အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နတ်တလင်း လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ဦးသေ၊ ရွာလုံးကျွတ် မီးလောင်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက် ကျေးရွာများတွင် ဧပြီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြေပြင် စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး  နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ကြောင်း ဒေသခံများ၊ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်က  မြို့အရှေ့မြောက်ဘက် ကိုးမိုင်ခန့်အကွာ  ချောင်းကမ်းကြီးနှင့် ကျွန်းလေးပင်ရွာတို့ကို အင်ဂျင်တပ်လေထီး (ပါရာမိုတာ) သုံးစီးဖြင့် ဗုံးရှစ်လုံးခန့် ကြဲချခဲ့စဉ် ကျွန်းလေးပင်ရွာသား ကိုလပြည့်ဝန်း သေဆုံးခဲ့သည်။ ထိုနေ့ညပိုင်းတွင် မြို့အရှေ့ဘက် ၁၆ မိုင်ကျော်အကွာ တောင်ညိုဆည်၏တောင်ဘက်ကပ်လျက်ရှိ မကျီးပင်ကျေးရွာ စက်လှေဂိတ်ကို လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း အသက် ၃၀ ခန့်အရွယ် ကိုထွန်းထွန်းဦး သေဆုံးခဲ့ကြောင်း၊ ဒေသခံနေအိမ်များ မီးလောင်ခဲ့ပြီး အရေအတွက် အတိအကျမသိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးနှင့် စစ်ရှောင်အရေး ကူညီနေသူတစ်ဦးထံက သိရသည်။ 

“တောက်လျှောက်ကြီး နေ့ရှိသမျှ၊ ဖိုက်တာနဲ့ချလိုက်၊ ပါရာမိုတာနဲ့ချလိုက်၊ ဒရုန်းနဲ့ချလိုက်၊ မချတဲ့နေ့ကို မရှိဘူး။ ပြီးတော့ ပေါင်းတည်ဘက်ကနေ ၁၂၀ နဲ့လှမ်းထု။ တောက်လျှောက်ကြီးကို လုပ်နေတော့၊ ပြည်သူတွေ အရမ်းဆင်းရဲဒုက္ခရောက်နေတယ်။ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ ဆေးဝါး လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ နတ်တလင်းဒေသခံအမျိုးသမီးတစ်ဦးပြောသည်။

ယမန်နေ့ (ဧပြီလ ၁၂ရက်နေ့) က မြို့အရှေ့ဘက် ၁၄ မိုင်ကျော်အကွာ အိမ်ခြေ ၁၀၀ ကျော်ရှိ ဘန့်ကွေးကုန်းရွာကို စစ်တပ်က ဒရုန်းဗုံးကြဲခဲ့စဉ် ရွာလုံးကျွတ်နီးပါး နေအိမ်များ မီးလောင်ခဲ့ပြီး ယင်းနေ့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။ အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။  ထိုရွာသည် ဧပြီလ ၉ ရက်က ဗုံးကြဲခံရသော မကျီးပင်ရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ 

“ဒီကောင်တွေက မနေ့ကဆို ဘန့်ကွေးကုန်းရွာကို မီးရှို့ပြီးရင် ကျောက်ခွက်မှာ အထိုင်ချ၊ နံနက်ကျတော့ နတ်တလင်းမြို့နဲ့ နီးတဲ့ နေရာကို တပ်ပြန်ဆုတ်၊ အဲဒီလို လုပ်ပြနေတာ” ဟု  နတ်တလင်းမြို့နယ်တွင် လှုပ်ရှားနေသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။

“စစ်ကြောင်းက အင်အားအများကြီးမဟုတ်ဘူး။ တစ်ရာလောက်ကို စစ်ကြောင်းသုံးကြောင်းလောက်နဲ့ ညှပ်ပြီး ထိုးနေတာ”

မြို့ပေါ် အခြေစိုက် စစ်တပ်၊ မြို့အရှေ့ဘက် ရှစ်မိုင်ခန့်အကွာရှိ ဒမငယ်ကျေးရွာတို့တွင် ဖေဖော်ဝါရီလကတည်းက တပ်စွဲထားသည့်  စစ်တပ်တို့ ပူးပေါင်းထားသည့် စစ်ကြောင်း သုံးကြောင်း ထက်မနည်းက  ဧပြီလ ၅ ရက်နေ့မှစတင်၍ လှုပ်ရှားနေခြင်း ဖြစ်သည်။

ထိုနေ့က မြို့အရှေ့ဘက် ခြောက်မိုင်ကျော်အကွာ ကံသာယာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးလိုက်သည်၊ ထို့အပြင်  အနီးရှိ ပဲမခမ်းရွာကို လက်နက်ကြီး၊ ဒရုန်း၊ အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခဲ့စဉ် အရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။  ကံသာယာကျေးရွာမှ ရွာသားများ အဖမ်းခံထားရဆဲ ဖြစ်သည်။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း  စစ်တပ်က ကံသယာနှင့် ပဲမခမ်းရွာတို့တွင် အခြေချတပ်စွဲလိုက်ပြီးနောက် တောင်ညိုဆည်ဘက်သို့သွားသော လမ်းတစ်လျှောက်ကျေးရွာများကို ဆက်လက်စီးနင်းဗုံးကြဲနေသည်ဟု ပြောသည်။ 

“ပဲမခမ်းရွာကိုလက်နက်ကြီး ဒရုန်းပါရာမော်တာတွေနဲ့ ရွာကျေအောင်လုပ်ပြီးဝင်လာတာပါ။ ပဲမခမ်းပြီးတော့ သာယာကုန်းရွာထဲ ထပ်ဝင်ပါတယ်။ သာယာကုန်းရွာကနေ ချောင်းခမ်းကြီး ကျွန်းလေးပင် ရွာတွေကို လက်နက်ကြီး ဒရုန်း၊ ပါရာမော်တာတွေနဲ့ ဆက်ပစ်ပြီး ရှေ့ကိုဆက်တိုးလာနေပါတယ်“ ဟု ၎င်းက ဆိုသည်။

ယခုအခါ စံကြီးလောင့်ရွာတွင် စစ်ကြောင်းတစ်ခု၊ ငုတ်တရာရွာ (ဒေသအခေါ် ငုတ်တိုရွာ) တွင် စစ်ကြောင်းတစ်ခု၊ သာယာကုန်းရွာတွင် စစ်ကြောင်းတစ်ခု တပ်ဖြန့်ထားကာ ကျောက်ဆွယ်၊ ကျောက်ခွက်ကျေးရွာများဘက် ထိုးဖောက်ရန် ပြင်နေကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

 ကံသာယာ၊ ပဲမခမ်း၊  သာယာကုန်း၊ ချောင်းခမ်းကြီး၊ ကျွန်းလေးပင်၊ စံကြီးလောင့်၊ သရက်ပင်ကံရိုး၊ ညောင်ဝိုင်း၊ ဖလံပင် ၊ ရှားစေးဖို၊ ကျောက်ဆွယ်၊ ကျောက်ခွက်၊ လယ်မအင်း၊ မကျီးပင်၊ အိုးဖိုကုန်း၊ ဘန့်ဘွေးကုန်း၊ ခွေးသေ၊ သခွတ်ကုန်းစသော ၁၈ ရွာထက်မနည်းမှ ဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရကြောင်း သိရသည်။

ရွာများ ကြေမွပျက်စီးနေချိန် ဒေသခံတို့ ရှင်သန်ရေးအတွက် ထွက်ပြေးကြရစဉ် ရေရှားပါးခြင်း၊ ရာသီဥတု လွန်စွာ ပူပြင်းခြင်း၊   စားစရာမရှိခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု   အထက်ပါ ဒေသခံ အမျိုးသမီးက ဆိုသည်။

ဧပြီလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ကျွန်းလေးပင်ရွာရှိ အိမ်ခြေ ၂၀၊ ရှားစေးဖိုနှင့် ဒမငယ်ရွာရှိ နေအိမ်အချို့၊ ကျောက်ခွက်ရွာရှိ အိမ်ခြေ ၂၀ ကျော်၊ ပဲမခမ်း၊ ညောင်ဝိုင်း၊ ခွေးသေရွာရှိ ကျေးရွာခုနစ်ရွာထက်မနည်းမှ နေအိမ် ရာဂဏန်း မီးရှို့ဖျက်ဆီးခံရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူ အမျိုးသမီးက ၎င်းကောက်ယူထားသည့် အချက်အလက်များပေါ် အခြေခံ၍ ပြောသည်။

အထက်ပါ PDF ရဲဘော် အမျိုးသားကလည်း  နတ်တလင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများရှိနေသလို စစ်တပ်၏ မြေပြင်ဝေဟင် ထိုးစစ်ကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ပြောသည်။

“အခု စစ်ရှောင်တွေက အရမ်းခက်ခဲ‌နေတော့ တပ်ဖွဲ့တွေရဲ့ရိက္ခာတွေတောင် မျှဝေပြီး စားနေကြရတဲ့               အခြေအနေမျိုးဖြစ်နေတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်က        အတော်တိုးလာနိုင်တယ်”ဟု ၎င်းက ဆိုသည်။

မတ်လဒုတိယပတ်ကလည်း နတ်တလင်းမြို့နယ်တွင် နေအိမ် ၁၅၀ ကျော် မီးရှို့ခံရပြီး အရပ်သား သုံးဦး သတ်ဖြတ်ခံရသည့်အပြင် ငါးဦး ဖမ်းဆီးခံခဲ့ရသည်။ 

နတ်တလင်းတွင် ထိုးစစ်ဆင်နေမှုနှင့် ပတ်သက်ပြီး ခေါင်းဆောင်အပြောင်းအလဲလုပ်ထားသော စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို  စစ်တပ်လက်အောက်ခံ သတင်းဌာနများတွင်လည်း  ထိုဒေသအခြေအနေကို ဖော်ပြထားခြင်း မရှိပေ။

မြို့အရှေ့ခြမ်းသည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေဖြစ်ပြီး အထိုင်စခန်းများပြန်လည်ရယူလိုသည့် စစ်တပ်က    တော်လှန်ရေးတပ်ဖွဲ့ဝင်များ နတ်တလင်းမြို့ပေါ်သို့ ရောက်မလာစေရန်   စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်နိုင်ကြောင်း  ဒေသအခြေစိုက် PDF တပ်ရင်းတပ်ဖွဲ့များက ယူဆထားကြသည်။

ပဲခူးရိုးမတွင် အခြေပြု၍ စစ်တပ်ကို လက်နက်ကိုင်ခုခံနေသော တော်လှန်ရေးအဖွဲ့များ အားကောင်းပြီး စစ်ရေးလှုပ်ရှားမှု ပိုစိပ်လာပြီးနောက်   ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ စစ်တပ်စစ်ကြောင်းများ ပဲခူးအနောက်ပိုင်းကို ဝင်ရောက်လာသည်။

အထူးသဖြင့် နတ်တလင်းမြို့နယ်အရှေ့ပိုင်း ကျေးရွာများကို အဓိကထား စစ်ကြောင်းထိုးနေပြီး  ထိုစဉ် ကတည်းက ကျေးရွာအများစု တိမ်းရှောင်နေကြရာ စစ်ရှောင်ဦးရေ ထောင်နှင့်ချီ ရှိနှင့်ပြီးသားဖြစ်သည်။  လက်ရှိတွင် စစ်ကြောင်းများက မြို့အနီးဝန်းကျင် မိုင် ၂၀ ဝန်းကျင်ရွာများကို ပစ်မှတ်ထားနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button