တအာင်းတပ်(TNLA)က ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော The Mountain Bank သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တွင် ဘဏ်ခွဲများဖွင့်လှစ်သွားမည်ဖြစ်ပြီး လုပ်ငန်းများကို ယခုနှစ် ဇွန်လလယ်ပိုင်းတွင် စတင်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ (ဈေးကွက်ပေါက်ဈေးအရ ကျပ် ၂ ဒသမ ၁ ဘီလီယံ) ကို ကနဦး မတည်ရင်းနှီးငွေအဖြစ် ထည့်ဝင်မည်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးဘဏ်တစ်ခုအဖြစ် ဖွဲ့စည်းလည်ပတ်မည်ဖြစ်ကြောင်း Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုကို The Mountain Bank တာဝန်ရှိသူက ပြောသည်။
“အဓိက ရည်ရွယ်ချက်မှာ ငွေကြေးဝန်ဆောင်မှုများ လက်လှမ်းမီရန် ခက်ခဲနေသော ဒေသခံပြည်သူလူထု များအတွက် ဘေးကင်းစိတ်ချရပြီး အဆင်ပြေချောမွေ့သည့် ဘဏ္ဍာရေးဝန်းကျင်တစ်ခု ပြန်လည် ဖန်တီး ပေးရန်ဖြစ်သည်” ဟု ထိုဘဏ်တာဝန်ရှိသူက ဆိုသည်။
ဘဏ်လုပ်ငန်းလည်ပတ်ရာတွင် မတည်ငွေနှင့် အပ်နှံငွေကို ကျပ်ငွေဖြင့်သတ်မှတ်ပြီး ကနဦးအနေဖြင့် ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲပြောင်းဝန်ဆောင်မှုများစပေးမည်ဖြစ်ကာ နောက်ပိုင်းတွင် ငွေစုဆောင်းခြင်း၊ လုပ်ငန်းများအတွက် လစာငွေပေးချေခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ATM စနစ်နှင့် နည်းပညာအခြေပြု ငွေပေးချေမှုများကို ဝန်ဆောင်မှုပေးမည်ဖြစ်သည်။
ကြုံတွေ့ခဲ့ရသည့် ဒေသတွင်း မတည်ငြိမ်မှုများနှင့် စိန်ခေါ်မှုများကြောင့် ရပ်တန့်သွားခဲ့သော ငွေကြေး ဝန်ဆောင်မှုစနစ်ကို ပြန်လည်အသက်သွင်းရန်နှင့် ဒေသခံတို့၏ လူမှုစီးပွားဘဝများ ပုံမှန်ပြန်လည်ပတ်ရန် ရည်ရွယ်သည်ဟု သိရသည်။
ထိုဘဏ်ကို အတွေ့အကြုံရှိသည့် ဘဏ်ဝန်ထမ်းဟောင်းများနှင့် နည်းပညာကျွမ်းကျင်သည့် လူငယ်များက ဦးဆောင်တည်ထောင်ကြောင်း ပြောဆိုသော်လည်း ဘဏ်ပိုင်ဆိုင်သူများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တအာင်း(TNLA) တိုက်ခိုက်သိမ်းပိုက်ခဲ့သော နမ်ခမ်းမြို့ပေါ်တွင် မူလက ကမ္ဘောဇဘဏ်(KBZ Bank) ဖွင့်လှစ်ခဲ့သော အဆောက်အအုံနေရာကို The Mountain Bank ဖွင့်ထားပြီး ငွေကြေးအမျိုးအစား၊ ဘဏ်လည်ပတ်မည့်စနစ်နှင့်ပတ်သက်၍ ဒေသခံများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခြင်းမရှိသေးကြောင်း နမ့်ခမ်းမြို့မှ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။
“အဲဒီဘဏ်ကို ဘယ်စနစ်နဲ့ ဘယ် Currency နဲ့ဘယ်လိုသွားလဲဆိုတာ ပြည်သူကို ကျယ်ကျယ်ပြန်ပြန့် ချပြတာလည်းမရှိဘူးပေါ့။ ဆိုတော့ ပြည်သူတွေက ယုံကြည်မှုမရှိတာရယ်၊ ပြီးတဲ့အခါကျတော့ လက်ရှိ ဖြစ်နေတဲ့ မြို့ရဲ့အခြေအနေပေါ်ကို မူတည်ပြီးမှ ဘာမှတော့လည်ပတ်တာတော့မရှိသေးဘူး” ဟု သူက ဆိုသည်။

အများပြည်သူက ယုံကြည်စွာအပ်နှံငွေများကို စီမံရသည့် ဘဏ်တစ်ခုအနေဖြင့် ဗဟိုဘဏ်ကဲ့သို့ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများချမှတ်ကွပ်ကဲသည့်အဖွဲ့အစည်းများရှိရမည်ဖြစ်ပြီး အခြားသော တင်းကျပ်သည့် ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းများကို လိုက်နာရလေ့ရှိသည်။
လိုင်စင်ထုတ်ပေးသည့် တအာင်းတပ်သည် သီးခြားလွတ်လပ်သောနယ်မြေမထူထောင်နိုင်သေးသလို နမ့်ခမ်းမြို့အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသော မြို့အချို့ကို စစ်တပ်က ထပ်မံတောင်းဆိုသည့် သတင်းများလည်းထွက်ပေါ်လျက်ရှိနေရာ ထိုဘဏ်၏ ခိုင်မာမှုနှင့်ပတ်သက်၍ မေးခွန်းများစွာရှိနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
“ဒီဘဏ်ပြိုရင် ဘယ်သူမှ(ကျားကန်) ပေးသူမရှိဘူး။ သူ့ကို Backing ပေးမယ့်သူမရှိဘူး။ ဟွန်ဒီ အကြီးစား၊ Financial Service Provider လုပ်တယ်ဆိုပြီး အာမခံချက်ပေးတယ်ဆိုရင်မှ နည်းနည်း ဟုတ်ဦးမယ်။ သူတို့က နာမည်တွေလျှောက်ပြီး ဘဏ်ဆိုပြီး လုပ်ပစ်ကြတယ်”
ပုံမှန်အားဖြင့် နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်နယ်မြေများတွင် သီးခြားဘဏ်စနစ်ထူထောင်ခြင်းထက် သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးနှင့် ပေးချေမှုများကိုသာ ပြုလုပ်ကြလေ့ရှိကြောင်း ၎င်းက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူများထံ Myanmar Now က ဆက်သွယ်မေးမြန်း ထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ကမူ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများကို လိုင်စင်ထုတ်ပေး၍ လုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ်ကွပ်ကဲနေပြီး လူမှုကွန်ရက်တွင် ဖော်ပြကြော်ငြာလျက်ရှိသော Digital Bank အပါအဝင် အဖွဲ့အစည်းများကို လိုင်စင်မထုတ်ပေးထား၍ မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများ မရှိစေရေးအတွက် မဆက်သွယ်ရန် မေလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လိုင်စင်မရှိဘဲ ဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ခြင်းကို တားမြစ်ပြီး ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပေါ်ပေါက်လျှင် အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တအာင်းတပ်(TNLA)က နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်နှင့် မိုးကုတ် မြို့တို့အား သိမ်းပိုက်ခဲ့သည်။
တရုတ်အစိုးရ ကြားဝင်မှုကြောင့် မိုးကုတ်နှင့် မိုးမိတ်အား TNLA က စစ်ကော်မရှင်ထံ ပြန်လွှဲခဲ့ရပြီး စစ်တပ် ထိုးစစ်ကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များ အား လက်လွှတ်ခဲ့ရသည်။
ထို့အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မန္တလေး- လားရှိုး- မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိသည့် တအာင်းတပ်သိမ်းပိုက်ထားသော ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA က ပြန်လည်သိမ်းပိုက် ခဲ့သည်။
တော်လှန်ရေးတပ်များထံ လက်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်လာသည့် စစ်တပ်က တရုတ်ကြားဝင်မှုဖြင့် တအာင်းတပ်နှင့် ဆွေးနွေးမှုများဆက်ရှိနေပြီး လက်ရှိ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့များပြန်ပေးရန် တောင်းဆိုမှုများရှိကြောင်း ပြီးခဲ့သည့်ရက်များတွင် ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။
မကြာသေးခင် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တအာင်းတပ် (TNLA )နှင့် စစ်တပ်ကိုယ်စားလှယ်၊ တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် မသိရသော်လည်း ယခုရက်ပိုင်း TNLA က စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
လက်ရှိတွင် TNLA ထိန်းချုပ်ထားသော မြို့များမှာ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့များအပြင် နမ့်ဆန်၊ မန်တုံမြို့တို့ ဖြစ်ကြသည်။



