အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကသာမြို့ဘုန်းကြီးကျောင်း  ဗုံးကြဲခံရမှု သေဆုံးသူ ၅၀ နီးပါး ရှိနိုင်

စစ်ရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို လေကြောင်းဗုံး တိုက်ရိုက်ထိမှန်ခဲ့စဉ်အတွင်း ကလေး သူငယ်များ၊ စစ်ရှောင်များနှင့် သံဃာများပါ ထိခိုက်သေဆုံးခဲ့ပြီး စစ်တပ်ထိန်းချုပ်နယ်မြေဖြစ်သည့် အတွက် အခြေအနေ အသေးစိတ် မသိရသေးပေ။

ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်းအထက်ပိုင်း ကသာမြို့တွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီး ကျောင်းတစ်ခု မတ်လ ၂၀ ရက်နေ့က လေကြောင်း ဗုံးကြဲခံရမှုကြောင့် ကလေးများ၊ သံဃာများနှင့် စစ်ရှောင်များ အပါအဝင် သေဆုံးသူ ၅၀ ထက်မနည်းရှိနိုင်ပြီး တိုက်ပွဲများလည်း ပြင်းထန်နေသည်ဟု ဒေသခံများ၊ တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြသည်။

ဆွမ်းစားချိန် ဖြစ်သည့် နံနက် ၁၁ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးသည် ကသာမြို့ ရပ်ကွက်(၃) ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထိုကဲ့သို့ သေဆုံးထိခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်းကို  ဗုံးတိုက်ရိုက် ထိမှန်ပေါက်ကွဲမှုကြောင့် ဆွမ်းစားနေသည့် ဘုန်းတော်ကြီးများအပြင် ဆွမ်းကပ်နေသည့် ဒကာ၊ ဒကာမများနှင့် စစ်ရှောင်များ၊​ ကလေးငယ်များပါ သေဆုံးခဲ့သည်ဟု မြို့ခံအမျိုးသားတစ်ဦးက မတ်လ ၂၀ ရက်နေ့ညပိုင်းက ပြောသည်။

“ဆွမ်းစားနေတဲ့အချိန် ကျောင်းထိုင်ဘုန်းကြီးနေတဲ့ လေးထပ်ဆောင်ကိုကြဲတာ၊ ဘုန်းကြီးတစ်ပါးမကဘူး ပျံလွန်တော်မူတယ်။ ဆွမ်းကပ်နေတဲ့ ဒကာ၊ ဒကာမတွေလည်း ဆုံးတယ်။ တခြားကလေးတွေ သက်ကြီး ရွယ်အိုတွေလည်း တော်တော်များများဆုံးတယ်” ဟု ကနဦးအခြေအနေအား ထိုသူက ပြောပြထားသည်။

ကနဦးတွင် ၂၀ ကျော် သေဆုံးသည်ဟု သိရသော်လည်း  ယနေ့ (မတ်လ ၂၃ ရက်နေ့) အထိ သတင်းများအရ သေဆုံးသူ ၅၀ ထက်မနည်းရှိနိုင်သည်ဟု  စုံစမ်းသိရသည်။

လေကြောင်းဗုံးကြဲခံရသည့် လေးထပ်ကျောင်းရှိသည့် ရပ်ကွက် (၃)သည် စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရှိနေသလို ထိုကျောင်းမှ စစ်ရှောင်အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် သေဆုံးသူများ၏ အမည်နှင့် အရေအတွက်အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ကသာမြို့ခံ​အမျိုးသားတစ်ဦးကလည်း ယနေ့ ပြောသည်။

“မနေ့ကအထိ ၅၀ ကျော်ပဲဗျ။ ဒီနေ့တိုက်ပွဲဖြစ်နေလို့ သူတို့လည်း ဘယ်မှမထွက်ရဲဘူး။ လေယာဉ်တွေလည်း တောက်လျှောက်ကြဲနေတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ကသာမြို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလဆန်းတွင် တိုက်ပွဲအရှိန်လျော့ကျခဲ့သည်။

သို့သော် မတ်လ ၁၉ ရက်နေ့မှစတင်၍ ကသာမြို့၌ တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး မတ်လ ၂၀ ရက် နံနက်တွင် မြို့မြောက်ဘက် ရပ်ကွက် (၈) အနီး စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက စတင် တိုက်ခိုက်ခဲ့သည်။ 

သို့သော် စစ်တပ်က လာရောက်ဗုံးကြဲခဲ့သည်မှာ မြို့အရှေ့မြောက်ဘက် ဧရာဝတီမြစ်ကမ်းအနီး ရပ်ကွက် (၃) ရှိ မဟာလေးထပ်ကျောင်းတိုက် ဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဒေသခံက ဆိုသည်။

“လေးထပ်ကျောင်းက ရှင်းရှင်းပြောရရင် စစ်ရှောင်တွေစုဝေးနေတာ။ ဘုန်းကြီးတွေရှိတယ်။ အဲဒီမှာ တိုက်ပွဲလည်းမဖြစ်ဘူး။ ဖြစ်တာက မြို့ရဲ့မြောက်ဘက်မှာဖြစ်တာ အဲဒါကို တမင်ဝင်ကြဲသွားတာ။​ မီးတွေ လည်းလောင်တယ်။ လူတွေလည်း တော်တော်သေတယ်။ ဘုန်းကြီးတစ်ပါးဆိုရင် အပင်အောက်မှာ ငုတ်တုတ်ထိုင်နေရင်းနဲ့ သေနေတာ။ တချို့ဆို ခြေတစ်ဖက် လက်တစ်ဖက်တွေ လွင့်စင်လို့”  ဟု ဗုံးကြဲခံ ရပြီးနောက် အခြေအနေကိုပြောပြသည်။

ယမန်နှစ် နှစ်ကုန်ပိုင်း တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ကသာမြို့ခံအများစုသည် နီးစပ်ရာမြို့ရွာများသို့ စစ်ရှောင်သွားပြီဖြစ်သော်လည်း အချို့မြို့ခံများကမူ မြို့ပေါ်၌ ကျန်နေဆဲဖြစ်ပြီး မြို့မြောက်ဘက်မှ မြို့ခံအချို့သည် လေးထပ်ကျောင်းတိုက်တွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ 

လေးထပ်ကျောင်းမှ မီးလောင်ကျွမ်းထားသော အဆောက်အအုံတစ်ခု။ (ဓာတ်ပုံ- ကသာ ပအဖ)

လေကြောင်း ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအပြင် အနီးအနားရှိ အဆောက်အအုံများလည်း မီးလောင်သွားခဲ့ပြီး သေဆုံးသူများတွင် မီးလောင်မှုကြောင့် အလောင်းပြန်ရှာမရသေးသူများလည်း ရှိနေသလို အချို့မှာ ခန္ဓာကိုယ်အပိုင်းအစ ပြတ်တောက်သွားသဖြင့် မည်သူမည်ဝါ ခွဲခြားနိုင်ခြင်းမရှိပေ။

မြို့ပေါ်ရှိစစ်တပ်က ဗုံးကြဲခံရသည့်နေရာရှိ အလောင်းများကို နေ့ချင်း ရှင်းလင်းခဲ့ပြီး အလောင်းအချို့ကို မြို့အနောက်တောင်ဘက်ရှိ ကျန်တောသုသာန်သို့ သယ်ဆောင်သွားသည်ဟု ဒေသခံများကို ကိုးကား၍ သိရသည်။

“ (မတ်လ ၂၀ ရက်နေ့) နေ့လယ်လောက်ကတော့ တပ်က လိုက်ထရပ်ကားတွေနဲ့ ကျန်တောသင်္ချိုင်းမှာ လာပြီးတော့ အလောင်းတွေ သွန်ချသွားတယ်တဲ့။  ဘယ်နှလောင်းလဲတော့ ဘယ်သူမှမသိဘူး” ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ အထက်ပါအမျိုးသားက ပြောသည်။

လေးထပ်ကျောင်း ဗုံးကြဲခံရ၍ ထိုနေရာတွင်ရှိနေသူ အများအပြား ထွက်ပြေးသွားကြသည်။ နောက်တစ်ရက်တွင် ကသာမြို့ပတ်လည်၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ သည်ဟု သိရသည်။

ယခင်က မြို့မြောက်ဘက် ရပ်ကွက်များတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့မှ စတင်၍ မြို့အနောက်ဘက်၊ အနောက်တောင်ဘက်ရှိ ခမရ(၃၀၉)နှင့် မြို့အရှေ့ဘက် ဧရာဝတီမြစ် ကမ်းအနီးတွင်ပါ တိုက်ပွဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“လေးဘက် လေးတန် ပိတ်တိုက်တဲ့သဘော။ အသံတွေ ဘက်ပေါင်းစုံက ကြားနေရတာ။ အဲဒီဗုံးကြဲတဲ့နေ့က ငြိမ်သွားသေးတယ်။ နောက်ပိုင်း ဆက်တိုက်ဆိုသလိုဖြစ်နေတာ။ ဒီနေ့က တော်တော်ဆိုးတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယမန်နေ့ညက ရပ်ကွက် (၆) ကို လေကြောင်းတိုက်ခိုက်မှုနှင့် ရပ်ကွက် (၅) နှင့် (၉) တို့တွင် တိုက်ပွဲများဖြစ်နေ၍ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်သွားကြပြီး ရပ်ကွက် (၉) မှ ဓမ္မသံဃာ့ပရိယတ္တိ စာသင်တိုက်တွင် စာသင်သားနှင့်သံဃာ ၂၀၀ နီးပါးလည်း ထွက်ခွာသွားသည်ဟုလည်း ဒေသခံများထံက သိရသည်။ 

“ ရပ်ကွက် (၅) နဲ့ ရပ်ကွက် (၉) မှာ တိုက်ပွဲတွေ အဓိက ဖြစ်နေတယ်။ ည ၁၂ တုန်းကလည်း ဂျက်နဲ့လာကြဲတယ်။ (၆) မှာလည်း ကြဲတယ်။  ရပ်ကွက် (၉) က လူတွေလည်း မနေ့ကနေစပြီးတော့ အထုပ်ကြီး၊ အထုပ်ငယ်တွေနဲ့ ပြေးပြီ။ (ဓမ္မသံဃာ့ပရိယတ္တိ စာသင်တိုက်) စာသင်သားတွေကလည်း ကားတွေနဲ့ ထွက်သွားပြီ။  ကျောင်းထဲမှာတော့ မရှိတော့ဘူး”ဟု ဒေသခံ စစ်ရှောင်အမျိုးသား နောက်တစ်ဦးက ပြောသည်။

အလားတူ စစ်တပ်ဘက်ကလည်း ၎င်းတို့လက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများကို ကယ်ထုတ်သွားကြောင်း ၎င်းက ဆိုသည်။

“ ရဲစခန်းကို ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ (PDF ဘက်က) ဖောက်နေတာ။ ကသာမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းတွေကို ဟတ်စကီးနဲ့ လာခေါ်သွားပြီ။ ပညာရေးမှူးတွေရော။  သုံးရက်ရှိပြီ အုပ်ချုပ်ရေးပိုင်းက မရှိတော့ဘူး။ စစ်တပ်ပဲရှိတော့တယ်” 

ကသာမြို့သိမ်းတိုက်ပွဲစတင်ချိန်က မြို့ပေါ်ရပ်ကွက်အချို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်ရှိတွင် ကသာမြို့ပေါ်ရပ်ကွက်အများစုနှင့် မြို့အနောက်တောင်ဘက်ရှိ အမှတ် (၃၀၉) ခြေမြန်တပ်ရင်းတို့ကို စစ်တပ်က ထိန်းချုပ်ထားသည်။

လက်ရှိတွင် ကသာမြို့ အမှတ် ၁၀၊ ၉၊  ၈၊ ၅၊ ၄ ရပ်ကွက် လေကြောင်း ဗုံးကြဲခံထားရပြီး ရပ်ကွက် ၁၀ တွင်မူ ထက်ဝက်နီးပါး မီးလောင်ပြာကျသွားကြောင်း စုံစမ်းသိရသည်။ 

စစ်ကိုင်း- ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိသည့် ကသာမြို့သည် ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းမှ ဝင်ရောက်နိုင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀၀၀၀ ကျော် နေထိုင်သည်။

ကသာမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျေးရွာအများစုကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်ခန့်မှ စတင် ထိန်းချုပ်ထားနိုင်သည်။

အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)က စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားပြီး မန္တလေးတိုင်းအတွင်းမှ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းနှင့် မတ္တရာတို့ကို စွန့်လွှတ်လိုက်ရသည်။

အီရန်စစ်ပွဲကြောင့် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအများစု လောင်စာဆီ အခက်အခဲ ဖြစ်ပေါ်နေပြီး လေယာဥ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဥ်အများစု ဖျက်သိမ်းထားရချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ရပ်နားခြင်း မရှိဘဲ နေ့စဉ်နီးပါး ဗုံးကြဲနေသည်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ သောကြာနေ့တွင် နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၅ မြို့နယ်၌ အာဏာသိမ်း စစ်တပ်က စစ်ရေးလှုပ်ရှားမှုနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း အရပ်ဘက်သုတေသနအဖွဲ့ ဖြစ်သည့် ဉာဏ်လင်းသစ်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတစ်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ အင်ဂျင်တပ်လေထီးတိုက်ခိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတွင် ထိခိုက်မှုအများဆုံးဖြစ်ကြောင်း ဆိုသည်။

Related Articles

Back to top button