အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းပြည်နယ် တွန်းဇံနှင့် ထိုင်းနယ်စပ် မောတောင်မြို့တို့ကို စစ်တပ်ပြန်သိမ်း

နိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နှင့် တောင်ပိုင်းကမ်းရိုးတန်းဒေသ၊ ထိုင်းနယ်စပ်မြို့ မောတောင်တို့ကို စစ်တပ်က ယမန်နေ့(မေလ ၁၉ ရက်)တွင် ပြန်လည်သိမ်းပိုက်လိုက်သည်။

နိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်၊ တွန်းဇံမြို့နှင့် တောင်ပိုင်းကမ်းရိုးတန်းဒေသ၊ ထိုင်းနယ်စပ်မြို့ မောတောင်တို့ကို တော်လှန်ရေးတပ်များလက်ထဲမှ စစ်တပ်က ယမန်နေ့(မေလ ၁၉ရက်)တွင် ပြန်လည်သိမ်းပိုက်လိုက်သည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ချင်းပြည်ကောင်စီ (CC) နှင့် ချင်းတော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်တွင် စစ်တပ်ထံမှ သိမ်းပိုက်ထားခြင်းဖြစ်သည်။ အလားတူ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းရှိရာ နယ်စပ်မြို့ မောတောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်မဟာမိတ်များက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မောတောင်ကို စစ်တပ်ပြန်လည်ဝင်ရောက်ကြောင်း မေလ ၂၀ ရက်ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် စစ်တပ်က သတင်းထုတ်ပြန်သည်။ ချင်းပြည်နယ် တွန်းဇံမြို့၏ အခြေအနေကိုမူ စစ်တပ်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

စစ်တပ်ပြန်သိမ်းသည့်မြို့ နှစ်မြို့။

စစ်တပ်လက်ဝယ် ပြန်ရောက်သွားသည့် တွန်းဇံ 

ချင်းပြည်ကောင်စီ (CC) နှင့် ချင်းတော်လှန်ရေးတပ်များ သိမ်းထားသော တွန်းဇံမြို့ကို စစ်တပ်က မေလ ၁၇ ရက်တွင် စတင်တိုက်ခိုက်ပြီးနောက် နှစ်ရက်အကြာ  မေလ ၁၉ ရက် နံနက်ပိုင်းတွင် ပြန်လည်တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ချင်းပြည်နယ် သတင်းများရေးသားဖော်ပြသည့် ဆူရ်းဘုန်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။

စစ်တပ်ဘက်က ဇိုမီးတော်လှန်ရေးတပ်မတော် Zomi Revolutionary Army (ZRA) က စစ်ကူပေးခဲ့သည်ဟုလည်း ဆူရ်းဘုန်တိုင်းမ် သတင်းဌာန၏ ရေးသားချက်အရသိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဆန့်ကျင်သည့် ချင်းတော်လှန်ရေးတပ်ဖြစ်သည့် ချင်းကာကွယ်ရေးတပ် CDF- တွန်းဇံ တပ်ဖွဲ့က ရဲဘော် နှစ်ဦးကို စစ်တပ်နှင့် ZRA က အရှင်ဖမ်းမိထားပြီး ချင်းတော်လှန်ရေးတပ်များ၏ တပ်ဖွဲ့ဝင်ကိုးဦး သေဆုံးကြောင်း ချင်းပြည်နယ်အခြေစိုက် သတင်းဌာနအချို့က ရေးသည်။

ထိခိုက်သေဆုံးမှုများကို Myanmar Now အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။ 

စစ်တပ်ဆန့်ကျင်သည့် ချင်းပြည်ကောင်စီ (CC) လက်အောက်ခံ ချင်းတော်လှန်ရေးတပ်တစ်ခု၏ သတင်းရင်းမြစ်  နှစ်ဦးကမူ တွန်းဇံမြို့အား စစ်တပ်လက်ထဲပြန်ပေးလိုက်ရသည်မှာ မှန်ကန်ကြောင်း Myanmar Now ကိုပြောသည်။

ချင်းတော်လှန်ရေးတပ် သတင်းရင်းမြစ်အမျိုးသားက “သူတို့က လူအင်အား အဆမတန်သုံးလာတယ်။ လေယာဉ်လည်း အဆမတန်သုံးလာတယ်။ သူတို့ဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ကြားညှပ်တိုက်လိုက်တော့ ကျွန်တော်တို့ဘက်ကနေလည်း အင်အားမရှိတာက တစ်မျိုး၊ လက်နက်ကျည်ဆန်ခဲယမ်းတွေ မလုံလောက်တာကတစ်မျိုးဆိုတော့ ကျွန်တော်တို့ဘက်က ဆုတ်ပေးလိုက်ရတာ” ဟု ပြောသည်။

စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်တွင် ထိုးစစ်ဆင်သိမ်းပိုက်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ နောက်ထပ်မြို့တစ်မြို့ကို ထပ်မံသိမ်းယူလာခြင်းဖြစ်သည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များသိမ်းထားသည့် မြို့ သုံးမြို့ရှိခဲ့သည့်အနက် ဖလမ်းနှင့် တွန်းဇံကို စစ်တပ်က ပြန်သိမ်းသွားပြီဖြစ်ရာ ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားသည့်မြို့ဟူ၍ ရိခေါရ်ဒါတစ်မြို့သာကျန်သည်။

ထိုင်းနယ်စပ်မြို့ကိုပြန်သိမ်းလိုက်သည့်စစ်တပ်

ချင်းပြည်နယ်တွင် စစ်တပ်က မြို့တစ်မြို့ ပြန်သိမ်းနိုင်သကဲ့သို့ မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်း မောတောင်မြို့ကိုလည်း စစ်တပ်က မေလ ၁၉ ရက်တွင် ပြန်လည် သိမ်းယူလိုက်သည်။

မြိတ်- တနင်္သာရီမှ မောတောင်အထိ ကားလမ်းအတိုင်း ကုန်စည်များ သယ်ပို့နိုင်သည့် အဆိုပါမြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၄ နှင့် ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်ထံက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သို့သော် ခြောက်လကျော်အကြာ မေလ ၁၉ ရက်ညနေပိုင်းတွင် စစ်တပ်က ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်လာခြင်းဖြစ်ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်အရသိရသည်။

မောတောင်ကို ပြန်ရရန် မေလ ၅ ရက်မှ စတင်၍ စစ်ကြောင်းများခွဲ၍ အဆင့်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကြီးငယ် ၂၀၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု စစ်တပ်ထိန်းချုပ်သတင်းစာတွင် ရေးသားသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က အလောင်း ၂၄ လောင်းနှင့် လက်နက် ၂၅ လက်ရသိမ်းပိုက်ရရှိခဲ့သည်ဟု စစ်တပ်က ဆိုသည်။ 

စစ်တပ်သည် မောတောင်အနောက်ဘက် သဲဖြူရွာဘက်မှ တဆင့် အင်အား တပ်ရင်း ၁၁ ရင်း အင်အား ၁၀၀၀ ကျော်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု မောတောင်တွင် စစ်တပ်ထိုးစစ်ကို ခုခံခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဆုတ်ရတဲ့အကြောင်းက ခဲယမ်းလိုအပ်တာရယ်။ သူတို့ကို တုံ့ပြန်မှုတွေက ကျွန်တော်တို့ရဲဘော်တွေ စစ်ပန်းလာတဲ့အတွက် ထိရောက်မှုနည်းသွားတဲ့အနေအထားပေါ့။ ဒီထက် ပိုမိုထိရောက်တဲ့ တုံ့ပြန်မှုတွေကို လိုချင်လို့ ခြေတစ်လှမ်းဆုတ်လိုက်တာ” ဟု PDF သတင်းရင်းမြစ်အမျိုးသားက ပြောသည်။

စစ်တပ်ဘက်ကမူ မောတောင်ကို ပြန်ရပြီးနောက် မြို့တွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး ၊ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေးနှင့် အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရေး လုပ်ဆောင်မည်ဟု စစ်တပ်ထိန်းချုပ်သတင်းစာတွင် ဆိုသည်။

ထို့အပြင် တနင်္သာရီတိုင်း၌ တော်လှန်ရေးသမားများ ပပျောက်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှု စစ်ဆင်ရေးကို ဆက်လက်တိုးမြှင့်လုပ်ဆောင်မည်ဟုလည်း စစ်တပ်က ပြောသည်။

မောတောင်မြို့ဒေသခံများအနေနှင့် မြို့တွင်းသို့ ပြန်လည်အခြေချနိုင်ပြီး မကြာမီတွင် ကုန်စည်စီးဆင်းမှုနှင့်        တနင်္သာရီ- မောတောင် သယ်ယူပို့ဆောင်ရေး လုပ်နိုင်တော့မည်ဟု  စစ်တပ်ထိန်းချုပ်သတင်းစာတွင် ရေးသားထားသည်။

မောတောင်ကို လက်လွှတ်လိုက်ရသော်လည်း ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မောတောင် -တနင်္သာရီ လမ်းပိုင်း စိုးမိုးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု မောတောင်တွင် စစ်တပ်ထိုးစစ်နှှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပေးသည်။

“မောတောင်ကို ပြန်ပေးလိုက်ရလို့ တော်လှန်ရေးက ပြီးသွားမှာမဟုတ်သလို ဆက်ပြီးတော့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေး တိုက်ပွဲဝင်သွားဦးမှာပါ” ဟု ၎င်းက ဆိုသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကလည်း စစ်တပ်သည် ဆုံးရှုံးသွားသည့် မြို့များကို ထိုးစစ်များဆင်နွှဲ၍ ပြန်လည်ရယူရန် ကြိုးပမ်းနေသည်ဟု မှတ်ချက်ပြုသည်။

တနင်္သာရီတိုင်းထဲ နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် နေရာ သုံးခုအနက် မောတောင်နှင့် ထီးခီးကို KNU နှင့် တော်လှန်ရေးတပ်က သိမ်းပိုက်ထိန်းချုပ်ခဲ့သော်လည်း မောတောင်ကို ပြန်လည်လက်လွှတ်လိုက်ရသဖြင့် ထီးခီးဒေသ တစ်ခုသာ KNU ထိန်းချုပ်မှုအောက်တွင် ကျန်သည်။

စစ်တပ်သည် ထီးခီးကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ဖွယ်ရှိသဖြင့် ကြိုတင်သတိထားရန်လိုသည်ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button