ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် တရုတ်လူမျိုး အလုပ်ရှင်များ၏ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်သည် လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရရုံတင်မကဘဲ မြန်မာလုပ်သားများ၏ ဘဝအခြေအနေမှန်ကို မီးမောင်းထိုးပြနေသည်။ ၎င်းတို့သည် အထောက်အထားမဲ့နေထိုင်ရသဖြင့် ဖမ်းဆီး ပြည်နှင်ဒဏ်ပေးခံရမည်ကို စိုးရိမ်ပြီး မည်သို့မျှ ပြန်လည် မတုံ့ပြန်ရဲကြကြောင်း ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူများနှင့် လေ့လာသူများက ပြောသည်။
ကိုသားသား အမည်ရှိ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားသည် ထိုင်းနိုင်ငံရှိ တရုတ်နိုင်ငံသားအလုပ်ရှင်များက ၎င်း၏ခန္ဓာကိုယ်ကို ဂေါက်သီးရိုက်တံဖြင့် ရိုက်နှက်ခဲ့ပြီး ရေနွေးပူဖြင့်လောင်းခဲ့သည်။
ကိုသားသားသည် မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တရားဝင်အလုပ်လုပ်ရန် လိုအပ်သည့် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိပေ။ ၎င်း၏ မြန်မာ နိုင်ငံကူးလက်မှတ်ကိုလည်း စကားများ ရန်ဖြစ်ခဲ့ပြီးနောက် အလုပ်ရှင်က ဆုတ်ဖြဲပစ်ခဲ့သည်ဟု ကိုသားသားက Myanmar Now ကို ပြောကြား သည်။
ဆိုးဆိုးဝါးဝါး ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ခံခဲ့ရသည့် အဆိုပါဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် ပိုမိုကြီးမားလာသော စိုးရိမ်စရာ အခြေအနေကို ထင်ထင်ရှားရှား ဖော်ပြနေသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်ကြောင့် လူသန်းပေါင်းများစွာ သည် စီးပွားရေး အကျပ်အတည်းဒဏ်ကိုခံစားရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရခြင်းစသည့် စိုးရိမ်ပူပန်စရာ ဘေးအန္တရာယ်အသွယ်သွယ်ထဲ ကျရောက်နေသည်။
“ဒီအမှုကို လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်စော်ကားမှု သက်သက်ပဲလို့ မမြင်သင့်ပါဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား လူထုအသိုင်းအဝိုင်းအကြောင်းကို လေ့လာသုတေသနပြုနေသည့် ချင်းမိုင်တက္ကသိုလ်မှ သုတေသီ အမ်ပွန် ဂျီရတ်တီကွန် (Amporn Jirattikorn) က ပြောသည်။
“ဒါဟာ လူကုန်ကူးမှုနဲ့ အဓမ္မစေခိုင်းတဲ့ လုပ်အားပေးမှုဆိုင်ရာ လက္ခဏာရပ်တွေ ရှိနေပါတယ်” ဟုလည်း ၎င်းက Myanmar Now ကို ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တရားဝင်မဟုတ်သည့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် အထောက်အထားမဲ့ ဖြစ်နေဆဲဖြစ်ပြီး၊ ၎င်းတို့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အလုပ်ပွဲစားများ၊ အလုပ်ရှင်များနှင့် တရားမဝင် အချိတ်အဆက်များကိုသာ အလွန်အမင်း မှီခိုအားထားနေရကြောင်း အမ်ပွန်းက ပြောသည်။
“အထောက်အထား ဒါမှမဟုတ် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း ဒါမှမဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံရမှာကို စိုးရိမ်တာကြောင့် အနိုင်ကျင့်စော်ကားခံရတဲ့ လုပ်ငန်းခွင်တွေကနေ မိမိသဘောဆန္ဒအလျောက် လွတ်လွတ်လပ်လပ် ထွက်ခွာခွင့် မရကြတာက များပါတယ်” ဟုလည်း အမ်ပွန်းက ဆိုသည်။
ရွှေ့ပြောင်းလုပ်သားအများစုက ရဲတပ်ဖွဲ့ထံ အကူအညီမတောင်းခံကြသည့် အကြောင်းရင်း တစ်ခုမှာ အထောက်အထားမဲ့ အလုပ်သမားများနှင့် ပတ်သက်လာသည့် အမှုအခင်းများတွင် အာဏာပိုင်များက အလုပ်သမားများ၏ နစ်နာမှုများကို အလေးမထားဘဲ ၎င်းတို့အား “လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်သူ” များအဖြစ်သာ ဦးစွာသတ်မှတ်ပြီး အရေးယူလေ့ရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။
“လက်တွေ့မှာတော့ ရွှေ့ပြောင်းလုပ်သားအများစုက ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံရင် ထိန်းသိမ်းခံရတာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံကို ပြန်ပို့ခံရတာမျိုး ဖြစ်လာမှာကို စိုးရိမ်နေကြ ပါတယ်။ သူတို့ဟာ သူတို့နိုင်ငံက စစ်သားစုဆောင်းမှုဘေးနဲ့ စီးပွားရေးကျပ်တည်းမှုတွေကနေ လွတ်မြောက်ဖို့အတွက် ငွေကြေးအမြောက်အမြား ပေးဆောင်ပြီး ထွက်ပြေးလာကြတာဖြစ်လို့ မြန်မာနိုင်ငံကို လုံးဝ မပြန်ချင်ကြပါဘူး” ဟုလည်း အမ်ပွန်းက ဆိုသည်။
ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် စစ်ကောင်စီ၏ စစ်ဆေးခြင်းကို ခံရပြီး၊ ၎င်းတို့အနက် အချို့သောသူများသည် နယ်စပ်ဂိတ်များမှ တဆင့် ပြန်လည်လွှဲပြောင်းခံရပြီးနောက် စစ်မှုထမ်းရန်အတွက် အဓမ္မစုဆောင်းခြင်း ခံခဲ့ရကြောင်း Myanmar Now က ၂၀၂၄ ခုနှစ်တွင် သတင်းများ ရေးသားခဲ့သည်။
စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းရမည့် ဥပဒေကို စတင်အသက်သွင်းလိုက်ပြီးနောက် စစ်မှုမထမ်းလိုသော လူငယ်အများအပြား အလုံးအရင်းဖြင့် ပြည်ပသို့ ထွက်ခွာသွားကြချိန်တွင် အဆိုပါ သတင်းကို Myanmar Now က ဖော်ပြခဲ့ခြင်းဖြစ်သည်။
NLD အစိုးရလက်ထက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးဆိုင်ရာ အကြံပေး ကျွမ်းကျင်သူ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ (Andy Hall) အင်ဒီဟောလ်ကလည်း စစ်အာဏာသိမ်းမှု နောက်ပိုင်း ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၊ အထူးသဖြင့် ပြင်ပနှင့် အဆက်အသွယ် ပြတ်နေသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် အထောက်အထားမဲ့ အလုပ်သမားများ အကြား ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမည့် အခြေအနေများ ပိုမိုဖန်တီးပေးသလို ဖြစ်နေကြောင်း ပြောကြားသည်။
စော်ကားအနိုင်ကျင့်တတ်သည့် အလုပ်ရှင်များသည် အလုပ်သမားများ၏ ပြည်နှင်ဒဏ် ပေးခံရမည့် စိုးရိမ်စိတ်နှင့် ၎င်းတို့တွင် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေမှုကို အခွင့်ကောင်းယူ ခေါင်းပုံဖြတ်လေ့ရှိကြသဖြင့် ထိုအခြေအနေမျိုးကို ရင်ဆိုင်ရပါက ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထွက်ပြေးရန် သို့မဟုတ် အကြမ်းဖက်ခံရမှုကို တိုင်ကြားရန် ခက်ခဲကြောင်း အင်ဒီဟောလ်ကဆိုသည်။
ထို့အပြင် ထိုင်းအာဏာပိုင်များအနေဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက် အကာအကွယ်ပေးမှု များကို ပိုမိုလုပ်ဆောင်ရန်နှင့် မြန်မာနိုင်ငံသို့ အဓမ္မပြန်ပို့ခံရမည့်ဘေးမကြုံတွေ့စေရဘဲ အနိုင်ကျင့်ခံရမှုများကို ဘေးကင်းလုံခြုံစွာ တိုင်ကြားနိုင်ရေး အာမခံချက်ပေးရန်လည်း အင်ဒီဟောလ်က ဆိုသည်။
ထိုင်းသုတေသီ အမ်ပွန်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချမှုများ သိသိသာသာမြင့်တက်လာခြင်းက ထိုင်းနိုင်ငံ၏ လုပ်သားဈေးကွက် အခင်းအကျင်းကို ပြောင်းလဲသွားစေခဲ့သလို ခေါင်းပုံဖြတ်ခံရနိုင်ခြေများနှင့် ကြုံတွေ့နေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ဖြစ်ပေါ်လာစေခဲ့ကြောင်း ပြောသည်။
” ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝလုံခြုံသေချာမှုမရှိခြင်းဆိုတာက အချို့သောအလုပ်ရှင် တွေက သူတို့ အလုပ်သမားတွေ ပြည်နှင်ဒဏ်ပေးခံရမှာကို အမြဲစိုးရိမ်မှုအပေါ် အခွင့်ကောင်းယူ ခေါင်းပုံဖြတ်တာတွေ ဖြစ်နိုင်သလို အာဏာပိုင်တွေကလည်း ဘေးဒုက္ခကြုံတွေ့နေရသူတွေကို အကာအကွယ်ပေးဖို့ထက် ရွှေ့ပြောင်းအခြေချမှုကို ထိန်းချုပ်ဖို့ကိုပဲ ပိုပြီး ဦးစားပေး စီမံတာမျိုးလည်း ဖြစ်ပါတယ်” ဟု အမ်ပွန်းက ဆိုသည်။
“ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ‘လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်မှု’ နဲ့ ‘လူကုန်ကူးမှု’ ဆိုပြီး သီးခြားစီ ခွဲပြောလို့ မရနိုင်ပါဘူး။ အလုပ်သမားတွေဟာ ကြွေးမြီတွေ၊ အထောက်အထားစာရွက်စာတမ်း အသိမ်းခံရမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ချုပ်နှောင်ခံရမှုတွေနဲ့ ပြည်နှင်ဒဏ်ပေးခံရမည့် စိုးရိမ်စိတ်တွေကြောင့် ပိတ်မိနေကြရပါတယ်” ဟုလည်း ၎င်းက ဆိုသည်။



