ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့၏ မြစ်တစ်ဖက်ကမ်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသကို သီတင်းတစ်ပတ်ကျော်ကြာ အင်အားအလုံးအရင်းဖြင့် စစ်တပ်က ဝင်ရောက်နေရာ ကျေးရွာ ခုနစ်ရွာ မီးရှို့ခံရပြီး အရပ်သားသတ်ဖြတ်ခံရမှုများ ရှိသဖြင့် အနီးအနား ကျေးရွာ ၃၀ ကျော်မှ ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့ မွန်းလွဲမှစ၍ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ခေါ် အမှတ် (၁၀၁) ခြေမြန် တပ်မဌာနချုပ်မှ ထွက်လာသည့်အင်အား ၇၀၀ နီးပါးရှိသည့် စစ်တပ်သည် အနောက်တောင်ဘက် ၁၈ မိုင်ကျော်အကွာ ဧရာဝတီမြစ်ကမ်းဘေး မြစ်ခြေဒေသ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာ ခြင်းဖြစ်သည်။
“စစ်ကြောင်းဝင်လာတာက တစ်ပတ်ကျော်သွားပြီပေါ့နော်။ လက်ပံကျွန်း (ရွာ) ဘက်ကို မီးရှို့ပြီး စဝင်လာတာ။ အရင်ကလည်းရှောင်ရဖူးတယ်ဆိုပေမယ့် ဒီတစ်ကြိမ်က အဆိုးဆုံးပဲ။ တစ်နယ်လုံးရှောင်ရတာ”ဟု ဒေသခံအသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်တပ်စစ်ကြောင်းကြောင့် မြစ်ခြေဒေသ ဧရာတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ညောင်ပင်၊ ဥယျာဉ်၊ မိုးနတ်ကုန်း ၊ ထန်းတောချောက်၊ ကျီးပင်ခုံ၊ ရှားတော ၊ အင်းဝိုင်း ၊ လက်ပံပင်စု၊ လုံးပို့ ၊ သဖန်းပင်၊ ကျွန်းကလေး ၊ ရှားပင်၊ ကူကျွန်း၊ လက်ပံကျွန်း၊ မုန့်ကုန်း၊ ဖက်ပင်၊ သဇင်၊ ပန်းချီစု ၊ သရက်တော၊ ကြက်လျှာ၊ ရွာသာအေး ၊ မကျီးကုန်း ၊ မမြို့မ၊ တမြို့မ၊ ထနောင်းကုန်း၊ တိုးချဲ့၁,၂,၃၊ ကမ္ဘာအေး ၊ မြို့သစ်၊ ကြောင်ပန်းခုံ ၊ ဘိုကုန်း၊ ဆွဲကြီး၊ (တ)အိုင်ရှည်၊ (မ)အိုင်ရှည်၊ စသည့်ကျေးရွာများမှ လူဦးရေ ၁,၉၁၀၀ဦး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ထိုဒေသ စစ်ရှောင်များကိုကူညီနေသည့် အရပ်ဘက်အဖွဲ့ တစ်ဖွဲ့ ဖြစ်သော “အညာ တောအိမ်”အဖွဲ့က ပြောသည်။
အများစုသည် တောတောင်များနှင့်ဘေးလွတ်ရာနေရာများ၊ စစ်ဘေးရှောင်စခန်းများသို့ စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲများဖြစ်ပေါ်နေကြသည်ဟု သိရသည်။
“လက်ရှိ ကျွန်တော်တို့ဆီမှာ လူဦးရေ၂၀၀၀ ကို အရေးပေါ်ပြေးရတဲ့အတွက် ကူညီထားတာ ရှိတယ်ပေါ့နော်။ လူသားစာနာတာဝန်ခံရယ်၊ အရပ်ဘက်အဖွဲ့တွေရယ်၊ ဆရာတော်ရယ်၊ ဦးဆောင်ပြီး လုပ်တာပေါ့ ”ဟု ၎င်းက ဆိုသည်။
အဆိုပါလူဦးရေအတွက် တစ်ရက်စာ ကျွေးမွေးရန်ပင် ထမင်းအတွက် ဆန်အိတ် ၄၀ ခန့်ကုန်ကျပြီး၊ ဟင်းလျာအတွက်မူ ကျွန်းမြေဖြစ်သည့်အတွက် အသီးအနှံများပေါပေါလျှံလျှံထွက်သည့်ဒေသ ဖြစ်သည့်အတွက် ပဲ၊ ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ကျွေးမွေးကြရသည်ဟု ထိုသူက ပြောသည်။
“လိုအပ်တာတော့ အဓိက ဆန်၊ ဆီ အဓိကပဲ။ ဒါပေမဲ့ ကြာသွားပြီ။ ရှောင်ရတာ ရေရှည်ဖြစ်သွားပြီ ဆိုရင်ကြတော့ ဘာတွေပြဿနာရှိလာနိုင်လဲဆို မိုးကာနဲ့ရေလောင်းအိမ်သာတွေပေါ့။ လူဦးရေများတဲ့ အပေါ်မှာ အိမ်သာတွေပြည့်တာ၊ မလောက်တာမျိုးတွေဖြစ်တာပေါ့”ဟု ဆိုသည်။
စစ်ဘေးရှောင်များတွင် ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများလည်းပါဝင်ရာ ဆေးဝါးအကူအညီများ၊ မကြာမီတွင် မိုးရာသီဖြစ်သည့်အတွက် အမိုးအကာနှင့် ဝမ်းရောဂါများ၊ ဖျားနာခြင်းများအတွက် ဆေးဝါးအကူအညီများလည်း လိုအပ်လျက်ရှိသည်ဟု “အညာတောအိမ်”စစ်ရှောင်ကူညီရေးအဖွဲ့ဝင်က ပြောပြသည်။

စစ်တပ်က သတ်ဖြတ်မှုများရှိ
ယူနက်စကိုစာရင်းဝင် မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းနယ်မြေပုဂံမြို့၏ မြစ်တစ်ဖက်ကမ်းတွင်ရှိသည့် မြစ်ခြေဒေသကို စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် မေလ ၁၄ ရက်တွင်လည်း ထန်းတောချောက် ကျေးရွာကို စီးနင်းမီးရှို့စဉ် ထွက်မပြေးနိုင်သည့် မွေးကင်းစကလေးငယ်နှင့်မိခင်တို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ကာ အလောင်းကိုမီးရှို့ခဲ့သည်ဟု ဒေသခံတို့က ဆိုကြသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး အညာတောအိမ်စစ်ရှောင်ကူညီရေးအဖွဲ့ဝင်က စစ်တပ်၏ သတ်ဖြတ် မှုကြောင့်သေဆုံးသူ ဒေသခံနှစ်ဦးကိုသာ အတည်ပြုနိုင်ပြီး အခြေအနေအသေးစိတ် မသိရသေးကြောင်း၊ ရွာ ခုနစ်ရွာမီးရှို့ခံရကြောင်း၊ အိမ်ခြေအတိအကျကို စာရင်းကောက်နေဆဲဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“သေဆုံးသူတွေနဲ့ မီးရှို့ခံရတဲ့အိမ်ခြေတွေ စသဖြင့် အဲဒီဘက်ကပြေးလာတဲ့စစ်ရှောင်တွေကို ကျွန်တော်တို့ စာရင်းကောက်နေဆဲဖြစ်ပါတယ်။ လက်ရှိသေဆုံး နှစ်ဦး၊ မီးရှို့ခံရတဲ့ရွာ ခုနစ်ရွာလို့တော့ သိထားရတယ်”
ဆက်လက်၍ “ဒီထန်းတောချောက်ရွာတို့ဘက်တွေဆိုရင် အရင်၂၀၂၅ လောက်ကတည်းက ပြေးထားရ တာပေါ့နော် ။တချို့က ပြန်ဝင်ပြီး အိမ်တွေယာယီပြန်ဆောက်ပြီးနေတဲ့ဟာမျိုးတွေရှိတာပေါ့။ ဒါတွေကို (စစ်တပ်က) ပြန်ဝင်လာပြီး မကုန်မချင်း မီးတွေရှို့တယ်”ဟု ထိုအမျိုးသားက ဆက်ပြောသည်။
လက်ရှိတွင် ထိုဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲများလည်း ရှိနေပြီး၊ စစ်ရေးအခြေအနေအသေးစိတ် သိရှိရန် ထိုဒေသတော်လှန်ရေးတပ်ဖွဲ့များထံ Myanmar Now က ဆက်သွယ်ထားဆဲဖြစ်သည်။
စစ်ရေးပြင်းထန်နေသည့် မြစ်ခြေဒေသ၏ မျက်နှာချင်းဆိုင်မြစ်တစ်ဖက်ကမ်းတွင် လုံခြုံရေးတင်းကျပ်ထားသည့် ခရီးသွားမြို့တော် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တည်ရှိပြီး၊ အဆိုပါ ပုဂံညောင်ဦးဒေသ အနောက်ပိုင်းကျေးရွာများကိုလည်း စစ်တပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုးမှုများပြုလုပ်လေ့ ရှိသည်။
ထိုသို့စစ်ကြောင်းထိုးမှုများအပြင် ပုပ္ပါး- ပုဂံလမ်းပိုင်းတွင်လည်း မကြာခဏဆိုသလို ပြန်ပေးဆွဲမှုများ ပေါ်ပေါက်လေ့ရှိရာ၊ လုံခြုံရေးကင်းမဲ့သည့်အခြေအနေများကြောင့် လက်ရှိတွင် ခရီးသွားမြို့တော် ပုဂံ၌ ခရီးသွားဧည့်သည်များနည်းပါးလာနေပြီး ခရီးသွားများကို မှီတင်းလုပ်ကိုင်ရသည့်ဒေသခံများ အခက်အခဲများပေါ်ပေါက်နေကြသည်။
ပြန်ပေးဆွဲမှုများနှင့်ပတ်သက်ပြီး ဒေသတော်လှန်ရေးတပ်များနှင့်စစ်တပ်တို့အကြား အပြန်အလှန်စွပ်စွဲမှု များရှိနေပြီး ယနေ့အချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးပေ။
မကွေးတိုင်းအတွင်း စစ်တပ်က စစ်ကြောင်းများ ဒေသတစ်ခုထက်မနည်း ဝင်ရောက်နေရာ ပခုက္ကူမြို့ အနောက်မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ပေါက်မြို့နယ်၊ ချင်းတောင်ပိုင်းနှင့်ယောဒေသနယ်စပ် ဆောနှင့် ကျောက်ထုနယ်အတွင်း စစ်ကြောင်းများ အင်အား ထောင်ချီ ရှိနေသည်။
မေလ ၁၈ ရက်တွင် ပေါက်မြို့နယ်အတွင်းသို့ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂ )မှ ရိက္ခာယာဥ်တန်းနှင့်အတူ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပုသိမ်- မုံရွာကားလမ်းဘေး ကျေးရွာ ခုနစ်ရွာမှ လူဦးရေ ၆၅၀၀ နီးပါး ဘေးလွတ်ရာ ထွတ်ပြေးတိမ်းရှောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဌာန(ပေါက်လူသားစာနာအဖွဲ့) က ယင်းနေ့တွင် ထုတ်ပြန်ထားသည်။




