တော်လှန်ရေးတပ်ဖွဲ့အချို့ ဆုတ်ခွာသွားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်တပ်က ထိုးစစ်ဆင်၍ လေကြောင်းမှ တိုက်ခိုက်မည်ဟူသည့် သတင်းများကြောင့် မြို့အနောက်ဘက်ရှိ ကျေးရွာဒေသခံများ ဘေးလွတ်ရာနှင့် မိုးကုတ်မြို့တွင်းသို့ ရွှေ့ပြောင်းလာကြသည်ဟု မိုးကုတ်မြို့ခံများထံက သိရသည်။
မိုးကုတ်မြို့အနောက်ဘက် ၅ မိုင်မှ ၁၀ မိုင်အကွာရှိ ထင်းရှူးတောင်၊ ပြောင်ခေါင်း၊ ပန်လင်၊ အင်းချောက် စသည့် ကျေးရွာများ စစ်တပ်ထိုးစစ်ဆင်မည်ဖြစ်၍ ဒေသခံများအား ရွှေ့ပြောင်းခိုင်းထားသည်ဟု သိရသည်။
“ဒီရက်ပိုင်းထဲ ရွှေ့ပေးဖို့ဆိုပြီး ပြောထားတာ။ စစ်တပ်က စစ်ကြောင်း ထိုးမယ်၊ ဗုံးကြဲမယ်ဆိုပြီး သတင်း တွေ ထွက်နေတာ။ ရွာသားတွေ မိုးကုတ်မြို့ထဲ ဆင်းလာကြပြီ” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
မိုးကုတ်သို့ ရောက်လာသည့် ကျေးရွာသားများမှာ မြို့တွင်း၌ နေအိမ်များငှားရမ်းနေထိုင်ကြပြီး အချို့မှာ ဆွေမျိုးများ၏ နေအိမ်တွင် နေထိုင်ကြသည်ဟု သိရသည်။
“ဒီနေ့နဲ့ဆို သုံးရက်လောက်ရှိပြီပေါ့နော်။ ရွာသားတွေ ဆင်းလာကြတာ။ အခု မြို့ထဲမှာ အိမ်ငှားနေကြ တယ်။ အမျိုးတွေအိမ်မှာ နေတဲ့သူတွေလည်းရှိတယ်။ အိမ်ငှားတာ အဆင်မပြေလို့ တခြားမြို့ကို သွားဖို့ လုပ်နေကြတယ်” ဟု မိုးကုတ်မြို့အရှေ့ပိုင်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
တရုတ်အစိုးရ၏ ကြီးကြပ်မှုဖြင့် တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
နှစ်လနီးပါးအကြာ ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်ကော်မရှင်တပ်က မိုးကုတ်မြို့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပို့ဆောင်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ပြင်ဆင်ခဲ့သည်။
စစ်တပ် ပြန်ဝင်လာပြီးနောက် မိုးကုတ်အနောက်ဘက်ကျေးရွာအချို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များနှင့်တော်လှန်ရေးပူးပေါင်းတပ်များက အခိုင်အမာတပ်စခန်းများချပြီး ခုခံတိုက်ခိုက်နေ ရာ စစ်တပ်ဘက်မှ အကျဆုံးများခဲ့သည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် စစ်တပ်က မိုးကုတ်မြို့အနောက်ဘက်ရှိ ကျေးရွာအဝင်အထွက်လမ်းများအား မြို့နှင့်တစ်မိုင် ကျော်အကွာမှစ၍ ဖြတ်တောက်ပိတ်ဆို့ထားသည်။
ထို့ကြောင့် စစ်ရှောင်မည့် ကျေးရွာသားများမှာ မိုးမိတ်မြို့ဘက်မှ ပတ်၍ မိုးကုတ်မြို့သို့ ထွက်ပြေးလာကြရသည်ဟု ဒေသခံများထံက သိရသည်။
“မိုးကုတ်ကနေဆို အုန်းကိုင်းကျော်ပြီး သွားလို့မရဘူး။ စစ်တပ်က ပိတ်ထားတယ်။ အပေါ်ဘက်က ရွာကလူတွေက စစ်ရှောင်ဖို့ဆို အတော်ခက်တယ်” ဟု မိုးကုတ်မြို့ခံ နောက်တစ်ဦးက ပြောသည်။
စစ်တပ်က မိုးကုတ်မြို့အား အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက် တော်လှန် ရေးတပ်ဖွဲ့များရှိသည့် မြို့ အနောက်ဘက်ခြမ်းကျေးရွာများအား ထိုးစစ်ဆင်နေသော်လည်း ယခုလလယ်အထိ တော်လှန်ရေး တပ်ဖွဲ့များက မြို့ပတ်ဝန် ကျင်အား ဆက်လက် ထိန်းချုပ်ထားနိုင်သည်။
မိုးမိတ်–တွင်းငယ်လမ်းစစ်တပ်ထိန်းချုပ်သို့ရာတွင် စစ်တပ်က မိုးမိတ်–တွင်းငယ်လမ်းအား ထိုးစစ်ဆင်သိမ်းပိုက် ပြီးနောက် ယခုလ ၂၂ ရက်နေ့မှ စတင်ကာ မိုးကုတ်မြို့ပတ်ဝန်းကျင်မှ တော် လှန်ရေးတပ်ဖွဲ့အချို့ ဆုတ်ခွာခဲ့ရသည်ဟု NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“ထောက်ပို့လမ်းကြောင်းတွေ တော်တော်များများ ဖြတ်တောက်ခံရတော့ ပိတ်မိသလို ဖြစ်နေလို့ PDF တပ်ဖွဲ့တချို့ ဆုတ်လိုက်ရတယ်။ အကုန်တော့ မဟုတ်ပါဘူး။ ကျန်တဲ့အဖွဲ့တွေလည်း ဆက်ရှိတယ်။ ဘယ်အဖွဲ့တွေ ဆုတ်ပြီး ဘယ်အဖွဲ့တွေ ကျန်တယ်ဆိုတာတော့ လုံခြုံရေးအရ ပြောလို့မရပါဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
မိုးကုတ်မြို့ပေါ်တွင် စစ်ကော်မရှင်တပ်၏ ဌာနဆိုင်ရာများ ပြန်ရောက်နေသော်လည်း ယခင်အတိုင်း ဌာနဆိုင်ရာအားလုံး ရုံးဖွင့်၍ အလုပ်မလုပ်နိုင်သေးဟု မြို့ခံများထံက သိရသည်။ စစ်တပ်လက်အောက်ခံ ကျန်းမာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနကမူ လုပ်ငန်းများ ပုံမှန် လည်ပတ်နေသည်ဟု ဆိုသည်။
ကမ္ဘာကျော် ပတ္တမြားထွက်သည့် မိုးကုတ်မြို့တွင် ရပ်ကွက် ၅ ခုရှိပြီး လူဦးရေ တစ်သောင်းခြောက်ထောင် နီးပါး နေထိုင်သည်။ ကျေးရွာများတွင် နေထိုင်သည့် လူဦးရေက တစ်သိန်းရှစ်သောင်းကျော် ရှိသည်။
တိုက်ပွဲများကြောင့် မြို့ခံထက်ဝက်ကျော် နေရပ်စွန့်ခွာခဲ့ရသော မိုးကုတ်မြို့တွင် မြို့ခံအားလုံးနီးပါး နေရပ်ပြန်လာနေကြပြီဟု သိရသည်။
စစ်တပ်က မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်း မြို့များအား သိမ်းပိုက်ပြီး နောက် မိုးကုတ်–မန္တလေး လမ်းအား ထိန်းချုပ်နိုင်ခဲ့သည်။
ပြင်ဦးလွင်–မိုးကုတ်လမ်းနှင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ–မိုင်းလုံလမ်း၊ နောင်ချို–မိုးကုတ်လမ်း များအား ယမန်နှစ်ကတည်းက စစ်တပ်က ထိန်းချုပ်ထားနိုင်ရာ ရှမ်းပြည်မြောက်ပိုင်းနှင့် မြန်မာပြည်မရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက် ပို့လမ်းကြောင်းများ ပြတ်တောက်ခဲ့သည်။
တရုတ်အကူအညီဖြင့် TNLA လက်မှ မိုးမိတ်မြို့အား ထိန်းချုပ်ခဲ့သည့် စစ် တပ်သည် ယခုလအစပိုင်းမှ စတင်ကာ မိုးမိတ်မြို့မှ တွင်းငယ်လမ်းအတိုင်း ထိုးစစ်ဆင်ခဲ့ပြီး မိုးကုတ်မြို့နှင့် မိုင် ၆၀ အကွာရှိ အမှတ် ၁၃ တန်းမြင့် လေ့ ကျင့်ရေးကျောင်းမှ မိုးမိတ်မြို့သို့ နှစ်ဖက်ညှပ်၍ ထိုးစစ်ဆင်ခဲ့ရာ ယခုလ ၂၄ ရက်နေ့တွင် မိုးမိတ်မြို့နှင့် တွင်းငယ်လမ်းဆုံအား ထိန်းချုပ်နိုင်ခဲ့သည်။
“မိုးမိတ်–တွင်းငယ်လမ်းက မိုးကုတ်ခံစစ်အတွက် အရေးပါတယ်။ စစ်တပ်က အဲဒီလမ်းကို ရတော့ မိုးကုတ်ပတ်လည်က တော်လှန်ရေးအဖွဲ့တွေ ကြားညှပ်ပြီး ပိတ်မိသလိုဖြစ်လို့ ဆုတ်ပေးလိုက်ရတာလည်း ဖြစ်နိုင်တယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ လမ်းပိုင်းအား စစ်တပ်က ရသော်လည်း မိုးမိတ်မြို့အထွက် လေးမိုင်၊ ခုနှစ်မိုင် ကျေးရွာများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF တပ်ဖွဲ့များက တပ်စွဲထားဆဲဖြစ်သည်။
“မိုးမိတ် မြစ်ဆုံဘက်ကိုတော့ စစ်တပ်က မရောက်နိုင်သေးပါဘူး။ မဘိမ်းမှာ KIA ရှိတော့ အဲဒီ လမ်းကြောင်းကို KIA က ဆက်ထိန်းမယ့် သဘောရှိတယ်” ဟု မိုးမိတ်မြို့ခံ တစ်ဦးက ပြောသည်။
TNLA ထံက ပြန်လွှဲပြောင်းယူခဲ့သည့် မိုးမိတ်မြို့အား စစ်တပ်က ပြန်ထိန်းချုပ်ခဲ့သော်လည်း မိုးမိတ်– တွင်းငယ်လမ်းနှင့် မိုးမိတ်မြို့ပတ်ဝန်းကျင်အား KIA ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ စစ်ကိုင်း အခြေစိုက် တော်လှန်ရေးတပ်များ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားခဲ့သည်။
လက်ရှိတွင် မိုးမိတ်–တွင်းငယ်လမ်းမှ တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့ရသလို စစ်တပ်က မိုးမိတ်မြို့ ပတ်ဝန်းကျင်အား ဆက်လက် ထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထောက်ပို့အားရော၊ လက်နက်အား ရောက ရှမ်းမြောက်စစ်ပွဲတွေ ငြိမ်သွားပြီးကတည်းက ဖြတ်တောက်ခံရသလို ဖြစ်သွားတယ်။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေ စုစည်းနိုင်တဲ့အား နည်းခဲ့တာလည်း ပါတယ်။ အဲဒါကြောင့် အခုနေရာတွေက ပြန်ပါသွားတာ” ဟု မိုးကုတ် တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်တပ်က မိုးမိတ်မြို့အား ထိန်းချုပ်နိုင်သော်လည်း နယ်မြေစိုးမိုးနိုင်မှု နည်း နေသေးသည်ဟု ဆိုကာ ဌာနဆိုင်ရာများအား ပို့ဆောင်ခြင်း မရှိသေးဟု မိုးမိတ်မြို့ ဌာနဆိုင်ရာများနှင့် နီးစပ်သူများထံက သိရသည်။
“ဝန်ထမ်းတွေ ပြန်ဝင်ဖို့တော့ ဘာမှ မပြောသေးပါဘူး။ မြို့ထဲ ပုံမှန်ဖြစ်ဖို့ တပ်က မြို့ပတ်လည်ကို ဆက် ရှင်းဦးမယ်ထင်တယ်။ အခြေအနေ အေးဆေးမှ ဝင်ခိုင်းမယ့် သဘောရှိတယ်။ မြို့နားမှာ KIA အဖွဲ့တွေ ရှိသေးတာကိုး” ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
စစ်တပ်ထိုးစစ်မှာ ရှမ်းပြည်နှင့် ပြည်မ တော်လှန်ရေးအဆက် ဖြတ်ရန်ဖြစ်ပြီး မိုးမိတ်မြို့မှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ ကချင်ပြည်နယ်အစပ် မဘိမ်းမြို့အထိ ထိုးစစ် ရောက်လာနိုင်သည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်သည်။



