်ဝါရီလကုန်ပိုင်းတွင် Myanmar Now ကို ပြောသည်။
စစ်မှုထမ်းရမည့်အထဲတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အကျုံးဝင်သည်ဟု သတ်မှတ်ထားပြီး မိသားစုအတွင်း တော်လှန်ရေးတပ်ဖွဲ့ထဲတွင် တာဝန်ထမ်းဆောင်နေသူရှိခြင်း၊ ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့ရခြင်း၊ CDM တွင်ပါဝင်ခဲ့သည့် ဝန်ထမ်းစသည်တို့ကို ခြွင်းချက်အနေဖြင့် သတ်မှတ်ထားသည့် အချက်များရှိကြောင်း ၎င်းကဆက်ပြောသည်။
အာရက္ခတပ်တော် (AA) ၏ မဟာမိတ် အခြားချင်းအင်အားစုဖြစ်သော ချင်းညီနောင် (CB) ကလည်း အလားတူ စစ်သားသစ် စုဆောင်းခြင်းများလည်းရှိနေသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ စစ်သားသစ်စုဆောင်းခြင်းမူဝါဒ အပေါ် CB ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ချင်းညီနောင်အဖွဲ့ဝင် ဖြစ်သည့် PDF Zoland ကမူ ဖေဖော်ဝါရီလက ချင်းပြည်နယ်မြောက်ပိုင်း တီးတိန် မြို့နယ်အတွင်း ဘိန်းစိုက်လုပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အချို့ကို တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခဲ့သည်။
ချင်းတပ်ဖွဲ့များသာမက လက်နက်ကိုင်တော်လှန်ရေး ငါးနှစ်နီးပါး ကြာမြင့်လာချိန် ပြုန်းတီးသွားသည့် စစ်အင်အားဖြည့်တင်းနိုင်ရန် တပ်သားသစ်ရရှိရေး အကျပ်အတည်းကို တော်လှန်ရေးတပ်ဖွဲ့အများစုက ရင်ဆိုင်နေရသည်။
AA တွင်လည်း အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စနစ် ပြဋ္ဌာန်းထားသလို ၎င်းအခြေစိုက်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း စစ်သားစုဆောင်းမှုများ ပြုလုပ်ခဲ့သည်။
ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (KIA) သည်လည်း ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်သားသစ် အတင်းအကျပ် စုဆောင်းမှုများကြောင့် ဝေဖန်မှုများ မြင့်တက်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်အချို့ကလည်း စစ်သားသစ် စုဆောင်းမှုများရှိနေပြီး လူသစ်ခေါ်ယူများလည်း ပြုလုပ်နေသည်။
တပ်ဖွဲ့ဝင် လျော့နည်းသွားမှုများနှင့် ပတ်သက်ပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအနေဖြင့် လူထုကြား စည်းရုံးရေး အရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် CDF CDM Civic Defense Militia (Siyin)စီးယင်းအဖွဲ့ တာဝန်ရှိသူက မှတ်ချက်ပြုသည်။
“အရင်တုန်းက တော်လှန်ရေးလုပ်တယ်ဆိုတာ ဘယ်သူမှခိုင်းလို့ လုပ်တာမဟုတ်ဘူး။ ကိုယ့်ဟာနဲ့ကိုယ် တောထဲထွက်ပြီးအဖွဲ့စည်းဖွဲ့တယ်။ စခန်းလေးတွေလုပ်ကြတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ Gap (ကွာဟချက်) ဖြစ်သွားတာက ပြည်သူလူထုကို ရှင်းပြတဲ့ နိုင်ငံရေးအသိအမြင်ဆွေးနွေးမှုတွေ၊ စည်းရုံးရေးတွေ မလုပ်တဲ့အခါ ပြည်သူ့အရေးကနေ အလှမ်းကွာဖြစ်လာပြီးတော့ အယူလွဲမှုတွေ၊ ယုံကြည်မှုလျော့လာတဲ့ သဘောပါပဲ။ ပြည်သူအားလုံးရဲ့အသိတာဝန် ဝတ္တရားဆိုတာက နိုင်ငံ့အရေးဖြစ်တယ်ဆိုတာ အများကြီး ရှင်းပြဖို့လိုတယ်”ဟု CDF စီးယင်းမှ ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။
ငါးနှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် လေးရာကျော်တိုက်ပွဲတွင်း သေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ က ယခုနှစ်ဇန်နဝါရီလကုန်တွင်ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာရောက်ချင်းလူမျိုးများက ၂၀၂၁ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့သော ချင်းရေးရာအဖွဲ့သည် ပညာရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာကူညီမှုများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့တစ်ခုဖြစ်သည်။
“ဒီကိစ္စက အသက်လုံခြုံရေးနှင့်ပတ်သက်တဲ့အတွက် အချို့က တိမ်းရှောင်ကြတာလည်း ရှိတယ်။ ကျွန်တော် သိသလောက်တော့ အများအားဖြင့် ထောက်ခံကြပါတယ်။ သို့သော် အသက်မပြည့်သေးသော လူငယ်တွေ Recruit (စုဆောင်း) လုပ်တာမျိုး ရှောင်ဖို့တော့ ပြောနေကြတယ်”ဟု ချင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောသည်။
စစ်မှုမထမ်းမနေရ အစီအစဉ်အပေါ် စိုးရိမ်ပူပန်မှုများရှိနေပြီး လူငယ်လူရွယ်များ ပြည်မနှင့်ပြည်ပကို ထွက်ပြေးတိမ်းရှောင်မှုများရှိလာနိုင်ကြောင်း ချင်းလူငယ် နောက်တစ်ဦးက ပြောသည်။
“ချင်းတောင်ထက် ပြည်ပနိုင်ငံတွေမှာချင်းလူငယ်တွေ ပိုများတယ်ဆိုတာ လက်ခံရမယ့်အရှိတရားဖြစ်တယ်။ လူငယ်တွေက စကစနဲ့ တော်လှန်ရေးတွေရဲ့ ပြည်သူ့စစ်မှုထမ်းအစီအစဉ်တွေကို တိမ်းရှောင်ကြတာဟာ စစ်ရေးကိုအားပေးရင်တောင် ကိုယ်တိုင်ပါဝင်ဖို့ စိတ်မပါကြဘူးဆိုတာပါပဲ။ လူငယ်တွေကတော့ ရတဲ့လမ်းကြောင်းနဲ့ ပြည်မနဲ့ပြည်ပကို ဆက်ထွက်ခွာကြဦးမယ့် သဘောတွေမြင်နေရပါတယ်” ဟု ၎င်းက ဆိုသည်။
“လူထုကအရမ်းစိုးရိမ်တယ်။ မပျော်ကြတော့ဘူး။ လက်နက်ကအားကောင်းပြီးလူထုရဲ့ဆန္ဒကနောက် ရောက်သွားပြီ” ဟု ၎င်းကဆက်ပြောသည်။
တော်လှန်ရေးတပ်များ၏ လက်နက်ကိုင်ခုခံမှုကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် အာဏာသိမ်း စစ်တပ်သည်လည်း လိုအပ်နေသည့် စစ်အင်အားအတွက် ၂၀၂၄ နှစ်ဆန်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်မှုမထမ်းမနေရစနစ်ဖြင့် စစ်သားသစ် စုဆောင်းခဲ့ရာ နှစ်နှစ်ကျော်အတွင်း အင်အား တစ်သိန်းအထိ စုဆောင်းခဲ့သည်။
လူငယ်လူရွယ်များကို အတင်းအကျပ်ဖမ်းဆီးပြီးစုဆောင်းနေသည့် စစ်မှုထမ်းဥပဒေရန်ကြောင့် အများစုသည် ပြည်ပသို့ထွက်ပြေးရှောင်တိမ်းကြရသည်။
နိုင်ငံအလယ်ပိုင်း အပါအဝင် တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသများတွင် ပြီးခဲ့သည့် နှစ်ကုန်ကတည်းက စစ်ရေးအရှိန်မြှင့်တင်နေသော စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းကို ယမန်နှစ်ကုန်ပိုင်းကစ၍ အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းများဖြင့် မြေပြင်ဝေဟင်ညှပ်ပြီး ထိုးစစ်ဆင်နေသည်။
ဆက်သွယ်ရေးအရ အချက်အချာကျသည့် ဖလမ်းမြို့ကို ပြန်သိမ်းနိုင်ရန် စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဘက် ကလေး- ဂန့်ဂေါ- ဝေဘူလ လမ်းကြောင်းမှ စစ်ကြောင်းတစ်ခု၊ ကလေးမြို့မြောက်ဘက် ကလေး- တီးတိန်- သိုင်းငင်းမှ စစ်ကြောင်း တစ်ခု၊ ချင်းပြည်နယ် တီးတိန်မြို့နယ်မှတဆင့် ထွက်လာသည့် စစ်ကြောင်း သုံးခုညှပ်၍ ငါးလနီးပါးကြာ စစ်ကြောင်းထိုးနေသည်။
ထို့အပြင် အသေခံဒရုန်းများအပါအဝင် ဒရုန်းတိုက်ခိုက်မှုများသာမက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများကဆိုသည်။
ဖလမ်းထိုးစစ်ကို အင်အားဖြည့်ရန် ယခုလအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် သိုင်းငင်းလမ်းကြောင်း အတိုင်း စစ်ကား ရှစ်စီးတက်လာသဖြင့် တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်နေသည်။
“သိုင်းငင်းနဲ့ ဗားလုံကြားမှာ တွေ့နေတာ။ ခန့်မှန်းတော့ ၂၀၀၊ ၃၀၀ တော့ရှိတယ်။ သူတို့ဘက် ဒရုန်းနဲ့ တိုက်တာ ရှိတယ်။ ကျွန်တော်တို့ဘက်က အကျတော့မရှိဘူး။ ဆိုင်ကယ်တွေ၊ တချို့ ပျက်စီးတာလေးတွေတော့ ရှိတယ်။ ဗားလုံဘက်ဆိုတော့ ဖလမ်းကိုစစ်အင်အားလာဖြည့်တာ”ဟု ချင်းတော်လှန်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည့် CDF စီးယင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ငါးလကျော်ကြာဖလမ်းထိုးစစ်အတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး၊ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုသည် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုတွင် ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းရေးရာအဖွဲ့က ယခုလဆန်းတွင်ထုတ်ပြန်သည့် ဖလမ်းတိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းမောင်းသန်ရာ ဒေသဖြစ်သည့် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ကိုးခုအနက် ချင်းအမျိုးသားတပ်ဦးက တွန်းဇံ မြို့ကိုသိမ်းပိုက်ထားပြီး ချင်းညီနောင်က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်ကိုထိန်းချုပ်ထားပြီး စစ်တပ်က ပြည်နယ်မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့ပေါ်တို့တွင်သာ ခြေကုပ်ယူထားနိုင်သည်။



