ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေနောက်ကျေးရွာတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အသက် ၅၀ ကျော်အရွယ် ဒေသခံ ငါးဦး သတ်ဖြတ်ခံခဲ့ရသည့်အပေါ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဟု ဒေသခံများက ယူဆကြပြီး အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ပြောကြသည်။
ရေနောက်ကျေးရွာနေ အသက် ၆၄ နှစ် ဦးတင်သိန်းနှင့် ဇနီးဖြစ်သူ ၅၂နှစ်အရွယ် ဒေါ်ခင်ဦး၊ အသက် ၅၇ နှစ်အရွယ် ဒေါ်အေးမြင့်၊ ၅၅ နှစ်အရွယ် ဦးလွင်ခိုင်နှင့် ဇနီးဖြစ်သူ ၅၀ အရွယ် ဒေါ်ရီရီချိုတို့ ဇွန်လ ၁၀ ရက်နေ့တွင် ပစ်သတ်ခံရခြင်း ဖြစ်သည်။
ထိုနေ့ ညပိုင်းအချိန်တွင် အထက်ပါလူများနေအိမ်ကို ဆိုင်ကယ်များဖြင့်ရောက်လာသည့် လက်နက်ကိုင်များက ဒလန် (စစ်တပ်သတင်းပေး) ဟု ဆိုကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်ဟု ရေနောက်ကျေးရွာ ဒေသခံများကို ကိုးကား၍ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“နှစ်ယောက်ကို ဒလန်ဆိုပြီး သတ်တာ၊ ကျန်သုံးယောက်က မျက်မြင်ဆိုပြီး သတ်ပစ်တာ”ဟု ၎င်းက ဆိုသည်။
အသတ်ခံရသူများသည် ကြုံရာကျပန်းအလုပ်ဖြင့် အသက်မွေးသူများဖြစ်ပြီး စစ်တပ်သတင်းပေး ဟုတ်မဟုတ် မသိရသေးကြောင်း ၊ အလောင်းများကို နောက်တစ်နေ့မှာ သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ရေနောက်ဒေသခံ ငါးဦးကို သတ်ဖြတ်သွားသူများမှာ သာယာဝတီခရိုင်အတွင်း လှုပ်ရှားနေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ဖွဲ့ တစ်ခုဖြစ်ကြောင်း ဒေသခံအချို့နှင့် အဆိုပါဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ သိရှိစုံစမ်းထားသည့် အချက်လက်များအပေါ်ကို အခြေခံ၍ ပြောကြသည်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော News of Myanmar ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေနောက်ကျေးရွာတွင် ဇွန်လ ၁၀ ရက်၌ PDF ၁၅ ဦးခန့်က ဆိုင်ကယ်ရှစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ဦးလွင်ခိုင် ၊ ဦးတင်သိန်း ၊ ဒေါ်ရီရီချို ၊ ဒေါ်ခင်ဦးနှင့် ဒေါ်အေးမြင့်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

သို့ရာတွင် Myanmar Now က မေးမြန်းခဲ့သည့် ဒေသခံများနှင့် NUG လက်အောက်ခံ တော်လှန်ရေး တပ်ဖွဲ့ဝင် အချို့က မည်သည့်အဖွဲ့ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြပြီး ခရိုင်တပ်ရင်းတစ်ခု ဖြစ်သည်ဟုသာ ဆိုကြသည်။
NUG လက်အောက်ခံ တော်လှန်ရေးတပ်တစ်ခုမှ တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ထိုကဲ့သို့ အစုလိုက် သတ်ဖြတ်မှုအပေါ်ကို ၎င်းအနေဖြင့်မထောက်ခံကြောင်း ဆိုသည်။
“စိတ်ထဲ မကောင်းပါဘူးဗျ၊ တော်လှန်ရေးက တော်လှန်ရေးနဲ့ကို မတူတော့ဘူး၊ လူသတ် ဓားပြတိုက်တွေလား မသိပါဘူး၊ ဒလန်ဆိုလည်း အဲဒီလိုကြီးတော့ မလုပ်သင့်ဘူးဗျ၊ အစုလိုက်အပြုံလိုက်သတ်တာတော့ အားမပေးဘူးဗျ”ဟု ၎င်းက မှတ်ချက်ပြုသည်။
သာယာဝတီခရိုင်၊ လက်ပံတန်းမြို့အနီး လှုပ်ရှားနေသည့် NUG လက်အောက်ခံ အခြားတပ်ဖွဲ့တစ်ခုမှ အရာရှိတစ်ဦးက ထိုဖြစ်စဉ်ကို ကြားသိထားသော်လည်း မည်သည့်တော်လှန်ရေးအဖွဲ့က လုပ်ဆောင်သည်ကို အတိအကျမသိရှိရသေးကြောင်း ဆိုသည်။
ထိုသို့ NUG တပ်များက ကျေးရွာတစ်ခုတည်းမှ လူ ငါးဦးကိုသတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ မွန်းလွဲ သုံးနာရီကျော်အထိ ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။
ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း စစ်တပ်သတင်းပေးများကို ရှင်းလင်းသတ်ဖြတ်မှုများ မကြာခဏ ရှိနေသလို တိုက်ပွဲများလည်း ယမန်နှစ်ကုန်ကတည်းက ပြင်းထန်နေသည်။
သာယာဝတီခရိုင်အတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာန၏ နည်းဗျူဟာ (၂၂) နှင့် ၎င်းလက်အောက်တွင် အမှတ် ၃၈၀၁၊ ၃၈၀၂၊ ၃၈၀၃ တပ်ရင်းများနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ (သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁) တိုက်ခိုက် ရေးအဖွဲ့ )တို့ အခြေစိုက်လှုပ်ရှားကြသည်။
ရေနောက်ရွာ ဒေသခံအရပ်သား ငါးဦးသတ်ဖြတ်ခံရမှုသည် တော်လှန်ရေးအဖွဲ့များ လက်ချက်ဖြစ်ပါက ဝန်ခံရန် လိုအပ်ကြောင်း တော်လှန်ရေးတပ်များနှင့်နီးစပ်သူ သာယာဝတီခရိုင်အတွင်း နေထိုင်သည့် အထက်ပါဒေသခံ အမျိုးသမီးက ဆိုသည်။
“တော်လှန်ရေးအဖွဲ့က သတ်တာလို့တော့ ဝန်ခံရလိမ့်မယ်၊ တော်လှန်ရေးအဖွဲ့ကသတ်တယ်ဆိုပေမယ့် ဒီသာယာဝတီခရိုင်မှာ လူသတ်တာ ကြိုက်တာတော့ မကြိုက်ဘူး၊ ဒါပေမဲ့ တချို့ကျတော့ ဒလန်စစ်မှန်လို့ သတ်တာတော့ရှိတယ်။ ဒါတွေက ထိပ်ပိုင်းတွေရော တော်လှန်ရေး ခေါင်းဆောင်တွေကရော လိုအပ်နေတာပါ” ဟု ၎င်းက ပြောသည်။
“ (တော်လှန်ရေးဘက်က သတ်တယ်) ဒီလိုပြောလိုက်တော့ ပြည်သူတွေက တော်လှန်ရေးအပေါ်မှာ စိတ် အားငယ်သွားမှာ ပုံရိပ်ကျမှာလည်း စိုးရိမ်တယ်” ဆိုသည်။
လက်ပံတန်းမြို့နယ် ရေနောက်ကျေးရွာရှိ ဒေသခံများ သတ်ဖြတ်ခံရသည့်အပေါ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် ကျူးလွန်သူများကို စစ်ဆေးအရေးယူပေးရန် တောင်းဆိုလိုကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။
“ပြည်သူတွေအနေနဲ့ အားကိုးထားတဲ့ တော်လှန်ရေးအစိုးရ အနေနဲ့ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ အရေးယူဖို့ ဆောင်ရွက်စေလိုပါတယ်၊ အဲဒီလိုမှ မဆောင်ရွက်ပေးဘူးဆိုရင် ပြည်သူတွေအနေနဲ့ တော်လှန်ရေး အပေါ်ယုံကြည်တာ ယုတ်လျော့လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
သာယာဝတီခရိုင်ပကဖဖြစ်သော ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်ပံတန်းမြို့နယ်အတွင်း အရပ်သား ငါးဦး၊ မင်းလှမြို့နယ်တွင် အရပ်သား တစ်ဦးအသတ်ခံရမှုသည် ၎င်းတို့နှင့်သက်ဆိုင်ခြင်း မရှိကြောင်း၊ စုံစမ်းစစ်ဆေးနိုင်ရန် အထက်သို့ အဆင့်ဆင့်တင်ပြထားပြီးကြောင်း ယနေ့ (ဇွန်လ ၁၅ ရက်) တွင် ထုတ်ပြန်ထားသည်။
Myanmar Now အနေဖြင့် လက်ပံတန်းမြို့နယ်အတွင်း အရပ်သား ငါးဦး အသတ်ခံရသည့်ကိစ္စအပြင် မင်းလှမြို့နယ်တွင် အရပ်သား တစ်ဦးသတ်ခံရသည့်ကိစ္စကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ပဲခူးတိုင်းအနောက်ခြမ်းကို ယမန်နှစ်ကုန်ကတည်းက စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာ ရန်ကုန်- ပြည်လမ်းမကြီးပေါ်ရှိ မင်းလှ၊ ဇီးကုန်း၊ လက်ပံတန်း၊ နတ်တလင်းတို့တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး နတ်တလင်းအရှေ့ခြမ်းသည် အဆိုးဆုံး ဖြစ်ခဲ့သည်။
စစ်တပ်စစ်ကြောင်းများနှင့် လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ နှစ်ဖက်တိုက်ပွဲများကြောင့် နတ်တလင်း မြို့နယ်အရှေ့ပိုင်း ကျေးရွာ ဆယ်ဂဏန်းခန့်မှ သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးခဲ့ရပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ရန်ကုန်- ပြည်ကားလမ်း၏ အရှေ့မြောက်ဘက် ၁၂ မိုင် အကွာ၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမတောင်ခြေအနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေသလို အရပ်သားအချို့ အသတ်ခံရကာ နေအိမ်များ မီးရှို့ခံထားရသည်။
PDF တောင်ပိုင်းတိုင်း စစ်ဗျူဟာ (၂၂) ၏ ဗျူဟာမှူး ဗိုလ်စောဂျိမ်းသည် အုတ်ဖိုမြို့နယ်အတွင်း ပြီးခဲ့သည့် မေလကုန်ခန့်တွင် လေယာဉ်ဗုံးစ ထိမှန်ခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။



