အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

‘ဝ’တပ်ဖွဲ့ပိုင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် လူမှုဘဝ ထိခိုက်မှုများရှိဟုဆို

ရှမ်းပြည်အရှေပိုင်း၊ မိုင်းဆတ်မြို့၏ တောင်ဘက်ခြောက်မိုင်အကွာ လွန်ခဲ့သည့်နှစ် ၃၀ ဝန်းကျင်က ဝတပ်ဖွဲ့တောင်ပိုင်း၏ ဌာနချုပ်အဖြစ်ဖွင့်လှစ်ခဲ့သော ဝမ်ဟုန်ရွာအနီး နမ့်ခုတ်ချောင်းတစ်ဖက်ကမ်းတွင် ထိုစက်ရုံတည်ရှိပြီး လတ်တလောတွင် ဝတပ်ဖွဲ့၏ တပ်စခန်းများနှင့် စီပွားရေးလုပ်ငန်းများကို လျှပ်စစ်ပေးနေကြောင်း ထိုအဖွဲ့က ဆိုသည်။

ရှမ်းပြည်အရှေပိုင်း၊ မိုင်းဆတ်မြို့နယ်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့တွင် ထုတ်ပြန်သည်။ 

မိုင်းဆတ်မြို့တောင်ဘက် ခြောက်မိုင်အကွာ လွန်ခဲ့သည့်နှစ် ၃၀ ဝန်းကျင်က ဝတပ်ဖွဲ့တောင်ပိုင်း၏ ဌာနချုပ်အဖြစ် ဖွင့်လှစ်ခဲ့သော ဝမ်ဟုန်ရွာအနီး နမ့်ခုတ်ချောင်းတစ်ဖက်ကမ်းတွင် ထိုစက်ရုံတည်ရှိပြီး လတ်တလောတွင် ဝတပ်ဖွဲ့၏ တပ်စခန်းများနှင့် စီပွားရေးလုပ်ငန်းများကို လျှပ်စစ်ပေးနေကြောင်း ထိုအဖွဲ့က ဆိုသည်။ 

လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရန် လိုအပ်သော ကျောက်မီးသွေးလောင်စာကို ထိုစက်ရုံအနောက်တောင်ဘက် ၂၁ မိုင်ကျော်အကွာ မိုင်းတုံမြို့နယ်၊ နားပါကော်ကျေးရွာအနီး ကျောင်းမီးသွေးတွင်းမှ တူးဖော်၍ ဆယ်ဘီးကားကြီးများဖြင့် နေ့ရောညပါပို့ဆောင်ပေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ထိုလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းစီမံကိန်းကို ‘ဝ’တပ်ဖွဲ့ပိုင် Wan Hong Natural Energy ကုမ္ပဏီက လည်ပတ်လုပ်ကိုင်နေပြီး ကျောက်မီးသွေးတွင်းကိုလည်း ‘ဝ’တပ်ဖွဲ့၏ လုံခြုံရေးအစောင့်အရှောက်ဖြင့် တူးဖော်လည်ပတ်ခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောခွင့်ရ ယိင်းလျန်းဟန်က Myanmar Now ကို ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများသော ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံဖြစ်ခြင်းကြောင့်  ဒေသခံများအတွက် အကျိုးထက် အပြစ်ပိုများကြောင်း ၎င်းက ဆိုသည်။ 

“လျှပ်စစ်ဆိုတာက ဒေသခံတွေ ရမရဆိုတာလည်းမသေချာဘူး။ လက်ရှိမှာတော့ ဒေသခံတွေက ကျောက်မီးသွေးတူးဖော်မှုကြောင့် ယားနာတွေစဖြစ်နေပြီ။ ငါးတွေ စသေနေပြီ။ ဒီထက်ပိုဆိုးလာရင် ချောင်းတစ်ခုလုံး သုံးလို့မရတော့ဘူးဆိုရင် ဒေသခံတွေရဲ့ ရေအရင်းအမြစ်တွေ၊ စိုက်ပျိုးရေးတွေ အကုန်ထိခိုက်လာမှာပဲ” ဟု ၎င်းက ဆိုသည်။ 

စက်ရုံမှစွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ ‘ဝ’တပ်ဖွဲ့အနေဖြင့် မည်ကဲ့သို့စီမံနေသည်ကို မသိရ၍ ပတ်ဝန်းကျင်ထိခိုက်မှုရှိမည်ကို စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

ဓာတ်အားပေးစက်ရုံအတွက် နားပါးကော် ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများကို အသုံးပြုနေစဉ်။ (ဓာတ်ပုံ- ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်)

နမ့်ခုတ်မြစ်သည် မိုင်းဆတ်မြို့နယ်မှ ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်းစီးဆင်းသည့်နည်းတူ စီမံကိန်းသည်လည်း ထိုင်းနယ်စပ်အနီးတွင် တည်ရှိနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများအခြေအနေသည် မြန်မာဘက်မှ ဒေသခံများအပြင် အိမ်နီးချင်းထိုင်းနိုင်ငံအထိ သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ 

လျှပ်စစ်စီမံကိန်းသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖလုံဒေသနှင့် နယ်မြေဆက်စပ်လျက်ရှိသည့် ထိုင်းနယ်စပ်မှ ၁၂ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။ 

“(ထိုင်းနိုင်ငံအပေါ်မှာလည်း) အပြည့်အဝသက်ရောက်မှုရှိတယ်။ ဒီနမ့်ခုတ်မြစ်က အရင်ကတည်းက မြေရှားတူးတာကြောင့် ရေအရည်အသွေးတော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာ။ အခုလက်ရှိမှာက ဒါက ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံဖြစ်တဲ့အတွက် ရေအရည်အသွေးကို ပိုပြီးထိခိုက်သွားစေနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံစီမံကိန်းကြောင့် ဒေသခံများ၏ လူမှုစီးပွားထိခိုက်သည့် သာဓကများ ရှိထားပြီးဖြစ်ရာ ‘ဝ’ တပ်ဖွဲ့အနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးရန် စဉ်းစားဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။ 

ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများရှိနိုင်ကြောင် ထောက်ပြမှုများနှင်ပတ်သက်၍ ‘ဝ’တပ်ဖွဲ့ပြောခွင့်ရ ဦးညီရန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ 

စက်ရုံလည်ပတ်ရာတွင် ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်ရှိလာသည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများကြောင့် ဒေသခံများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအား တိုက်ရိုက်ထိခိုက်စေနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။ 

ထို့အပြင် အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင်သဖြင့် ကီလိုမီတာ ၈၀ ပတ်ချာလည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ဝမ်ဟုန်းရွာဒေသခံများ၏ အဆိုအရ အိမ်ပြင်ထွက်သည့်အခါ စက်ရုံမှ ကျောက်မီးသွေးနံ့များကို ရရှိနေသည်ဟု ဆိုသည်။ 

အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် မေလတွင် ထိုစက်ရုံသို့ အစိုးရတာဝန်ရှိသူများသွားရောက်ခဲ့ပြီး ထိုစဉ်က ထိုစီမံကိန်းမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်စွမ်းရှိရန် လျာထားပြီး ဝမ်ဟုန်ရွာမှတဆင့် တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အားပေးပို့ဖြန့်ဖြူးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင်မူ တာချီလိတ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းမရှိသေးဟု သိရသည်။ 

Related Articles

Back to top button