သမ္မတအနေနဲ့ ကျန်းသစ္စာဆိုဖို့ရောက်လာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်ထောင်စုလွှတ်တော် နာယကဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးက နာယကထိုင်ခုံပေါ်ကနေဆင်းကြိုပြီး ဦးညွှတ်တာကို တွေ့ရပါတယ်။
ဒါဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်မှာ အာဏာရှိသူဟာ မင်းအောင်လှိုင်တစ်ယောက်ထဲဆိုတာ ပေါ်လွင်စေတယ်လို့ ဦးသိန်းစိန်လက်ထက် အစိုးရအဖွဲ့ဝင်တစ်ယောက်က ထောက်ပြပါတယ်။
ဦးသိန်းစိန် သမ္မတအနေနဲ့ ကျမ်းသစ္စာဆိုဖို့ ပြည်ထောင်စုလွှတ်တော်ကိုရောက်လာချိန်မှာ အဲ့ဒီတုန်းက လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဦးမညွတ်ခဲ့သလို၊ ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကို ဦးခင်အောင်မြင့်က ဦးရွှေမန်းကို လွှဲပြောင်းတဲ့အချိန် ဦးသိန်းစိန် လွှတ်တော်လာချိန်မှာလည်း ဦးရွှေမန်းက ဦးမညွတ်ခဲ့ဘူးလို့ သူက ပြောပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ ၂၀၁၆ခုနှစ်၊ မတ်လ ၃၀ရက်နေ့က အရပ်သားသမ္မတဦးထင်ကျော်နဲ့ ၂၀၁၈ခုနှစ်က သမ္မတဦးဝင်းမြင့်တို့ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောချိန် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက သူ့ရဲ့နာယကစင်မြင့်ပေါ်က ထိုင်ခုံပေါ်မှာပဲ ထိုင်နေတာကို တွေ့ရပါတယ်။
ဒါပေမယ့် ဒီကနေ့မှာတော့ မင်းအောင်လှိုင်က မိန့်ခွန်းမပြောခင်မှာ လွှတ်တော်နာယက ထိုင်ခုံပေါ် တက်ထိုင်ခဲ့သလို မိန့်ခွန်းပြောချိန်မှာလည်း လွှတ်တော်နာယက အောင်လင်းဒွေးက စင်အောက်ဆင်းပြီး နားထောင်ခဲ့ရပါတယ်။
သူ့ကိုယ်သူ သမ္မတဘွဲ့ခံယူပြီး ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံးပြောကြားတဲ့ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအဖွင့်မှာ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့ဆိုတဲ့ အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေကို ထပ်မံပြောဆိုခဲ့ပြီး၊ အဲ့ဒီအချက်ကိုပဲ စစ်တပ်အာဏာသိမ်းရတဲ့ အကြောင်းရင်းအဖြစ် ထပ်လောင်းဖော်ပြခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး ငါးနှစ်ကျော်အကြာ ဒီကနေ့ ဧပြီလ ၁၀ရက်နေ့မှာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အိပ်မက် သမ္မတရာထူးအတွက် နေပြည်တော်က ကျမ်းသစ္စာကျိန်ဆိုပွဲအကြောင်း ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
စထွန်းအောင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



