ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု သိမ်းပိုက်ထားသော အာရက္ခတပ်တော် (AA) က လက်ကျန် အဆုံးအဖြတ်တိုက်ပွဲများကို ယခုနှစ်မှ လာမည့် ၂၀၂၇ ခုနှစ် မကုန်မီ လက်စသိမ်းအောင်ပွဲခံမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နေ့ (ဧပြီ ၁၀ ရက်နေ့) ကျရောက်သော AA ထူထောင်သည့် ၁၇ နှစ်မြောက်နေ့တွင် ပြောကြားလိုက်သည်။
AA သည် ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှအပ ကျန်မြို့နယ်များကို သိမ်းပိုက်ထားသည်။ ထိုအခြေအနေတွင် AA တပ်မှူးချုပ်က လက်ကျန်သုံးမြို့နယ်ကို သိမ်းပိုက်မည် ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
“လုံးဝယုံကြည်ချက်နဲ့အညီ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်လို့ရှိတယ်ဟု” ၎င်းက ပြောသည်။
ထို့ပြင် ဘဝတူ ဖိနှိပ်ခံတော်လှန်ရေးတိုက်ပွဲဝင်နေသူများနှင့် ဘုံရန်သူကို လက်တွဲပြီး တိုက်ပွဲဝင်နေသော မဟာမိတ်ကောင်းများ ကို ကူညီပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု AA က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကပင် AA က ထိုးစစ်ဆင်ပြီး မြို့နယ်အများစုကို သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ယန္တရားများ လည်ပတ်နေသည် ။ တစ်ဘက်တွင် အာဏာသိမ်းစစ်အုပ်စုက လေကြောင်း၊ ရေကြောင်းဖြင့် ဗုံးကြဲသဖြင့် အရပ်သားများ သေဆုံးနေသည်။
AA ၏ ၁၇ နှစ်မြောက် တပ်မွေးနေ့ကို ညီနောင်မဟာမိတ်အဖွဲ့ ဝင် ကိုးကန့် (MNDAA)နှင့် တအာင်း(TNLA) တပ်ဖွဲ့တို့က သဝဏ်လွှာပေးပို့ထားကြသည်။
အာရက္ခတပ်တော်နှင့်ရခိုင်ပြည်သူလူထုတို့၏ခိုင်မာသော မျှော်မှန်းချက်တို့နှင့်အတူ ဥမကွဲ သိုက်မပျက် ကြိုးပမ်းအားထုတ်မှု၊စွန့်လွှတ်အနစ်နာခံမှုနှင့် စည်းလုံးညီညွတ်မှုရလဒ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားအသီးသီးတို့အတွက် အတုယူဖွယ်သက်သေပြယုဂ်တစ်ရပ်ဟု ညီနောင်နှစ်ဖွဲ့၏ သဝဏ်လွှာတွင် ဖော်ပြထားကြသည်။
တော်လှန်ရေး အဖွဲ့အစည်းဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကျောင်းသားလက်ရုံး တပ်တော် (SAF)နှင့် ချင်းညီနောင်အဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် AA သိမ်းပိုက်ထားသော မြို့၊ ရွာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏရှိနေသည်။ သို့သော်လည်း AA ထိန်းချုပ်နယ်မြေများကို စစ်တပ်ဘက်က ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိပေ။
လွန်ခဲ့သည့် ၁၇ နှစ်၊ ၂၀၀၉ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) ဌာနချုပ်ရှိရာ မြန်မာ- တရုတ်နယ်စပ်တွင် လူ ၂၆ ယောက်၊ သေနတ်တစ်လက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် AA သည် ရခိုင်လူမျိုးများ၏ လက်နက်ကိုင်တပ်အဖြစ် ရပ်တည်ခဲ့သည်။
လက်ရှိတွင် AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ သိမ်းပိုက်ရန်ကျန်ရှိသောမြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။
လက်ရှိတွင် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တို့တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။



