အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းအောင်လှိုင်ခန့် ဝန်ကြီး ၁၅ ဦးထက်မနည်း နိုင်ငံတကာဒဏ်ခတ်ခံထားရသူများဖြစ်၊ ထပ်တိုး အရေးယူရန် တောင်းဆို

ပြည်ထောင်စုဝန်ကြီး ၃၀ ဦးအနက် သမ္မတရုံး၊ သမ္မတရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာ အခွန်၊ နယ်စပ်ရေးရာ၊ ဥပဒေရေးရာ၊ ကျန်းမာရေး၊ စက်မှုနှင့် လူမှုရေးဝန်ကြီး ၁၂ ဦးသည် အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့မှုစာရင်းထဲတွင် ပါဝင်နေခြင်းဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်ထားသော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနက် ၁၅ ဦးထက်မနည်းသည် နိုင်ငံတကာအရေးယူ ပိတ်ဆို့ခံထားရသူများဖြစ်ပြီး ထပ်တိုးအရေးယူမှုများချမှတ်ရန် တက်ကြွလှုပ်ရှားသူအချို့က တောင်းဆိုနေသည်။

ပြီးခဲ့သည့်နှစ်ကုန်နှင့် ယခုနှစ်ဆန်းတွင် စစ်တပ်က အပိုင်းသုံးပိုင်းခွဲကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ဖြင့် ပေါ်ပေါက်လာသော စစ်အုပ်စု၏ လွှတ်တော်တွင် မင်းအောင်လှိုင်က သမ္မတအဖြစ် ဘွဲ့ထူးခံယူခဲ့ပြီး ၎င်းစိတ်တိုင်းကျခန့်အပ်ခဲ့သော ဒုတိယသမ္မတနှစ်ဦး၊ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၊  တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ၁၄ ဦးတို့သည် ယခုနှစ် ဧပြီလ ၁၀ ရက်တွင် အသီးသီးကတိသစ္စာပြုခဲ့ကြသည်။

မင်းအောင်လှိုင်ကိုယ်တိုင်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ( အီးယူ/European Union) ၊ ကနေဒါနှင့် ဩစတြေးလျတို့က အရေးယူပိတ်ဆို့ထားပြီး ဒုတိယ သမ္မတဖြစ်လာသူ ဗိုလ်ချုပ်ကြီးဟောာင်း ညိုစောကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားကြောင်း နိုင်ငံတကာပိတ်ဆို့မှုစာရင်းများအရ သိရသည်။ 

ထို့အပြင် မင်းအောင်လှိုင်ခန့်အပ်ထားသော ပြည်ထောင်စုဝန်ကြီး ၃၀ ဦးအနက် သမ္မတရုံး၊ သမ္မတရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာ အခွန်၊ နယ်စပ်ရေးရာ၊ ဥပဒေရေးရာ၊ ကျန်းမာရေး၊ စက်မှုနှင့် လူမှုရေးဝန်ကြီး ၁၂ ဦးသည် အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့မှုစာရင်းထဲတွင် ပါဝင်နေကြောင်း သိရသည်။ 

တိုင်းနှင့်ပြည်နယ်ဝန်ကြီး ၁၄ ဦးအနက် ပဲခူး၊ ကချင်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် သုံးဦးကို အမေရိကန်က အရေးယူပိတ်ဆို့ထားကြောင်း သိရသည်။ ထို့ကြောင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သုံးပုံတစ်ပုံသည်  နိုင်ငံတကာပိတ်ဆို့မှု ခံထားရသူများ ဖြစ်နေကြသည်။

ရောပသမဂ္ဂ( အီးယူ) နှင်နိုင်ငံတကာက အရေးယူပိတ်ဆို့ခံထားရသည့် ဝန်ကြီးများ

စစ်ခေါင်းဆောင်သည် ၎င်းကို သစ္စာခံသူများနှင့် လူယုံများကို ဝန်ကြီးရာထူးများပေးအပ်ခဲ့ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက ပြောသည်။ 

၎င်းတို့အနက် အာဏာသိမ်းပြီး ငါးနှစ်ကျော်တိုင် အရပ်သားများကို သတ်ဖြတ်ရာတွင် စစ်တပ်အတွက် အဓိကအားထားရသည့် လေကြောင်းတိုက်ခိုက်မှုများကို ဦးဆောင်သူ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က ကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။ ၎င်းကို အီးယူနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူထားသည်။ 

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ရန်ကုန်ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်။

ထိုကာလတွင် ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ရန်ကုန်မြို့ဆန္ဒပြသူများကို ပစ်ခတ်၊ သတ်ဖြတ်ရာတွင် အဓိကတာဝန်ရှိသူဖြစ်ပြီး၊ ၎င်းကို ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါအစိုးရတို့က လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အရပ်သားများအပေါ် ပြစ်မှုကျူးလွန်မှုတို့ဖြင့် ပိတ်ဆို့အရေးယူထားသည်။

ကိုယ့်ကိုယ်ကိုယ် သမ္မတခန့်ထားသည့် မင်းအောင်လှိုင်အပါအဝင် ၎င်းခန့်အပ်ခဲ့သည့် ဝန်ကြီးအများအပြားသည် နိုင်ငံတကာက ပစ်မှတ်ထားအရေးယူပိတ်ဆို့ခံထားရသူများဖြစ်သလို နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ကြောင်းစွပ်စွဲခံထားရသူများဖြစ်ရာ ၎င်းတို့၏ ဦးတည်ချက်မှာ ရှင်းရှင်းလင်းလင်း အဖြေထွက်နေပြီး ဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

ရွေးကောက်ပွဲကို လက်နက်သဖွယ်အသုံးချပြီး တရားဝင်မှုရရန် ကြိုးပမ်းသည့် စစ်အုပ်စု၏ စုဖွဲ့မှုများကို နိုင်ငံတကာအဝန်းအဝိုင်းက နိုင်ငံရေးအရ အသိအမှတ်မပြုရန်၊ တရားဝင်မှုမပေးရန်အရေးကြီးသည့်အပြင် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သော စီပွားရေး၊ ဘဏ္ဍာရေး၊ လက်နက်နှင့် လေယာဉ်ဆီဝယ်ယူမှုများကို ဆက်လက်ပိတ်ဆို့အရေးယူရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

“ဆက်ပြီးအရေးယူမှုတွေ ပိုပြီးလုပ်နိုင်ဖို့အတွက်ကို ဆက်ပြောနေရမယ့်ကာလဖြစ်တယ်။ ပိုတောင် ပြောရမယ့်ကာလဖြစ်တယ်။ အဲ့ဒီလိုမျိုးမလုပ်ဘူးဆိုရင် အန္တရာယ်ကြီးတယ်” ဟု ၎င်းက ပြောသည်။ 

“စစ်အုပ်စုကို သွားပြီး တရားဝင်မှုပေးလိုက်လို့ရှိရင် ပြီးရင် အရင်ပိတ်ဆို့အရေးယူထားတဲ့ ဟာတွေကိုများ မတော်တဆပြန်ပြီး ရုပ်သိမ်းဖို့အတွက် ဆုံးဖြတ်လိုက်လို့ရှိရင် မြန်မာနိုင်ငံပြည်သူလုထုအတွက် ပြီးသွားရင် တိုင်းပြည်မှာ တည်ငြိမ်ပြီးတော့မှ ရေရှည်တည်ငြိမ်အေးချမ်းတဲ့အဖြေကို ထုတ်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ဖို့အတွက် လုပ်နေတဲ့ဟာတွေအကုန်လုံးက အန္တရာယ်လာဖြစ်မယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အတုအယောင်ရွေးကောက်ပွဲလုပ်၍ စစ်တပ်ကြီးစိုးပြီး စစ်အုပ်စုဦးဆောင်သော လွှတ်တော်အတု၊ အစိုးရ အတုကို ၎င်းတို့ကိုအမြဲထောက်ခံသော ပုလင်းတူဘူးဆို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ထောက်ခံကြိုဆိုကြသော်လည်း အခြားသောကမ္ဘာ့နိုင်ငံများက ထောက်ခံကြိုဆိုခြင်းမရှိသည်ကို တွေ့ရကြောင်း သူက ဆိုသည်။ 

သို့ရာတွင် စစ်အုပ်စုအနေဖြင့် ဟန်ပြရွေးကောက်ပွဲမှတဆင့် တရားဝင်မှုရရန်ကြိုးပမ်းနေပြီး မြန်မာ လူထုအတွက်ဟုဆိုကာ လော်ဘီအုပ်စုများငှားရမ်း၍ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများမှ လွတ်မြောက်ရန် ကြိုးပမ်းနိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင် အမျိုးသားတစ်ဦးက ပြောသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာကို အရေးယူပိတ်ဆို့မှုများချမှတ်ရာတွင် အမေရိကန်နိုင်ငံကသာ အဓိက ဦးဆောင်ချမှတ်ခဲ့ပြီး ထိုပိတ်ဆို့မှုများဖယ်ရှားရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရကြောင်း ယခုအခါ စစ်အုပ်စုကို အမေရိကန်၊ အီးယူ၊ ဗြိတိန်နှင့် အခြားနိုင်ငံများ ပိတ်ဆို့ထားခြင်းကြောင့် ပိတ်ဆို့မှုများမှ လွတ်မြောက်ရန် မလွယ်ကြောင်း ၎င်းက ဆိုသည်။ 

“Sanction(အရေးယူပိတ်ဆို့မှု) တွေက နိုင်ငံရေးနဲ့ အများကြီးပါဝင်ပတ်သက်တယ်လေ။ အဲ့ဒီတော့ နိုင်ငံရေးဖြေလျှော့မှုမရှိသမျှ ကာလပတ်လုံး ဒီဟာအတွက်က လုပ်နိုင်ဖို့မလွယ်ဘူး” ဟု ၎င်းက ဆိုသည်။ 

ယခင်က အရေးယူပိတ်ဆို့မှုများကြောင့် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မဆလအစိုးရလက်ထက်မှ ဦးသိန်းစိန် အစိုးရလက်ထက်အထိ ထိုအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုစဉ်က စီးပွားရေး ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်၍ ထိခိုက်မှုသက်သာသော်လည်း လက်ရှိတွင် စီးပွားရေးတံခါးဖွင့်ပြီးမှ ကြုံကြိုက်ရခြင်းဖြစ်ရာ သက်ရောက်မှု ပို၍ ပြင်းထန်ခဲ့သည်။
စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကြောင့် အခက်အခဲအချို့ရှိပြီး ထိုအခက်အခဲများကို ကျော်လွှားနိုင် သည်၊ ဒဏ်ခတ်ပိတ်ဆို့မှု ဖိအားများကြောင့် မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှု မရှိနိုင်ဟု ၂၀၂၅ ခုနှစ် မတ်လက နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button