အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အနီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးသည့်အပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်နေသည့် အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
နမခ အခြေစိုက်ရာ မုံရွာမြို့မှ ၁၀ ကျော်မိုင်ကျော်အကွာ ဘုတလင်မြို့နယ်ကို နယ်မြေပြန်လည်စိုးမိုးရေးအတွက် စစ်တပ်က မေလ ၁၆ ရက်မှ စပြီး သံပြားကာယာဉ်များအပါအဝင် အင်အားရာချီ စစ်ကြောင်း ထိုးလာသလို လေကြောင်းမှ နေ့စဉ်တိုက်ခိုက်နေခြင်းဖြစ်သည်။
မေလ ၁၉ ရက် ညနေတွင် စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးရှောင်တိမ်းနေစဉ် ဂျိုင်ရိုကော်ပတာဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အသက် ၁၉ နှစ်နှင့် ၂၅ နှစ် အရွယ် အမျိုးသား နှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဘုတလင် စိုင်ပြင်လမ်းပေါ်စစ်ရှောင်ဖို့ထွက်ရင်း ကားပေါ် (လက်နက်) ကျတာပါ။ အလောင်းရပါတယ်။ သင်္ဂြုဟ်ပြီးပါပြီ” ဟု ဘုတလင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ကလည်း ဘုတလင်မြို့နယ် မြောက်ဘက်ခြမ်းကို နမခ မှတက်လာသည့် ဂျိုင်ရိုကော်ပတာ၊ အင်ဂျင်တပ်လေထီး၊ တံတားဦးလေဆိပ်တက်လာသည့် တိုက်လေယာဉ်များသာမက အသေခံဒရုန်းများ သုံးပြီး တနေကုန်နီးပါး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကြောင်းမှာ ပဲပြစ်တောရွာဘက်မှတဆင့် ပြန်နောက်ဆုတ်လာပြီး ဘုတလင်မြို့အနီး မြောက်ကျီနှင့် ရှမ်းတဲရွာအနီး ရောက်ရှိနေကြောင်း ဒေသခံများက ဆိုကြသည်။
လနှင့်ချီကြာမြင့်အောင် စစ်ကြောင်းမဝင်ခဲ့သည့် ဘုတလင်မြို့နယ်ထဲ ယခုတစ်ကြိမ် အင်အားအလုံးအရင်းဖြင့် ဝင်လာသည့်စစ်ကြောင်းသည် ဘုတလင်မြို့နယ်တွင်း နယ်မြေစိုးမိုးရေးစစ်ကြောင်းထိုးရန် ဖြစ်နိုင်သလို ပြီးခဲ့သည့်ရက်ပိုင်း လက်လွှတ်ခဲ့ရသည့် စိုင်ပြင်မြို့ရဲစခန်းသို့ အင်အားဖြည့်တင်းရန် ဖြစ်နိုင်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
ထို့အပြင် မုံရွာမြို့မှ မိုင် ၃၀ ခန့်သာကွာဝေးသည့် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ကနီမြို့နယ်ကိုလည်း မေလဆန်းပိုင်းမှ စပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ သီတင်းပတ် သုံးပတ်နီးပါး ရှိလာပြီ ဖြစ်သည်။
“ဘန့်ဘွေး၊ တရော်ကျင်း၊ ချောင်းမ၊ မင်းမ၊ သမင်ခြံ၊ မုဌော၊ တဆယ်ချောင်၊ အလယ်ကျွန်းကို (စစ်တပ် က) ခေါက်တုံ့ ခေါက်ပြန်ကူးနေတာ။ သမင်ခြံမှာလည်း အသံချဲ့စက်နဲ့အော်ပြီး အိမ်ပြန်လာဖို့ အော်နေတယ်”ဟု ကနီဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်စစ်ကြောင်းက အရပ်သား ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသလို သမင်ခြံ၊ ညောင်ပင်ဝန်း၊ ချောင်းမနှင့် တဆယ်ချောင် စသောကျေးရွာများ၏ တောတိုက်တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နမခအနီးမြို့များကို ဝင်နေသည့် စစ်တပ်စစ်ကြောင်းများကြောင့် ဘုတလင်မြို့နယ်ရှိ မုံရွာ- ရေဦးလမ်းဘေး ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင်နေရသည့်အပြင် မုံရွာ- ကနီလမ်းပိုင်း စိုးမိုးရေးအတွက် ကြိုးပမ်းနေသည့် စစ်ကြောင်းရန်ကြောင့် ကျေးရွာ ၂၆ ရွာမှ ဒေသခံလေးထောင်နီးပါးသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအခက်ကြုံနေရသည်။
“စစ်ရှောင်တာကျတော့ ကျွန်တော်တို့က အသားမာတည်နေပါပြီ။ ဟိုနားလာ ဒီနားကပ်ရှောင်၊ ဒီနားလာ ဟိုနားကပ်ရှောင်ပေါ့ ငါးနှစ်တာလည်းကျော်လာပြီဆိုတော့“ဟု အထက်ပါ ဘုတလင်ဒေသခံ အမျိုးသား က ပြောသည်။
နမခ အခြေစိုက်ရာအနီးရှိ ဘုတလင်၊ မုံရွာ၊ ချောင်းဦး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ အရာတော်၊ မြင်းမူနယ်တို့မှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာဒေသဖြစ်ပြီး ကျေးလက်ဒေသ အများစုကို ထိန်းချုပ်ထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတရာထူးယူပြီးနောက် လက်လွှတ်ဆုံးရှံးခဲ့ရသည့် နယ်မြေများကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားအလုံးရင်းဖြင့် စစ်တပ်က ထိုးစစ်ဆင်ကြိုးပမ်းနေသည်။
ပြီးခဲ့သည့်လတွင် မန္တလေးတိုင်းဘက်မှတဆင့် မြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းတိုင်းဘက်သို့ ထိုးဖောက် စစ်ဆင်ခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်ကချင်နယ်စပ်မှ ထီးချိုင့်၊ အင်းတော်၊ မော်လူးတို့ကို ပြန်လည်ထိန်းချုပ် လိုက်ပြီးနောက် ဆက်သွယ်ရေးအရအရေးပါသည့် မြစ်ကြီးနား- မန္တလေးလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်ကိုင်း၊ ဝက်လက်မြို့နယ်တို့တွင်လည်း စစ်အင်အားများ ဖြည့်တင်းထားသလို နမခအနီး ဘုတလင်၊ ကနီမြို့နယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအရှိန် အဟုန်မြှင့်လာရာ ဧပြီလအတွင်းတွင်ပင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃၈ ဦးသေဆုံးပြီး ၂၀၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ယခုလဆန်း သတင်းထုတ်ပြန်ချက်အရသိရသည်။



