စစ်ကိုင်းတိုင်း အင်းတော်မြို့၊ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရုံးနေရာနှင့် အချုပ်ခန်းကို ယမန်နေ့ (မေလ ၂၀ ရက်) နံနက်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ငါးဦးနှင့် ပကဖ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အင်းတော်မြို့ အနောက်ဘက် ၁၃ မိုင်ခန့်အကွာ မန်ဖာရွာအနီး အခြေစိုက်ထားသည့် ပကဖရုံးနှင့် ရုံးအနီး စစ်သုံ့ပန်းများထားသည့် အချုပ်ခန်းတို့ကို စစ်တပ်က နံနက် ၁၀ နာရီခွဲခန့်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ မြေပြင်သတင်းရင်းမြစ် အမျိုးသားက ပြောသည်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့ ဟုမ္မလင်းကနေ တက်လာတာ၊ ပကဖ ရုံးရယ် သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းရယ်ကို ကျတာ၊ သုံ့ပန်းငါးဦးသေတယ်၊ ပကဖ နှစ်ဦးသေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဗုံးကြဲခံရမှုဖြစ်စဉ်သတင်းကို တော်လှန်ရေးတပ်များက ကန့်သတ်ထားသဖြင့် သေဆုံးသွားသည့် စစ်သုံ့ပန်းများ၏ အမည်၊ စစ်တပ်တွင်းရှိစဉ်က ရာထူးနှင့် အခြားအသေးစိတ် ဖြစ်စဉ်များကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဟု အဆိုပါ အမျိုးသားက ပြောသည်။
တော်လှန်ရေးတပ်များ နှစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားသည့် အင်းတော်မြို့ကို စစ်တပ်က အင်အားရာချီဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၃၀ ရက်တွင် အင်းတော်မြို့ကို တော်လှန်ရေးတပ်များ လက်လွှတ်ခဲ့ရသည်။
မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် စစ်တပ်သည် နယ်မြေရှင်းလင်းရန် မေလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အင်းတော်မြို့အနောက်ဘက်သို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က အကျအဆုံးများခဲ့သလို သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်။
ယမန်နေ့ ဗုံးကြဲမှုအတွင်း သေဆုံးသွားသည့် စစ်သုံ့ပန်းများသည် အဆိုပါ တိုက်ပွဲများမှ ဖမ်းမိထားခြင်းဖြစ်သည်ဟု အထက်ပါ မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
မေလ ၁၃ ရက်မှ မေလ ၁၈ ရက်အထိ အင်းတော်မြို့ အနောက်ဘက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာများကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အင်းတော်မြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ နတ်မဟုတ်ကလေးရွာကို စစ်တပ်က မေလ ၁၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း၍ လူသစ်စု အင်အားပြန်လည်ဖြည့်တင်းထားသည့် စစ်တပ်သည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာနေပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ အင်းတော်နှင့် မော်လူးမြို့တို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ထားသည်။
ထိုမြို့များတွင် အုပ်ချုပ်ရေးယန္တရားများပြန်လည် လည်ပတ်နိုင်ရန် မြို့အနီးဝန်းကျင်ကို စစ်ကြောင်းများထိုးနေရာ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။



