၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ဥရောပ၏ စစ်ရေးမဟာအင်အားကြီး ရုရှား နိုင်ငံက ယူကရိန်းကို ကျူးကျော်စစ်ခင်းခဲ့သည်။ ကျူးကျော်သူ ရုရှားစစ်တပ်ကို နည်းလမ်းပေါင်းစုံဖြင့် ခုခံ တိုက်ပွဲဝင်နေသော ယူကရိန်းစစ်တပ်က ရုရှားတို့၏ တန်ဖိုးကြီးစစ်ရေးပစ်မှတ်များကို FPV အသေခံဒရုန်း များဖြင့် တိုက်ခိုက်ချေမှုန်းအနိုင်ယူလာချိန်တွင် စစ်မြေပြင်၏ ချိန်ခွင်လျှာအပြောင်းအလဲကို စတင်မြင်တွေ့လာရခဲ့သည်။ ယခုအခါ ယူကရိန်း- ရုရှားစစ်မြေပြင်က ဖြစ်စဉ်မျိုး မြန်မာ့စစ်မြေပြင်တွင် စတင်တွေ့မြင်နေရပြီဆိုလျှင် ယင်းသည် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုမဟုတ်သည်က သေချာပါသည်။
မကြာသေးမီက ထိုဖြစ်ရပ်မျိုး မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း မြိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည် မဟုတ်ပါလား။ အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံမှ ဝယ်ယူထားသည့်၊ အမေရိကန်ဒေါ်လာ သန်းနှင့်ချီတန်ဖိုးရှိသည့် Mi-17 စစ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က ဒေါ်လာရာဂဏန်းမျှသာ တန်ဖိုးရှိသည့် FPV အသေခံဒရုန်း အငယ်စားများဖြင့် တိုက်ခိုက်နိုင်ခဲ့သော ရုပ်သံမှတ်တမ်းကို ပြည်သူများ ကြည့်ရှုခွင့်ရရှိခဲ့သည်။ ဥရောပစစ်မြေပြင်တွင်သာ တွေ့ရလေ့ရှိသော ထိုမြင်ကွင်းကို စစ်တပ်၏ ရက်စက်မှုအပေါင်း ခါးသီးစွာ ခံစားနေရသော ပြည်သူများ တွေ့မြင်ရချိန်တွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားလိုသော ၎င်းတို့၏ မျှော်လင့်ချက်များအတွက် အားတက်စေခဲ့မည်မှာ အမှန်ပင် ဖြစ်သည်။
ရုရှား၏ ရန်ကို ရင်ဆိုင်နေရသည့် ယူကရိန်းသည် အမေရိကန်နှင့် ဥရောပနိုင်ငံများထံက ဒေါ်လာ ဘီလီယံပေါင်းရာနှင့်ချီ စစ်ရေးအကူအညီများ လက်ခံရရှိနေသည်။ ထိုအခြေအနေနှင့် ဆန့်ကျင်ခြားနားလွန်းလှသော မြန်မာနိုင်ငံတွင်မူ နိုင်ငံတကာအသိုက်အဝန်း၏ လျစ်လျူရှု အမေ့လျော့ခံ ဖြစ်နေသော တော်လှန်ရေး လူငယ်များက ရုရှားနိုင်ငံထုတ် Mi-17 သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်များကို FPV အသေခံဒရုန်းများဖြင့် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ပြီဖြစ်သည်၊ ရင်းနှီးပေးဆပ်မှုများစွာဖြင့် ရရှိခဲ့သော တန်ဖိုးကြီးရလဒ် ဖြစ်ပါသည်။
ရုရှား- ယူကရိန်းစစ်ပွဲက “နယ်ချဲ့ကျူးကျော်စစ်” ဖြစ်ပြီး၊ မြန်မာနိုင်ငံ စစ်ပွဲများက ကိုယ့်ပြည်သူကို ဖိနှိပ် ရက်စက်သတ်ဖြတ်သော၊ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသော “ပြည်တွင်းစစ်” ဖြစ်သည်။ ယဉ်ကျေးသော ခေတ်သစ်ကမ္ဘာကြီးတွင် မရှိသင့်သည့်၊ အကျည်းတန်လှသည့် စစ်ပွဲများ ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် နှစ်ပေါင်း ၈၀ နီးပါး ပြည်တွင်းစစ်မီး တောက်လောင်နေသည့် မြန်မာနိုင်ငံက ပြည်သူများသည် အင်အားကြီးရုရှားစစ်တပ်၏ မတရားကျူးကျော်မှုကို အန်တုတော်လှန်နေသော ယူကရိန်း ပြည်သူများနှင့် ကြုံတွေ့နေရသည့်ဖြစ်စဉ် ကွဲပြားသော်လည်း “လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ” အတွက် တိုက်ပွဲဝင်နေကြသူများသာ ဖြစ်သည်။
စင်စစ် ယူကရိန်းနှင့် မြန်မာပြည်သူများ တူညီစွာရင်ဆိုင်နေရသည်က ရုရှားလုပ် တိုက်လေယာဉ်များ၊ ရဟတ် ယာဉ်များနှင့် လက်နက်ကြီးများ မဟုတ်ပါလား။ ယခုအခါ ဥရောပစစ်မြေပြင်တွင် အင်အားကြီး ရုရှားစစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျမှုများကို ယူကရိန်းစစ်တပ်က ခုခံအနိုင်ယူနေသည့် FPV အသေခံဒရုန်းများ၏ စွမ်းရည်သည် ကီလိုမီတာ ထောင်နှင့်ချီ ကွာလှမ်းသော မြန်မာနိုင်ငံတွင် တွေ့မြင်နေရပြီ၊ စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာပြည်သူများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ဖျက်နေသည်ကို ကမ္ဘာကြီးက လျစ်လျူမရှုသင့်ပေ။
အင်အားနှင့်အရင်းအမြစ် အချိုးမညီသော စစ်ပွဲတစ်ခုတွင် အင်အားနည်းသောအုပ်စုက စစ်မြေပြင်၌ အင်အားကြီးစစ်တပ်ကို သမာရိုးကျ မဟုတ်သောစစ်ပွဲ (Asymmetrical Warfare) ဖြင့် အနိုင်ယူရာတွင် FPV အသေခံ ဒရုန်းများသည် ခေတ်သစ်စစ်ပွဲများ၏ မဟာဗျူဟာလက်နက် ဖြစ်လာနေသည်။ ကုန်ကျစရိတ်အနည်းဆုံး FPV အသေခံဒရုန်းများသည် ရန်သူ၏ တန်ဖိုးကြီးပစ်မှတ်များကို အထိရောက်ဆုံး ချေမှုန်း တိုက်ခိုက်နိုင်သည်ကို ယခုအခါ ယူကရိန်းစစ်တပ်က ရုရှားတို့၏ ကျူးကျော်စစ်ကို တန်ပြန်ချေမှုန်းနိုင်သော ဖြစ်စဉ်များအရ တွေ့မြင်လာရပြီ ဖြစ်သည်။
ထို့အတူ မြန်မာ့စစ်မြေပြင်တွင် ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များဖြင့် လွန်ခဲ့သော ငါးနှစ်ကျော်လုံးလုံး နိုင်ငံအနှံ့ အရပ်သားပြည်သူများ၏ ရပ်ရွာများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်တပ်က လေကြောင်းအသာစီးယူ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေခဲ့ရာမှ၊ ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များ၏ FPV အသေခံ ဒရုန်းများဖြင့် တန်ပြန်ခြိမ်းခြောက်မှုကို ကြုံတွေ့လာရပြီ ဖြစ်သည်။ စစ်လက်နက်ပစ္စည်းများနှင့် စစ်ရေးနည်းပညာများကို လေ့လာသုံးသပ် နေသော Tactical Raptor 2.0 အဖွဲ့ကလည်း ထိုအချက်ကို ထောက်ပြသည်။
“စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းတွေကိုသာမက အခွင့်အရေးရရင် အနိမ့်ပျံရဟတ်ယာဉ်တွေကိုပါ ပစ်ချ ဖျက်ဆီးနိုင်ဖို့ ဆိုတာက FPV ဒရုန်းတွေ မပေါ်ထွက်ခင်က အိမ်မက် မက်ဖို့တောင် မလွယ်ကူတဲ့အရာတွေ ဖြစ်ပါတယ်။ လက်ရှိ နည်းပညာတွေအရ FPV ဒရုန်း၊ အထူးသဖြင့် fiber optic FPV ဒရုန်းတွေရဲ့ တိုက်ခိုက်မှုရန်က ကာကွယ်ရတာ အင်မတန်ခက်ခဲပါတယ်။ ဒါ့ကြောင့် စစ်မြေပြင်မှာ အကြမ်းဖက် စစ်တပ်ကို အထိနာ စေနိုင်ဖို့ FPV ဒရုန်းနည်းပညာက အင်မတန်အရေးကြီးလာတယ် ဆိုတာ ငြင်းလို့မရပါဘူး” ဟု Tactical Raptor 2.0 အဖွဲ့က Myanmar Now ကို ပြောသည်။

FPV ဒရုန်းနည်းပညာကို အသေခံဒရုန်းများ (Kamikaze Drones) အဖြစ် ယူကရိန်းစစ်မြေပြင်တွင် စတင် အသုံးပြုခဲ့ရာမှ မြန်မာစစ်မြေပြင်အထိ ရောက်ရှိလာပုံက စိတ်ဝင်စားစရာကောင်းလှပြီး၊ နည်းပညာခေတ်ကြီး တွင် အချိန်နှင့်နေရာ (Time & Space) ဆိုသည့် အတားအဆီး အကန့်အသတ်များကို ခေတ်သစ်စစ်ပွဲများက အလျင်အမြန် ကျော်လွှားနိုင်ခဲ့သော ဖြစ်စဉ်တစ်ခုအဖြစ် မြင်တွေ့ခဲ့ရခြင်း မဟုတ်ပါလား။
စစ်အာဏာရှင်စနစ်ကို ဒရုန်းနည်းပညာဖြင့် တော်လှန်နေသော မျိုးဆက်သစ်လူငယ်များ
မြိုင်မြို့နယ်အတွင်း FPV အသေခံဒရုန်းများဖြင့် Mi-17 တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ပထမဆုံးအကြိမ် မဟုတ်ပါ။ ၂၀၂၅ ခုနှစ် မေလအတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက Mi-17 ရဟတ်ယာဉ်နှစ်စီးကို FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထိုတိုက်ခိုက်မှုကို အစောဆုံး မှတ်တမ်းအဖြစ် ပြည်သူများ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ချင်းပြည်နယ် စစ်မြေပြင်၌ FPV အသေခံဒရုန်းများဖြင့် စစ်တပ်ခြေကုပ်စခန်း ကတုတ်ကျင်းများ၊ ဘန်ကာများထဲအထိ အတိအကျ တိုက်ခိုက်နိုင်ခဲ့သော မှတ်တမ်း များ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ အင်းတော်နှင့် မော်လူးမြို့များကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသော စစ်တပ်၏စစ်ယာဉ်တန်းနှင့် လူနေအဆောက်အအုံများအတွင်း တပ်စွဲထားသော စစ်သားများကို ရှာဖွေတိုက်ခိုက်ချေမှုန်းခဲ့သော မှတ်တမ်းများလည်း ပြည်သူများ မြင်တွေ့ခဲ့ရသည်မှာ ခေတ်သစ်သိပ္ပံ စစ်ပွဲ ဇာတ်ကားများ ကြည့်နေရသည့်အလား ဖြစ်သည်။
မြန်မာပြည်တွင်းစစ်တွင် အရပ်ဘက်သုံး ဒရုန်းနည်းပညာကို စစ်ရေးတွင် စတင်ပြောင်းလဲအသုံးချရန် ကြိုးပမ်းခဲ့သူများမှာ အာဏာသိမ်းစစ်တပ် မဟုတ်သလို၊ စစ်တပ်ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်တိုက်ခိုက်လာခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မဟုတ်ကြပါ။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြသော ခေတ်ပညာတတ် လူငယ်မျိုးဆက်သစ်များ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် လေကြောင်း နည်းပညာတက္ကသိုလ်ကဲ့သို့ နည်းပညာသင်တန်းကျောင်းများမှ တော်လှန်ရေးထဲ ဝင်ရောက်လာခဲ့ကြသော CDM ကျောင်းဆရာများ၊ ကျောင်းသားများနှင့် စစ်အာဏာ မသိမ်းမီ ဒရုန်းနည်းပညာကို အပျော်တမ်းလေ့လာ ရင်းနှီးကျွမ်းဝင်ခဲ့ကြသော လူငယ်အများအပြား ပါဝင်မည်ဟု ခန့်မှန်းနိုင်ပါသည်။
မျိုးဆက်သစ် ဒရုန်းပညာရှင် လူငယ်များသည် အရပ်ဘက်သုံး ဒရုန်းများကို ဗုံးများသယ်ဆောင်နိုင်ရန် ပုံစံပြောင်း အဆင့်မြှင့်တင်ပြီး ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့်၊ စစ်ရေးတွင် စတင်အသုံးပြုလာခြင်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့် ပထမနှစ်အတွင်း နိုင်ငံ၏အရှေ့တောင်ပိုင်း ထိုင်း- မြန်မာ နယ်စပ်ဒေသ တွင် စတင်တွေ့မြင်လာရခြင်း ဖြစ်သည်။ Federal Wings ဆိုသည့်အဖွဲ့သည် နွေဦးတော်လှန်ရေး၏ ပထမဆုံးသော ဒရုန်းတပ်ဖွဲ့များထဲက တစ်ခုဖြစ်သည်။ ထိုအဖွဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလမှစ၍ ပြည်သူများသို့ စတင်အသိပေးခဲ့သော်လည်း ၂၀၂၁ ခုနှစ်ကတည်းက လျှို့ဝှက်စွာ လှုပ်ရှားနေခဲ့သည့်အဖွဲ့ ဖြစ်သည်။
ထို့အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ချင်းပြည်နယ် ဖလမ်းမြို့၌ Anti-Fascist Internationalist Front (AIF) အဖွဲ့ ပေါ်ပေါက်လာပြီး၊ မြန်မာပြည်က စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေးတွင် နိုင်ငံတကာမှ ပုဂ္ဂလိက ဒရုန်းပညာရှင်များ ပါဝင်ကူညီလာသည့် ပထမဆုံး အထောက်အထား ဖြစ်သည်။ AIF နှင့်အတူ ပေါ်ထွက်လာသည်က အမျိုးသမီး ဒရုန်းတိုက်ခိုက်ရေး သမားများဖြင့် ဖွဲ့စည်းထားသော စုန်းမအဖွဲ့ ဖြစ်သည်။ ထို့အတူ နိုင်ငံအနှံ့ ဒရုန်းအဖွဲ့များ ဒါဇင်နှင့်ချီ ပေါ်ထွက်လာခဲ့ပြီး၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များတွင်လည်း ဒရုန်းတပ်ဖွဲ့များဖွဲ့စည်း တိုက်ပွဲဝင်နေ သည်။
စစ်တပ်သည် ပြည်ပကျူးကျော်စစ်အတွက် တိုင်းပြည်၏ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲ၍ ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် အဓိကဖွဲ့စည်း တည်ဆောက်ထားသော လေတပ်ကို ပြည်တွင်းစစ်တွင် အသုံးချလာသည့်အခါ၊ တော်လှန်ရေးအင်အားစုများကလည်း စစ်တပ်ကို အနိုင်ယူနိုင်မည့် ဝေဟင်လက်နက်အဖြစ် ဒရုန်းများကို တီထွင်အသုံးချ ခုခံတိုက်ခိုက်လာခြင်း ဖြစ်သည်။
အရပ်ဘက်သုံးဒရုန်း အမြောက်အမြားဖြင့် ဝေဟင်စစ်ဆင်ရေး ဆင်နွှဲပြီး၊ စစ်ရေးအောင်မြင်မှုများစွာ၏ အဆုံးအဖြတ် ရလဒ်များကို ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဖြစ်သည်။ ထိုစစ်ဆင်ရေးကို မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းမှ စတင်ဖော်ဆောင်ခဲ့ပြီး၊ တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံးဒရုန်းများကို ပုံစံပြောင်း၍ စစ်တပ်၏ စခန်းကြီး/ငယ် အများအပြားကို ဝေဟင်မှဗုံးမိုးရွာချ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ရှမ်းမြောက်တစ်ခွင်လုံးကို အကြမ်းဖက်စစ်တပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
စစ်မြေပြင်၏ အဆုံးအဖြတ်ဖြစ်လာသော ဒရုန်းနည်းပညာ ပြိုင်ဆိုင်မှု
စစ်တပ်သည် “၁၀၂၇ စစ်ဆင်ရေး” တွင် အကြီးအကျယ် စစ်ရှုံးနိမ့်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများ အသုံးပြုသည့် ဒရုန်းနည်းပညာကို အလျင်အမြန် သင်ယူလေ့လာခဲ့ပြီး၊ ၎င်းတို့၏ တိုက်ခိုက်ရေးတပ်ရင်းများ တွင် ဒရုန်းတပ်ဖွဲ့များကို တွဲဖက်ဖွဲ့စည်း၍ တန်ပြန်ထိုးစစ်များကို ၂၀၂၅ ခုနှစ်တွင် စတင်လုပ်ဆောင်လာ နိုင်ခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒရုန်းနည်းပညာနှင့် ပစ္စည်းများကို မဟာမိတ်ရုရှားနှင့် တရုတ်နိုင်ငံတို့ထံက အကူအညီရယူထားသည်၊ တော်လှန်ရေးအင်အားစု အသုံးပြုနေသော ဒရုန်းများကို ထိရောက်စွာ ဟန့်တားဖျက်ချနိုင်သည့် နည်းပညာများ (Anti-drone Technologies) ကိုပါ ရယူနိုင်ခဲ့သည်။ ကိုးကန့်နှင့် တအာင်း/ပလောင်တပ်များ အပစ်ရပ်စေရန်လည်း တရုတ်အကူအညီရယူပြီး စီစဉ်နိုင်ခဲ့သဖြင့် များစွာအသက်ရှူချောင်ခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်မှစ၍ ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်များရှိ ဆုံးရှုံးခဲ့ရသော မြို့အချို့ကို စစ်တပ်က တဖြည်းဖြည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအခြေအနေတွင် အင်အားနှင့်အရင်းအမြစ် အဆမတန်သာလွန်သော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်မြေပြင်တွင် အဆုံးအဖြတ်ပေးမည့် နည်းပညာပြိုင်ပွဲတစ်ခုကို တွေ့မြင်လာရသည်။ စစ်တပ်သည် ဒရုန်းဖျက်ချသည့် နည်းပညာကို ရယူလာနိုင်သည်နှင့်အမျှ တော်လှန်ရေးအင်အားစုများသည် ထိုနည်းပညာကို ကျော်လွှားနိုင်မည့် FPV အသေခံဒရုန်းနည်းပညာကို အဆင့်မြှင့်တင် ရယူသုံးစွဲလာနိုင်ကြောင်း တွေ့မြင်လာရသည်။
အများပြည်သူ လေ့လာနိုင်သော မှတ်တမ်းများအရ တော်လှန်ရေးတပ်ဖွဲ့များ FPV အသေခံဒရုန်းများကို စစ်မြေပြင်တွင် အသုံးချနိုင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ် အစောပိုင်းကာလဖြစ်၍ အချိန်ကာလအားဖြင့် နှစ်နှစ်ခန့်သာ ရှိသေးသည်။ တော်လှန်ရေးအင်အားစု အသုံးပြုနေသော FPV အသေခံဒရုန်းများကို စစ်တပ်၏ ဒရုန်းဖျက်ချသည့် နည်းပညာများက ဟန့်တားနိုင်ခြင်းမရှိသဖြင့် စစ်မြေပြင်တွင် အာဏာသိမ်းတပ်ကို ထိရောက်စွာ ခြိမ်းခြောက်နိုင်သော လက်နက်တစ်ခု ဖြစ်လာသည်။
သို့သော် တော်လှန်ရေးအင်အားစုတွင် အရင်းအမြစ်ကန့်သတ်ချက်ကြီးမားသဖြင့် စစ်မြေပြင်တွင် FPV အသေခံဒရုန်းကို အရေအတွက် အများအပြား သုံးစွဲနိုင်ခြင်းမရှိသေးကြောင်း တွေ့မြင်နေရသည်။ အလုံးအရင်း သုံးစွဲနိုင်မည်ဆိုလျှင် “၁၀၂၇ စစ်ဆင်ရေး”ကဲ့သို့ နိုင်ငံအနှံ့ စစ်တပ်၏ စစ်ရှုံးနိမ့်မှုများကို ထပ်မံ တွေ့မြင်ရနိုင်ဖွယ် ရှိသည်။
ထိုအချက်နှင့်စပ်လျဉ်း၍ Tactical Raptor 2.0 အဖွဲ့ကလည်း အလားတူ သုံးသပ်သည်။
“ကီလိုမီတာ ဒါဇင်နဲ့ချီပြီး ပျံသန်းနိုင်တဲ့ တာဝေး FPV ဒရုန်းအဆင့် ရောက်အောင် တက်လှမ်းနိုင်မှသာ စစ်တပ်ရဲ့ လေတပ်စခန်းတွေ၊ လက်နက်စက်ရုံတွေ၊ လက်နက်ကြီးစခန်းတွေ၊ ထောက်ပို့ လမ်းကြောင်းတွေကို တိုက်ခိုက်နိုင်ပြီး ဒေသတွင်းမှာ စစ်ဆင်ရေးအခွင့်အလမ်းတွေ ဖော်ဆောင်လာနိုင်မှာပါ။ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ FPV ဒရုန်းသုံးနိုင်တဲ့အခြေအနေ တိုးတက်လာမှသာ အကြမ်းဖက်စစ်တပ်ကို ဒူးထောက်ကျလောက်အောင် အထိနာစေနိုင်မှာပါ” ဟု ထိုအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် အသေခံဒရုန်းများ အသုံးပြုလျက်ရှိသော်လည်း၊ FPV အသေခံဒရုန်းများဖြင့် တော်လှန်ရေးအင်အားစုကို တိုက်ခိုက်သည့်မှတ်တမ်းများ ထွက်ပေါ်လာခြင်း မရှိသေးပါ။ သို့ရာတွင် နည်းပညာ ပျံ့နှံ့မှု လွယ်ကူမြန်ဆန်သော ခေတ်ကြီးတွင် စစ်တပ်လည်း FPV အသေခံဒရုန်းများကို အသုံးပြုနေပြီဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်းရှိ စစ်တပ်၏ ပွိုင့် ၁၈၈၊ ပွိုင့် ၂၈၈ နှင့် ပွိုင့် ၁၄၈ စခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ သိမ်းဆည်းရမိသော လက်နက်များ၏ မှတ်တမ်းဓာတ်ပုံကို ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ရာ ပုံထဲတွင် FPV အသေခံဒရုန်းကိုယ်ထည် ခုနစ်ခု ပါဝင်နေသည်ကို တွေ့ရှိရကြောင်း Tactical Raptor 2.0 အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
FPV အသေခံဒရုန်း သို့မဟုတ် ပစ်မှတ်တိကျသော ပဲ့ထိန်းဗုံးပျံများ
FPV ဆိုသည်မှာ First Person View ၏ အတိုကောက်အသုံးအနှုန်း ဖြစ်ပြီး၊ ဒရုန်းတွင် တပ်ဆင်ထားသော ကင်မရာမှတဆင့် ဒရုန်းပျံသန်းလမ်းကြောင်း၊ ပစ်မှတ်ကို ရှာဖွေခြင်းနှင့် ချေမှုန်းခြင်း ဖြစ်စဉ်တစ်ခုလုံးကို ဒရုန်းပိုင်းလော့ (Drone Pilot) က လုပ်ဆောင်နိုင်ပါသည်။ လေယာဉ်မောင်းသူက လေယာဉ်ကို ပိုင်းလော့ထိုင်ခုံမှ ထိန်းကျောင်းမောင်းနှင်နိုင်သကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ဒရုန်းမောင်းနှင်သူများကိုလည်း ဒရုန်းပိုင်းလော့ဟု သုံးနှုန်းကြသည်။
ဒရုန်းပိုင်းလော့သည် လက်နှစ်ဖက်ဖြင့် လွယ်ကူစွာ ကိုင်တွယ်၍ ထိန်းကျောင်းမောင်းနှင်သည့် ၁၀ လက်မခန့် ရှိသော မြင်ကွင်းဖန်သားပြင်ပါသည့် ကိရိယာကို အသုံးပြုပြီး၊ ဖန်သားပြင်ပေါ်မှတဆင့် သို့မဟုတ် မျက်နှာတွင် တပ်ဆင်ထားသော မျက်မှန် (Goggles) မှတဆင့် ဒရုန်းပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ပစ်မှတ်တည့်တည့် ရောက်ရှိသည်အထိ ကြည့်ရှုမောင်းနှင်နိုင်ပြီး၊ ပစ်မှတ်ကို အတိအကျ ပစ်ခတ် ချေမှုန်းနိုင်သည်။
FPV ဒရုန်းသည် ရေဒီယိုလှိုင်း အမျိုးမျိုးဖြင့် မောင်းနှင်နိုင်သည့် အမျိုးအစားနှင့် အလွန်သေးမျှင်လှသော ဖိုက်ဘာကြိုးမျှင် (Fiber Optic) ဖြင့် မောင်းနှင်သည့်အမျိုးအစား ဟူ၍ ရှိသည်။ ရေဒီယိုလှိုင်းအသုံးပြုသော ဒရုန်းသည် ရန်သူ၏ Jammer ခေါ် လှိုင်းနှောင့်ယှက်သည့် ကိရိယာကြောင့် ပျက်ကျနိုင်ပါသည်။ သို့သော် ဖိုက်ဘာကြိုးမျှင် အသုံးပြုသော ဒရုန်းများသည် လှိုင်းနှောင့်ယှက်သည့် ကိရိယာ၏ ဟန့်တားမှုကို ရာနှုန်းပြည့် ကျော်ဖြတ်နိုင်ပြီး၊ ၎င်းကို ဟန့်တားနိုင်သော နည်းပညာ လတ်တလော ပေါ်ပေါက်ခြင်း မရှိသေးပါ။
Tactical Raptor 2.0 အဖွဲ့က တော်လှန်ရေးတပ်ဖွဲ့များ ဖိုက်ဘာကြိုးမျှင် ဒရုန်းများကို အသုံးပြုနေသည့် အထောက်အထား မတွေ့ရှိရသေး ဟု ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ရေဒီယိုလှိုင်းအသုံးပြုသော ဒရုန်းကို အန္တရာယ်ပြုနိုင်သည်မှာ လှိုင်းနှောင့်ယှက်သည့် ကိရိယာ ဖြစ်သည်။ သို့သော် တော်လှန်ရေးအင်အားစုက အကြမ်းဖက်စစ်တပ် အသုံးပြုနေသော Jammer များကိုပင် FPV ဒရုန်းများဖြင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိနေကြောင်း တွေ့ရှိရသည်။
FPV ကို ဗုံးတပ်ဆင်ပြီး အသေခံချေမှုန်းရေး ဒရုန်းအဖြစ် အသုံးပြုခြင်းသက်သက် မဟုတ်ချေ။ ရန်သူ့ စခန်းတည်နေရာများ၊ ဒရုန်း စောင့်ကြည့်ထောက်လှမ်းနိုင်သော လေကြောင်းရန်ကာကွယ်ရေးစနစ် တည်နေရာများ၊ ဒရုန်းမပျံသန်းနိုင်စေရန် ရေဒီယိုလှိုင်းဟန့်တားနှောင့်ယှက်သည့် ကိရိယာ (Anti-Drone Jammer) တည်နေရာများကို ကြိုတင်ရှာဖွေထောက်လှမ်းခြင်း၊ ဖျက်ဆီးနိုင်ခြင်း သို့မဟုတ် ကျော်လွှား နိုင်ခြင်းစသည့် နည်းဗျူဟာများအတွက် ထောက်လှမ်းရေးကိရိယာအဖြစ် အသုံးချနိုင်သည်။
FPV ဒရုန်းများ၏ အားသာချက်မှာ ဒရုန်းကို မြေပြင်နှင့်နီးကပ်စွာ ပျံသန်းနိုင်ခြင်း၊ အဆောက်အအုံများ အကြား သို့မဟုတ် ပြတင်းပေါက်များမှ တဆင့် အဆောက်အအုံအတွင်းထိ ပျံသန်းဝင်ရောက် တိုက်ခိုက်နိုင်ခြင်း၊ သစ်တောများအတွင်း သစ်ပင်များအကြား ပျံသန်းနိုင်ခြင်း၊ ရန်သူ၏ ကတုတ်ကျင်းများ၊ ဘန်ကာများနှင့် ဆက်သွယ်ရေးမြောင်းများအထဲထိ ပျံသန်း တိုက်ခိုက်နိုင်ခြင်း စသည့် ပျံသန်းနိုင်ခြင်းတို့ ဖြစ်သည်။ ဒရုန်းပိုင်းလော့က ထိန်းကျောင်းမောင်းနှင်ပြီး ရန်သူပစ်မှတ်သေချာမှုရှိမရှိ ရွေးချယ်ပြီးမှ ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင်စွမ်း ရှိသည်။
ဖိုက်ဘာကြိုးမျှင် FPV ဒရုန်း၏ အားနည်းချက်မှာ ထိုကြိုးမျှင်၏ အရှည်သည် အနည်းဆုံး ၅ ကီလိုမီတာမှ အများဆုံး ၃၀ ကီလို မီတာအထိသာ ရှည်သဖြင့် သုံးစွဲသည့် ဒရုန်းအမျိုးအစားအပေါ်မူတည်ပြီး အကွာအဝေး ကန့်သတ်ချက်ရှိသည်။ ဒရုန်းတွင် တပ်ဆင်ထားသော ဘက်ထရီ၏ သုံးစွဲနိုင်မှု ကြာချိန်ကလည်း ပျံသန်းချိန်ကို အကန့်အသတ်ဖြစ်စေသည်။ ထို့အပြင် ဒရုန်းနှင့် ဒရုန်းထိန်းချုပ်သည့်ကိရိယာအကြား ဖိုက်ဘာကြိုးမျှင်ဖြင့် ဆက်သွယ်ထိန်းကျောင်းသဖြင့်၊ ဒရုန်းပျံသန်းမည့် လမ်းကြောင်းကို ဂရုတစိုက်ရွေးချယ် ပျံသန်းရသည်။
ထို့အပြင် ဒရုန်းပျက်ကျနိုင်သည့် အန္တရာယ်လည်း ရှိပါသည်။ ဒရုန်းပျံသန်းသော လမ်းကြောင်းတစ်လျှောက် သစ်ပင်၊ အဆောက်အအုံ၊ လျှပ်စစ်မီးကြိုး စသည့်အရာများနှင့် ငြိလွယ်နိုင်ပြီး ကြိုးမျှင်ပြတ်တောက်သွားပါက ဒရုန်းနှင့် ဒရုန်းပိုင်းလော့အကြား အဆက်အသွယ် ချက်ချင်းပြတ်တောက်၍ ပျက်ကျသွားနိုင်သည်။ ဝေဟင်တွင် ဒရုန်းကို ပုံသဏ္ဌာန်အမျိုးမျိုး စောင်း၍ပျံသန်းမိပါက ဒရုန်း၏ ပန်ကာဒလက်နှင့် ဖိုက်ဘာကြိုးမျှင်ထိ၍ ပြတ်တောက်နိုင်သော အန္တရာယ်ရှိသည်။
မည်သို့ပင်ဖြစ်စေကာမူ နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်တပ်၏ တန်ဖိုးကြီးစစ်ရေးပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရန် စိတ်ကူးယဉ်၍ပင်မရသော အခြေအနေရှိခဲ့ရာမှ ယခုအခါ ဒရုန်းများသည် အရေးပါသော ဗျူဟာမြောက်လက်နက်များ ဖြစ်လာလေသည်။



