ဗိုလ်မင်းအောင်လှိုင်ကနေ သမ္မတ (ဦး) မင်းအောင်လှိုင် လက်ထဲ အာဏာလွှဲပေးလိုက်တော့ လက်ရှိမှာ သူ့အလိုကျ အားလုံးဖြစ်နေတယ်လို့ ယူဆစရာပါ။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ သမိုင်းနဲ့ စစ်အာဏာရှင်စနစ်ကို တွဲကြည့်မယ်ဆိုရင် ဒါဟာ နောင်တချိန်မှာ ဖြစ်လာမယ့် အာဏာလုပွဲတွေအတွက် မျိုးစေ့ချချိန်လို့ ရှုမြင်နိုင်ပါတယ်။
မူလ လက်ဟောင်း အာဏာရှင် ဗိုလ်နေဝင်းခေတ်က စပြီး ဒီပုံစံကို မြင်နိုင်ပါတယ်။ ၁၉၅၈ နဲ့ ၁၉၆၂ အာဏာသိမ်းပွဲတွေ အပြီးမှာ အကြောင်းအမျိုးမျိုးနဲ့ သူ့လူယုံတွေ ဖြစ်ကြတဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး အစရှိတဲ့ သူ့လက်ထောက်အရာရှိကြီးတွေကို တဖြည်းဖြည်း ဘေးဖယ်ထုတ်ပစ်တဲ့ ပုံစံကို စမြင်ရတယ်။ နောက်ပိုင်းမှာ နံပါတ် (၁) ဗိုလ်နေဝင်းနဲ့ နံပါတ် (၂) ဗိုလ်စန်းယုကြားမှာ ရှိသူ၊ “one and half” လို့တောင် ခေါ်ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်တင်ဦး (မျက်မှန်ကြီး) ဖြစ်စဥ် အပါအဝင် တပ်တွင်းမှာ ဖြုတ်ထုတ်သတ်တွေ အမြဲ ဖြစ်ခဲ့ပါတယ်။
ဗိုလ်နေဝင်းကိုယ်တိုင်လည်း သူမြေတောင်မြှောက်ပေးခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ ဇာတ်တူသား စားခြင်းကို ခံခဲ့ရပါတယ်။ ဗိုလ်သန်းရွှေဟာ ဒုချုပ်ဘဝနဲ့ တပ်ချုပ် ဗိုလ်စောမောင်ကို ဖယ်ရှားကာ အကြွင်းမဲ့ အာဏာရယူပြီး ၁၀ နှစ် အကြာ ၂၀၀၂ ခုနှစ်မှာ ဗိုလ်နေဝင်းမိသားစုက အာဏာသိမ်းဖို့ ကြံစည်တယ် ဆိုပြီး မိသားစုဝင်တချို့ကို ထောင်ချခဲ့၊ ဗိုလ်နေဝင်းကိုတော့ နေအိမ် အကျယ်ချုပ်သဘောနဲ့ အာဏာကင်းမဲ့စေခဲ့တယ်။ သေဆုံးချိန်မှာ အသုဘ အခမ်းအနားတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်လိုက်ရဘူး။ ဒါဟာ ဗိုလ်နေဝင်းတည်ဆောက်ခဲ့တဲ့ စစ်တပ်နိုင်ငံရေးက သူ့အပေါ် တိုက်ရိုက် ပြန်ထိခဲ့တာပါ။ မြန်မာ့စစ်အာဏာရှင်စနစ်ဟာ သူ့ကို ဖန်တီးသူကိုတောင် နောက်ဆုံး မကာကွယ်ပေးဘူးဆိုတဲ့ သင်ခန်းစာပါ။
ဒါ့အပြင် ဗိုလ်သန်းရွှေ ခေတ်မှာ လက်စောင်းထက် တန်ခိုးကြီးလှချည်ရဲ့ “state within the state” ဆိုပြီး တိုင်းပြည်ထဲ တစ်ထီးတစ်နန်း သီးခြားရပ်တည်ခွင့် ရှိကာ ဘယ်သူမှ ထိလို့မရခဲ့တဲ့ ထောက်လှမ်းရေး ယန္တရားကြီး တစ်ခုလုံးနဲ့ ဗိုလ်ခင်ညွန့် (ဗိုလ်နေဝင်း မြှောက်စားခဲ့သူ) ကိုလည်း ၂၀၀၄ ခုနှစ်မှာ ကြက်လေး၊ ငှက်လေးလို ဖမ်းဆီး ချေမှုန်းခဲ့တဲ့ သာဓကရှိပါတယ်။
ဒီလို လုပ်ခဲ့သူ ဗိုလ်သန်းရွှေကိုယ်တိုင်လည်း ပြန်ဝဋ်လည်ပါတယ်။ သူ ၁၉ နှစ်ကြာ စိတ်တိုင်းကျ တည်ဆောက်ပြီး သူ့လက်နဲ့ရေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကို ဗိုလ်မင်းအောင်လှိုင်က တပ်ချုပ် ရာထူးရအပြီး ၁၀ နှစ် အကြာမှာ အာဏာသိမ်းကာ စစ်ဖိနပ်နဲ့ ချေဖျက်ခဲ့ပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာ ဆိုရင် ဗိုလ်သန်းရွှေနဲ့ မိသားစုဟာ လိုမှ ခေါ်ထုတ် အသုံးတော်ခံရပြီး နေပြည်တော် ခြောက်လုံးတန်း နေအိမ်မှာ အကျယ်ချုပ်သဖွယ်ပဲ နေရပါတယ်။ ဗိုလ်သန်းရွှေရဲ့ သားမက်ဟောင်း၊ သူ့ အချစ်ဆုံးမြေးရဲ့ ဖခင် ဖြစ်သူကိုတောင် ထောင်ထဲထည့်ပြတဲ့အထိ ဗိုလ်မင်းအောင်လှိုင်ရဲ့ မထီမဲ့မြင်လုပ်ခြင်း ခံရပါတယ်။
အဓိပ္ပာယ်က ရှင်းပါတယ်။ စစ်အာဏာရှင် စနစ်မှာ အာဏာပြိုင် ရှိလို့မရပါဘူး။ အဆင်ပြေချိန်မှာ နိုင်ငံရဲ့ အရင်းအမြစ် အကျိုးစီးပွားကို မျှဝေ စားသောက်ခွင့်ပေးကောင်းပေးမယ်။ အာဏာဗဟိုချက်မကို ယှဉ်ပြိုင်လာပြီဆိုရင် ဖြုတ်ထုတ်ရှင်းတာက သဘာဝပါပဲ။
ဒီလို သမိုင်းနဲ့ လာတဲ့ စစ်တပ်ဓလေ့ကြောင့် ဗိုလ်မင်းအောင်လှိုင် သမ္မတ ခေတ်မှာလည်း အလားတူ ကြုံလာရဖို့ များပါတယ်။ ဗိုလ်မင်းအောင်လှိုင် သမ္မတလမ်းကြောင်း အသက်ဆက်နေသေးတယ် ဆိုရင်၊ တပ်ချုပ်သစ် ဗိုလ်ရဲဝင်းဦးရဲ့ အာဏာပြိုင် လွန်ဆွဲမှုနဲ့ တနည်းမဟုတ် တနည်း ကြုံလာရမှာ မလွဲပါပဲ။ ဒါက စစ်အာဏာရှင်စနစ်ကိုယ်တိုင်က မွေးထုတ်ပေးတဲ့ အဆိုးသံသရာစက်ဝန်းဖြစ်လို့ပါပဲ။
ဒါကြောင့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်ရဲဝင်းဦး ဆိုပြီး နာမည်တွေ ပြောင်းသွားပေမယ့် နောက်က စစ်စနစ်ယန္တရားက နိုင်ငံရဲ့ အကြွင်းမဲ့ အာဏာကို တည်ဆောက်ခွင့် ရနေသမျှ မြန်မာနိုင်ငံရေးဟာ စစ်အာဏာသိမ်းမှု၊ အာဏာလွန်ဆွဲမှု၊ အချင်းချင်း ဇာတ်တူသားစား ချနင်းမှု၊ ပြည်သူကို ရန်သူလို မြင်တဲ့ စစ်ဓလေ့ထဲကိုပဲ ပြန်လည်ကျဆင်းနေဦးမှာ ဖြစ်တဲ့အကြောင်း ‘ငြိမ်းချမ်းအေး’ ရဲ့ ဆောင်းပါး ကို ဖော်ပြလိုက်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



