ရှမ်းမြောက်ဒေသ တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ကွတ်ခိုင်မြို့အား မဟာမိတ်TNLA လက်ထဲမှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မူဆယ်- လားရှိုး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံး သာမက ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းများအားလုံး ကိုးကန့်တပ်ဖွဲ့ (MNDAA)က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများနှင့် နယ်စပ်ကုန်သည်များထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ MNDAA တပ်ဖွဲ့က CCTV များတပ်ဆင်မှုနှင့် ပတ်သက်၍ MNDAAနှင့် TNLA တပ်ဖွဲ့ကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။ ထို့နောက် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA ရုံးများအား TNLA က ပိတ်သိမ်းခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ပိုမိုမြင့်မားလာခဲ့ပြီးTNLA ထိန်းချုပ် သည့် နမ္မတူ၊ ကွတ်ခိုင်သို့ ကုန်စည်စီးဆင်းမှုကို MNDAA က ဖြတ်တောက်ခဲ့သည်။
ထို့နောက် တစ်လအကြာ ယခုလ ၁၄ ရက်နေ့တွင် MNDAA တပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
MNDAA က ကွတ်ခိုင်အား သိမ်းပိုက်ပြီးနောက် ယခုလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ လောက်ကိုင်မြို့အတွင်း ပြုလုပ်သည့် မဟာမိတ်နှစ်ဖွဲ့၏ ဆွေးနွေးပွဲရလဒ်အရ ကွတ်ခိုင်မြို့အား MNDAA အုပ်ချုပ်ရန် TNLA က သဘောတူလိုက်ရသည်။
ထိုမျှသာမက တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် ၁၀၅ မိုင်၏ အရှေ့မြောက်ဘက် ခုနစ်မိုင်ကျော်အကွာ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှပါ TNLA က ဖယ်ပေးလိုက်ရသည်။
တရုတ်- မြန်မာ ကုန်သွယ်မှုတွင် ယခင်က မူဆယ်မြို့ပေါ် ဂိတ်ငါးခုအနက် မန့်ဝိန်းဂိတ်ပေါက်ကိုအဓိက အသုံးပြုခဲ့ပြီး နောက်ပိုင်းကျင်စန်းကျော့ဂိတ်ကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
မြန်မာဘက်မှ လယ်ယာထွက်ကုန်တင်ပို့ပြီး တရုတ်ဘက်မှ စက်ပစ္စည်း၊ အထည်အလိပ်၊ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ တင်သွင်းရာတွင် အဓိကကျသည့်ဂိတ်တစ်ခုဖြစ်သည်။
၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် အခွန်ဆောင်ပြီးသော မြန်မာပို့ကုန်များကို ကျင်စန်းကျော့ဂိတ်မှ တရုတ်သို့ တင်ပို့ရခြင်းဖြစ်ပြီး အလားတူ တရုတ်ကလာသည့် ကုန်များကိုလည်း ၁၀၅ မိုင်တွင် အခွန်ဆောင်ပြီးမှ တင်သွင်းရခြင်းဖြစ်သည်။
ယနေ့ နံနက်တွင် ရှမ်းမြောက်ဒေသ အကြီးဆုံးကုန်သွယ်ရေးဇုန်ရှိရာ မူဆယ် (၁၀၅) မိုင်တွင် TNLA အလံများ ပြန်လည်လွှင့်ထူထားပြီး ကုန်သွယ်ရေးမှရရှိသည့် အခွန်အခ ဝေစု TNLA အား ခွဲပေးမည်ဖြစ်သော်လည်း ယခင်ကဲ့သို့ TNLA တပ်ဖွဲ့များ ယူနီဖောင်းဖြင့် ရုံးထိုင်သွားလာခွင့် မရှိတော့ဟု ညီနောင်သုံးဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
“ညီနောင်သုံးဖွဲ့အနေနဲ့ ဆက်ရှိနေတာကို ပြတဲ့သဘောနဲ့ အလံပြန်ထောင် ခွင့်ပြုတာ။ ကုန်သွယ်ရေးကရမယ့် ဝေစုတော့ရှိမယ်။ TNLA တပ်ဖွဲ့တွေတော့ ဒီမှာ နေခွင့်မပေးတော့ဘူး။ အဲဒီလိုသဘောလို့ သိရတယ်” ဟု ညီနောင်သုံးဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူ ကျင်စန်းကျော့- မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ TNLA တပ်ဖွဲ့ ဆုတ်ခွာပေးလိုက်ရ သည့်နေရာတွင် MNDAA တပ်ဖွဲ့က ထိန်းချုပ်လိုက်သည်ဟု သိရသည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးအား ဆက်သွယ်မေးမြန်းရာတွင် ဗဟိုမှ ညွှန်ကြားချက် မရှိ၍ အတိအကျ မဖြေနိုင်သေးဟုသာ တုံ့ပြန်သည်။
KIAနှင့် SSPP ပါ ဖယ်ရှားပေးရ
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်နယ်စပ် မူဆယ်မြို့နှင့် မိုင် ၃၀ အကွာ ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာကျေးရွာအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။
လက်ရှိတွင် နမ့်ဖတ်ကာကျေးရွာ အဝင်အထွက်နှင့် နမ့်ခိုင်တံတားတွင် KIA တပ်ဖွဲ့က အတားအဆီးများချ၍ အခွန်အခများ ကောက်ခံသကဲ့သို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ကလည်း မူဆယ်၊ နမ့်ဖတ်ကာကျေးရွာကြားရှိ နမ့်အွန်ရွာတွင် ဂိတ်ချ၍ အခွန်အခများ ကောက်ခံသည်။
MNDAAနှင့် TNLA တို့၏ တိုက်ပွဲအပြီးတွင် ကွတ်ခိုင်နှင့် မူဆယ်မြို့ကြားရှိ KIAနှင့် SSPP တို့၏ ငွေကောက်ခံသည့် ဂိတ်စခန်းများကိုပါ ဖယ်ပေးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
“ကိုးကန့်ဘက်က ဖယ်ပေးဖို့ တောင်းဆိုလို့ဆိုပြီး ဂိတ်တွေ ဖယ်ပေးလိုက်တာပဲ။ ဂိတ်တွေတော့ မရှိတော့ဘူး။ ရွာတွေမှာတော့ အဲဒီအဖွဲ့တွေ တပ်စွဲထားတုန်းပါပဲ။ ငွေကောက်တာမျိုးတော့ မရှိတော့ဘူး” ဟု နမ့်ဖတ်ကာ ကျေးရွာခံတစ်ဦးက ပြောသည်။
မူဆယ် (၁၀၅) မိုင်အပြင် ပြည်ထောင်စုလမ်းပေါ်ရှိ ကွတ်ခိုင်မြို့နယ် ဒေသခံများအား MNDAA တပ်ဖွဲ့ တာဝန်ရှိသူများက လိုက်လံတွေ့ဆုံနေပြီး မူလအတိုင်း ပုံမှန်နေထိုင်ကြရန်၊ TNLA ထံတွင် စစ်မှုထမ်း ခဲ့သူများရှိလျှင် သတင်းပို့ရန်နှင့် လက်နက်များရှိလျှင် လာရောက်အပ်နှံကြရန် ပြောဆိုခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထို့ကြောင့် နှစ်စဉ် ဒေါ်လာဘီလီယံချီကုန်သွယ်ခဲ့သည့် မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်မှ လားရှိုးမြို့အဝင်အနီးအထိ မိုင်ပေါင်း ၁၀၀ ကျော်(ကီလိုမီတာ ၁၆၀) ကျော်ရှည်လျားသည့် လားရှိုး- မူဆယ် အဝေးပြေး လမ်းမကြီးကို MNDAA တစ်တပ်တည်းကသာ ထိန်းချုပ်မည်ဟု ညီနောင်သုံးဖွဲ့နှင့် နီးစပ်သူများက မှတ်ချက်ပြုသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်တွင် စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးမြို့နှင့် မူဆယ်မြို့အား ဆက်သွယ်ထားသည့် ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးအား TNLAနှင့် MNDAA တပ်ဖွဲ့တို့က အများဆုံး ထိန်းချုပ်နိုင်ခဲ့သည်။
စစ်တပ်၏ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်အစပ် နောင်ချိုမြို့မှစ၍ လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်မြို့များအား TNLA က ထိန်းချုပ်နိုင်ခဲ့သည်။
လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းအား MNDAA တပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ်နိုင်ပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့ ကုန်သွယ်ရေးလမ်းအား MNDAA က မဟာမိတ် TNLA၊ AA တို့နှင့် ပူးတွဲ ထိန်းချုပ်ထားနိုင်ခဲ့သည်။

စစ်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် TNLA သည် ကုန်သွယ်ရေးလမ်းပေါ်ရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့များမှ ဆုတ်ခွာပေးခဲ့ရပြီး တရုတ်ကြားဝင်မှုကြောင့် MNDAA က လားရှိုး မြို့ပေါ် ရပ်ကွက် ၁၂ ခုကို စစ်တပ်ထံ လွှဲပေးထားရသည်။
သို့ရာတွင် လားရှိုးမြို့ကုန်သွယ်ရေးအတွက် အရေးပါသည့် လားရှိုးမြို့ရှောင်လမ်းအား MNDAA ဆက်လက် ထိန်းချုပ်ခွင့်ရထားသည်။
ထို့အပြင် လားရှိုးမှ ရှမ်းပြည်တောင်ပိုင်းသို့ သွားသည့် မိုင်းရယ်လမ်းပိုင်းအား MNDAA ဆက်လက် ထိန်းချုပ်ခွင့်ရထားရာ MNDAA အနေဖြင့် ရှမ်းမြောက်ကုန်သွယ်ရေးလမ်း အားလုံးနီးပါးအား စိုးမိုး ထားနိုင်ခဲ့သည်။
“အရင်က ချင်းရွှေဟော်လမ်းကြောင်းတစ်ခုပဲ ကိုးကန့်က အပြည့်အဝ ရထားတာ။ အခုက ကွတ်ခိုင်ကို ရပြီးတော့ လားရှိုး၊ မူဆယ်လမ်းကိုပါ ရသွားပြီဆိုတော့ ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုလုံးကို ကိုးကန့်က ရသွားပြီလို့ ပြောလို့ရတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တရုတ်နယ်စပ် မူဆယ်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင်ရှိသည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် လစဉ် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ကုန်သွယ်မှုရှိခဲ့သော နယ်စပ်ဂိတ်ကြီးတစ်ခု ဖြစ်သည်။
စစ်ကော်မရှင်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၃၁ သန်း တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ တင်သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၅၃ သန်း ရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)နှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်ခဲ့ပြီး နှစ်နှစ်နီးပါး ကြာသည်အထိ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ညီနောင်သုံးဖွဲ့က အခွန်ကောက်ခံသည့် စနစ်ကို ကျင့်သုံး၍ ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်မှာ ရှစ်လဝန်းကျင် ရှိခဲ့ပြီဖြစ်သည်။
သို့ရာတွင် အဆိုပါလမ်းကြောင်းတွင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် TNLA၊ KIA၊ SSPP၊ MNDAAနှင့် AA တပ်ဖွဲ့များ၏ များပြားလှသည့် ငွေကောက်ခံရေးဂိတ်များနှင့် အခွန်အခများကြောင့် ကုန်သည်အများစုသည် MNDAA တစ်ဖွဲ့တည်းသာရှိသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်လမ်းကြောင်းအား အဓိကရွေးချယ်ခဲ့ကြရသည်ဟု ကုန်သည်များက ဆိုသည်။

ချင်းရွှေဟော်နယ်စပ်လမ်း
MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသတွင် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်များရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့နှင့် အဓိကကုန်သွယ်မှုပြုသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် မန္တလေးမြို့မှ ၂၈၂ မိုင် အကွာတွင်ရှိပြီး လားရှိုးမြို့နှင့် ၈၅ မိုင် အကွာတွင်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်အတွင်း ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၈၃၇ သန်းခန့် ပို့ကုန် တင်ပို့နိုင်ခဲ့သည်။
တရုတ်သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၁၁ သန်း တန်ဖိုးရှိခဲ့သည်ဟု စစ်ကော်မရှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန စာရင်းများတွင် ဖော်ပြထားသည်။
ကွတ်ခိုင်မြို့အား MNDAA တပ်ဖွဲ့က သိမ်းပိုက်ပြီးနောက်တွင် တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် မူဆယ်၊ လားရှိုး ကုန်သွယ်ရေးလမ်းမကြီးအား MNDAA က ပြန်ဖွင့်ပေးလိုက်သည်။ တရုတ်နယ်စပ် ၁၀၅ မိုင် ကျင်စန်းကျော့နယ်စပ်ဂိတ်မှလည်း ကုန်ပစ္စည်းများ အဝင်အထွက် ပုံမှန်ပြန်ဖြစ်လာသည်ဟု ဒေသခံများထံက သိရသည်။
“တိုက်ပွဲဖြစ်ပြီး ဒီရက်ပိုင်း ရှမ်းမြောက်ဘက်က ဖရဲကားတွေ ကျင်စန်းကျော့ကွင်းထဲ ပြန်ရောက်လာတယ်။ တစ်ရက်ကို ၁၀ စီးလောက်တော့ ရှိတယ်။ တရုတ်ဘက်ကလည်း စားသောက်ကုန်တွေ၊ အထည်တွေပုံမှန်ပဲ ဝင်နေတယ်”ဟု ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ဒေသခံတစ်ဦးက ပြောသည်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အား ထိန်းချုပ်ထားသည့် လက်နက်ကိုင် တပ်ဖွဲ့များအား ကုန်ပစ္စည်း အခွန်အခများကို ယခင်အတိုင်း ပေးဆောင်နေရဆဲဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။
“ကျင်စန်းကျော့က အရင်ထက် ကုန်တွေ အဝင်အထွက် များလာတယ်။ တရုတ်ကလာတဲ့ ကုန်တွေ အတွက်ကတော့ ၁၀၅ မိုင်ဇုန်မှာပဲ ကိုးကန့် သတ်မှတ်တဲ့ ဈေးအတိုင်း ဆောင်ရတယ်။ ပစ္စည်းအမျိုးအစား အလိုက် သူတို့ အလီဘာဘာ ဝက်ဘ်ဆိုဒ်က ဈေးအတိုင်းပဲ ကောက်တုန်းပါပဲ”ဟု ကုန်သည်တစ်ဦးက ပြောသည်။
မူဆယ်၊ လားရှိုးလမ်းတွင် စစ်ဆေးရေးဂိတ်များ မရှိတော့သည့်အတွက် ယခင်ထက် ကုန်သယ်ဆောင်ရသည့် အချိန် ပိုမိုမြန်ဆန်လာသော်လည်း တရုတ်မှလာသည့် ကုန်များသည် ရှမ်းမြောက်ဒေသ လားရှိုးမြို့အထိသာ သယ်ဆောင်ခွင့်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။
စစ်ကော်မရှင်က တရုတ်ကုန်စည်များအား တရားမဝင်ကုန်အဖြစ် ဆက်လက်သတ်မှတ်ထားပြီး မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်မှ ဝင်လာသည့် ကုန်ပစ္စည်းများအား အခွန်ဆောင်ခွင့်မပြုဟု ကုန်သည်များက ဆိုသည်။
“ကိုးကန့်က သီပေါအစပ်အထိ သူတို့ ထိန်းထားတာကို စစ်တပ်က လားရှိုး၊ သီပေါလမ်းကြောင်းပေါ်ကနေ ကိုးကန့်ကို ဖယ်ခိုင်းနေတာလို့ ကျွန်တော်တို့သိထားတယ်။ ကိုးကန့်က မဖယ်ပေးတော့ တရုတ်ကုန်တွေ သယ်မရအောင် သီပေါတံတားကနေ စစ်တပ်က ပိတ်ထားတာဗျာ။ သီပေါတံတား မဖွင့်ပေးဘဲနဲ့တော့ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းက ပွင့်ဖို့မလွယ်ဘူး” ဟု ရှမ်းမြောက်အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။

ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ရန် MNDAA နှင့် စစ်တပ်တို့ ဆွေးနွေးမှုရလဒ်အပေါ်တွင် မူတည်သည်ဟု ရန်ကုန်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက မှတ်ချက် ပြုသည်။
“အခု ရှမ်းမြောက်ကုန်သွယ်ရေးလမ်းဖွင့်ဖို့က ကိုးကန့်နဲ့ တပ်ဆွေးနွေးဖို့ပဲ လိုတော့မယ်လို့မြင်တယ်။ တရုတ်ကလည်း ဒီလမ်းကြောင်း ဖွင့်ချင်နေတာပဲလေ။ တပ်နဲ့ ကိုးကန့်နဲ့ လိုတိုးပိုလျှော့ ဆွေးနွေးရင် တရုတ်ကလည်း ကြားဝင်ပေးရင်တော့ ဒီလမ်းကြောင်း ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။
ရှမ်းမြောက်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားသဖြင့် ကုန်သည်အများစုသည် ရှမ်းအရှေ့ပိုင်း မိုင်းလာဒေသမှတဆင့် တရုတ်နှင့် ကုန်သွယ်နေကြရသည်။
အဆိုပါလမ်းကြောင်းသည် ခရီးမိုင်ရှည်လျားပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိ၍ ကုန်ကျ စရိတ်များသောကြောင့် ကုန်သည်အများစုသည် ရှမ်းမြောက်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပွင့်လာရေးကို မျှော်လင့်နေကြသည်။




