အီရန်က ဟော့မုဇ်ရေလက်ကြားမှာ ကုန်တင် သင်္ဘော နှစ်စင်းကို ဧပြီလ ၂၂ ရက် က ဖမ်းဆီးလိုက်တယ်လို့ အီရန်အစိုးရက ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာတော့ အဲဒီထဲက သင်္ဘောတစ်စင်းပေါ်ကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
အီရန်အစိုးရပိုင်သတင်းဌာန (IRIB) ကနေ ဖြန့်ဝေလိုက်တဲ့ အဲဒီဗီဒီယိုထဲမှာ မျက်နှာဖုံးစွပ်ထားတဲ့ အီရန်စစ်သားတွေဟာ လက်နက်တွေနဲ့အတူ ကုန်တင်သင်္ဘောရဲ့ ဘေးဘက်ကနေ တွယ်တက်ပြီး သင်္ဘောပတ်လည်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
ဧပြီလ ၁၉ ရက်နေ့တုန်းက အမေရိကန်တပ်ဖွဲ့တွေက အီရန်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့တာကြောင့် အီရန်ဘက်က လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပြီးနောက်မှာ အီရန်ဘက်က အခုလို လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အီရန်က အခုဖမ်းဆီးလိုက်တဲ့ သင်္ဘောနှစ်စင်းမှာ သင်္ဘောသား စုစုပေါင်း ၄၀ နီးပါး ပါသွားပြီးတော့ ဒီသင်္ဘောတွေထဲက တစ်စင်းဟာ ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ကုန်သေတ္တာတင် သင်္ဘောလုပ်ငန်းစုဖြစ်တဲ့ MSC ရဲ့ သင်္ဘောဖြစ်ပြီး နောက်တစ်စင်းကတော့ MSC ကပဲ ငှားရမ်းထားတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သမ္မတထရမ့်က အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်ပေမယ့် တီဟီရန်မြို့ရဲ့ လမ်းမတွေပေါ်မှာတော့ IRGC တပ်ဖွဲ့တွေဟာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ စစ်ရေးပြလှည့်လည်နေကြသလို “အမေရိကန် ပျက်စီးပါစေ” လို့ သူတို့က ကြွေးကြော်ပြီး သူတို့ရဲ့ လက်နက်အင်အားတွေကို ထုတ်ကြွားနေကြပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



