အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘိရှော့ ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်သားသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ခဲ့ပြီးနောက် နိုင်ငံတကာတရားဝင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေစဉ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘိရှော့သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် ယခုလအတွင်း လာရောက်မည်ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘိရှော့သည် မြန်မာနိုင်ငံသို့  ယခုလအတွင်း လာရောက်မည်ဟု ကုလသမဂ္ဂက ပြောခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရပ်သားသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ခဲ့ပြီးနောက် နိုင်ငံတကာ တရားဝင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေစဉ် ဂျူလီဘိရှော့၏ ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဂျူလီဘိရှော့၏ လက်ရှိလုပ်ဆောင်မှုများ၊ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းစုံစမ်းခဲ့ရာ၊ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ် (Farhan Haq) က Myanmar Now ထံသို့ အီးမေးလ်မှတဆင့် အတည်ပြု အကြောင်းပြန်ခဲ့သည်။

“ဂျူလီဘိရှော့က အထူးသံတမန်အဖြစ် ရှိနေဆဲပါ” ဟု မေလ ၂၀ ရက် အကြောင်းပြန်ကြားချက်တွင် ဖာဟန်ဟတ်က ပြောခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် မိတ်ဖက်များက ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ မြန်မာ့အင်အားစုအားလုံးနှင့် ကုလအထူးသံတမန်တို့ ဆက်လက်ဆွေးနွေးကြရန် အထွေထွေအတွင်းရေးမှူးချုပ်က လိုလားနေပြီး ဂျူလီဘစ်ရှော့၏ ယခုခရီးစဉ်သည်လည်း ထိုလိုလားချက်နှင့် ထပ်တူကျနေသည်ဟု  ဖာဟန်ဟတ် က ဆိုသည်။

နိုင်ငံရေးအကူးအပြောင်းပုံရိပ်တစ်ခု ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် မကြာသေးမီက မင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးမှ နုတ်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ ယင်းနောက် စစ်အုပ်စုသည် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေး အသည်းအသန် လုံးပန်းနေသည်။ စစ်အုပ်စု၏ လက်ရှိအပြောင်းအလဲများသည် အပေါ်ယံ ဟန်ပြသာဖြစ်သည်ဟု မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုကြသည်။  

ထို့အပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင်  နိုင်ငံတကာ ဖိအားပေးမှုများ ဆက်လက်ရှိနေရာ၊ ထိုအခြေအနေများ လျော့ပါးသက်သာနိုင်ရေးအတွက် စစ်အုပ်စုသည် ၎င်းတို့ မတရားဖမ်းဆီး ထိန်းသိမ်းထားသည့်သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးခြင်းနှင့် မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ “သတ်မှတ်ထားသော နေအိမ်” သို့ ပြောင်းရွှေ့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။။ ထိုအခြေအနေများနှင့် ပတ်သက်၍လည်း အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

ဂျူလီဘိရှော့ အနေဖြင့် ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပေ။

ယခုခရီးစဉ်မတိုင်မီတွင် ဂျူလီဘိရှော့သည် “အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရိုဟင်ဂျာများ၊ အခြားသော လူမျိုးစုများ” နှင့် ဆက်လက်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး “အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် မြန်မာပြည်သူများ ကိုယ်တိုင်ပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရေးတို့တွင် ကူညီပေးနိုင်မည့် ဩဇာသက်ရောက်မှုရှိသော အင်အားစုအားလုံး”နှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်နေကြောင်း ဖာဟန်ဟတ်က ပြောသည်။

ထို့အပြင် ဘစ်ရှော့သည် လာမည့်လတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် သူ၏ မကြာသေးမီက လုပ်ဆောင်ချက်များနှင့် ပတ်သက်သော နောက်ဆုံးအခြေအနေများအပါအဝင် လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြသွားဖွယ်ရာ ရှိကြောင်းလည်း ဖာဟန်ဟတ် က ပြောခဲ့သည်။ 

ယခုလာမည့်ခရီးစဉ်သည် အထူးသံတမန်အဖြစ် ဂျူလီဘိရှော့ တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်မည့် ခရီးစဉ်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button